Healthy Life Ad
Real Life

“လှေမျော လှေနဲ့လိုက် . . .”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)

အလုပ်သင်ဆရာဝန် ဒေါက်တာပီတာက စာရေးသူရဲ့ရုံးခန်းထဲကို ခွင့်တောင်းပြီး ဝင်ရောက်လာပါတယ်။

“ထိုင်ပါ ပီတာ၊ ဘာအကြောင်းလဲ”

“အရေးပေါ်လူနာဌာနက ဒီနေ့မနက် လွှဲပြောင်းပေးလိုက်တဲ့ လူနာတစ်ယောက်ကို ကျွန်တော်ကြည့်ရှု စစ်ဆေးပြီးပါပြီ။ ဒေါက်တာအုန်းနဲ့ တိုင်ပင်ဆွေးနွေးချင်လို့ပါ”

“အိုကေ . . စလို့ရပါပြီ”

“ကင်နက်က အသက် ၃၅ နှစ်အရွယ် အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ပါ။ အထွေထွေစတိုးဆိုင်ကြီးတစ်ခုမှာ စာရင်းကိုင်အရာရှိပါ။ မနေ့ညက အရက်နဲ့ အိပ်ဆေးအလွန်အမင်းသောက်လို့ အရေးပေါ်လူနာဌာနကို ရောက်ရှိလာတယ်။ ဒီနေ့မနက်မှာ ခန္ဓာကိုယ်ရောဂါအခြေအနေ ကောင်းမွန်လာလို့ ကျွန်တော်တို့ ဌာနကို လွှဲပြောင်းပေးလိုက်တာပါ။ ကင်နက်က မိမိကိုယ်မိမိ သတ်သေဖို့ကြိုးစားတာ ဖြစ်တယ်။ အိမ်ပြန်မလွှတ်ခင် စိတ်ကျန်းမာရေး စစ်ဆေးသင့်တယ်လို့ မှတ်ချက်ချထားပါတယ်”

“ပီတာရဲ့ စစ်ဆေးတွေ့ရှိချက်တွေက . .”

“သူကြုံတွေ့နေရတဲ့ ငွေရေးကြေးရေး ပြဿနာကို မဖြေရှင်းနိုင်တော့လို့ ဘဝကို အရှုံးပေးချင်တာပါ”လို့ ကင်နက်က ပြောပါတယ်။

“ဘာကြောင့် ငွေရေးကြေးရေး အဆင်မပြေဖြစ်လာတာလဲ”

“ကင်နက်က လောင်းကစားဝါသနာပါတယ်လို့ ပြောပါတယ်။ ကာစီနိုလောင်းကစားရုံမှာ လောင်းကြေးကြီးကြီးနဲ့ လောင်းကစားတတ်တယ်။ အရှုံးများလာတော့ ရရာနည်းနဲ့ ငွေရှာပါတယ်။ ဘဏ်ချေးငွေနဲ့ အိမ်ဝယ်ထားလို့ လစဉ်ပေးဆပ်ရမယ့် အရစ်ကျပေးချေငွေကို မပေးဘူး။ စာရင်းလိမ်ပြပြီး အလုပ်ထဲကငွေတွေကို အလွဲသုံးစားလုပ်ထားပါတယ်။ အခုတော့ ဘဏ်က အိမ်ကိုပြန်သိမ်းမယ့်သတိပေးစာ ပို့လာပြီ။ စာရင်းလိမ်ပြီး အလွဲသုံးစားထားတာ ပေါ်လာလို့ ကုမ္ပဏီက အလုပ်ဖြုတ်ခံရတော့မလို ဖြစ်နေပြီ။ ဒါကြောင့် အလွန်အမင်း စိတ်ဓာတ်ကျပါတယ်။ “စိတ်ကျလက္ခဏာရှိ-ညှိနှိုင်းနိုင်မှုချို့ယွင်းရောဂါ” (Adjustment Disorder with Depressed Mood) ခံစားနေရတယ်လို့ ကျွန်တော်ယူဆပါတယ်”

“အရေးကြီးတဲ့ အချက်တစ်ခု ရှိသေးတယ်။ အဓိကပြဿနာက “လောင်းကစားစွဲရောဂါ” (Gambling Addiction) ဖြစ်မယ်ထင်တယ်။ ကင်နက်က သဘောတူလား”

“လောင်းကစားတာက အပျော်ဝါသနာပါလို့ လုပ်တာပါ။ လူတိုင်းလိုလို လောင်းကစားမှုတစ်မျိုးမျိုးကို လောင်းကစားတတ်ကြတာပဲ မဟုတ်ဘူးလားလို့ ကင်နက်က ဆင်ခြေတက်တယ် ဒေါက်တာအုန်း”

“လူတိုင်းတော့ မဟုတ်ပါဘူး။ သြစတြေးလျနိုင်ငံမှာ အရွယ်ရောက်သူ ၈၀ ရာခိုင်နှုန်းက တစ်ခါတစ်ရံ လောင်းကစားခြင်း (ဥပမာ-“လိုတို”ထီထိုးတာ၊ မြင်းပွဲလောင်းတာ၊ လောင်းကစားစက်နှိပ်ကစားတာ၊ ဖဲကစားတာ) ပြုလုပ်တတ်ပါတယ်။ ၃၉ ရာခိုင်နှုန်းကတော့ မကြာခဏ လောင်းကစားတတ်တယ်။ ဒါပေမဲ့ လောင်းကြေးနည်းနည်းပါးပါး သုံးစွဲပြီး ကံစမ်းတဲ့သဘောပါ။ “လောင်းကစားစွဲရောဂါ”အမှန်စစ်စစ် ခံစားရသူကတော့ အရွယ်ရောက်သူ ယောကျာ်းတွေထဲမှာ ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိတယ်။ အမျိုးသမီးတွေထဲမှာ ဝ ဒသမ ၈ ရာခိုင်နှုန်းရှိပါတယ်။ တချို့ နိုင်ငံတွေမှာ လောင်းကစားစွဲရောဂါရှိသူ နည်းပါးပြီး တချို့နိုင်ငံတွေမှာ ပိုမိုများပြားတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရရင် လောင်းကစားစွဲရောဂါရှိသူ ဝ ဒသမ ၁ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ရှိပါတယ်။ (WHO2017)”

“ဒီလိုဆိုရင် မကြာခဏ လောင်းကစားအပြုအမူရှိသူနဲ့ လောင်းကစားစွဲရောဂါရှိသူကို ဘယ်လိုခွဲခြား သိရှိနိုင်မလဲ”

“လောင်းကစားစွဲရောဂါရှိသူက ကျွန်တော့်မှာ လောင်းကစားပြဿနာ (Gambling Problem) ရှိတယ်လို့ ဝန်ခံမှာမဟုတ်ဘူး။ ဒီတော့ လောင်းကစားစွဲရောဂါ ရှိနေပြီလို့ ကောက်ချက်ချနိုင်တဲ့ အချက်အလက်တွေကို စုံစမ်းစစ်ဆေးရမယ်”

“ရှင်းပြပါ ဒေါက်တာအုန်း”

“ကင်နက်က လောင်းကစားဝါသနာပါတယ်လို့ ပြောပါတယ်။ ကာစီနိုလောင်းကစားရုံမှာ လောင်းကြေးကြီးကြီးနဲ့ လောင်းကစားတတ်တယ်။ အရှုံးများလာတော့ ရရာနည်းနဲ့ ငွေရှာပါတယ်။ ဘဏ်ချေးငွေနဲ့ အိမ်ဝယ်ထားလို့ လစဉ်ပေးဆပ်ရမယ့် အရစ်ကျပေးချေငွေကို မပေးဘူး။ စာရင်းလိမ်ပြပြီး အလုပ်ထဲကငွေတွေကို အလွဲသုံးစားလုပ်ထားပါတယ်။ အခုတော့” . . .

“(၁) ဖုံးကွယ်လိမ်ညာခြင်း – မိသားစုဝင်နဲ့ အသိမိတ်ဆွေတွေကို လောင်းကစားခြင်းနဲ့ ပတ်သက်ရင် အမှန်အတိုင်း မပြောဘူး။ ဖုံးကွယ်ပြောမယ်၊ လျှော့ပေါ့ပြောမယ်၊ ဆင်ခြေတက်မယ်။(၂) အရှုံးကို ကာမိအောင် ကြိုးစားခြင်း- လှေမျောလှေနဲ့လိုက်၊ ငွေမျောငွေနဲ့လိုက်ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတတ်ကြတယ်။ တစ်ကြိမ်ကြိမ်မှာ အကြီးအကျယ်အနိုင်ရရင် ဆုံးရှုံးထားတာတွေ ပြန်ရမှာပဲလို့ မျှော်မှန်းတယ်။ ဒါကြောင့် ဆတိုးတက်ပြီး လောင်းကြေးတင်တတ်တယ်။ (၃) ချေးငှားတတ်တဲ့အကျင့် ဖြစ်ပေါ်ခြင်း-အကြောင်းအမျိုးမျိုးပြပြီး မိသားစုဝင်၊ မိတ်ဆွေသူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက ငွေချေးမယ်။ ပိုပြီးဆိုးလာရင် တစ်ခါတစ်ရံသာ တွေ့ဆုံဖူးတဲ့ လူစိမ်းသူစိမ်းဆီက လှည့်ပတ်ရယူမယ်။ အဖိုးတန်ပစ္စည်းတွေကို ပေါင်နှံတာရှိမယ်။ (၄) ကြေးကြီးဝိုင်းကိုရှာဖွေကစားခြင်း-အရက်စွဲသူက အရက်အချိန်အတွယ် ပိုမိုသောက်ရမှ လိုအပ်တဲ့ ကျေနပ်မှုကို ရရှိ(Tolerance)ပါတယ်။ လောင်းကစားစွဲရောဂါ ရရှိလာရင် ကြေးကြီးဝိုင်းကို တက်ကစားရမှ စိတ်ဝင်စားမှုရှိတယ်။ စိတ်တက်ကြွလှုပ်ရှားမှု ခံစားရတယ်။ လောင်းကစားငွေတိုးပြီး လောင်းကစားတဲ့ အကျင့်ဖြစ်လာမယ်။ (၅) လောင်းကစားခြင်း အကြောင်းကိုသာ စိတ်ကူးနေခြင်း-မနေ့ကအဖြစ်အပျက် အနိုင်အရှုံးကို ပြန်လည်စားမြုံ့ပြန်တယ်။ နောက်တစ်နေ့မှာ လောင်းကစားဖို့ အစီအစဉ်ဆွဲမယ်။ လောင်းကစားဖို့ ငွေရနိုင်တဲ့နည်းတွေကို ကြံစည်စဉ်းစားနေမယ်။ (၆) အသိခေါက်ခက်အဝင်နက်ခြင်း-လောင်းကစားစွဲရောဂါရှိသူက အရက်စွဲရောဂါရှိသူရှိပဲ။ သူက လောင်းကစားစွဲနေတယ်ဆိုတာကို သိတယ်။ ရပ်တန်းက ရပ်သင့်ပြီဆိုတာလည်း စဉ်းစားမိတယ်။ ဒါပေမဲ့ တခြားသူက ဝေဖန်ရင် လက်မခံချင်ဘူး။ လောင်းကစားမှုကို ရပ်တန့်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ (၇) လောင်းကစားပြတ်လက္ခဏာ (Withdrawal Symptoms) ခံစားရခြင်း-အရက်စွဲရောဂါရှိသူ အရက်ဖြတ်လိုက်ရင် အရက်ပြတ်လက္ခဏာ ခံစားရသလို လောင်းကစားစွဲသူ လောင်းကစားမလုပ်ရရင် စိတ်တိုခြင်း၊ စိတ်တင်းကျပ်ခြင်း၊ ဂနာမငြိမ်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပွားတတ်ပါတယ်။ (၈) လောင်းကစားမှုကို စိတ်ဖြေဆေးအဖြစ် အသုံးပြုခြင်း- စိတ်ဖိစီးမှုခံစားလာရရင် ကစားဝိုင်းမှာထိုင်ပြီး စိတ်ဖြေဖျောက်မယ်။ လူမှုရေး၊ စီးပွားရေးပြဿနာတွေကို ခေတ္တခဏ မေ့ထားဖို့ လောင်းကစားခြင်းနဲ့ အချိန်ဖြုန်းမယ်။ (၉) ရာဇဝတ်မှုကျူးလွန်ခြင်း- ငွေချေးမယ့်လူ ရှာမရနိုင်တော့ ရသလိုခိုးယူတတ်တဲ့အကျင့် ပေါ်လာတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ကလိမ်ကျခြင်း၊ အလွဲသုံးစွဲမှုပြုခြင်း စတဲ့ ဥပဒေ ချိုးဖောက်မှုတွေကို ပြုမူလာတတ်ပါတယ်။ တိုတိုပြောရရင် လောင်းကစားခြင်းကြောင့် အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ စိတ်ကျန်းမာရေးကိစ္စတွေမှာ ထိခိုက်နစ်နာဆုံးရှုံးမှု ရရှိလာတာပေါ့”

ဒေါက်တာပီတာက ကြားဖြတ်ပြီး မှတ်ချက်ချပါတယ်။

“ကင်နက်က အဲဒီအခြေအနေအထိ ရောက်ရှိနေပြီလို့ ဆိုရမှာပေါ့။ တစ်ခါတစ်ရံ ကံစမ်းလောင်းကစားတတ်တဲ့ အလေ့အထကနေပြီး ဘာကြောင့် လောင်းကစားစွဲရောဂါ ရရှိသွားတာလဲ”

“အကြောင်းရင်းအမျိုးမျိုး တိုက်ဆိုင်လို့ ဖြစ်ပွားတာပါ။ (က) လောင်းကစားစွဲရောဂါရှိသူရဲ့ မိဘဆွေမျိုးတွေထဲမှာ စိတ်ကျရောဂါ၊ အရက်စွဲရောဂါ၊ မူးယစ်ဆေးစွဲရောဂါနဲ့ လောင်းကစားစွဲရောဂါ ဖြစ်ပွားနှုန်း ပိုမိုများပြားတာ တွေ့ရှိရတယ်။ ဒါက မျိုးရိုးဗီဇ လွှမ်းမိုးမှုကြောင့်လည်းဖြစ်မယ် ဒါမှမဟုတ် အတုမြင်အတတ်သင်တာလို့လည်း ပြောလို့ရပါတယ်။ (ခ) ဇီဝဗေဒသဘောနဲ့ ပြောရရင်တော့ လောင်းကစားစွဲရောဂါရှိသူရဲ့ ဦးနှောက်ထဲမှာ အရဲစွန့်ပြုမူတတ်တဲ့ သဘာဝ (Risk Taking Behaviour)နဲ့ သက်ဆိုင်တဲ့ ပြောင်းလဲမှုတွေ ရှိပါတယ်။ (ဂ) လောင်းကစားရင် တစ်ခါတစ်ရံ အနိုင်ရတဲ့ အကြိမ်ရှိတယ် မဟုတ်လား။ အဲဒီလိုအနိုင်ရရှိတာက ဆုလာဘ်(Reward)လိုဖြစ်လို့ လောင်းကစားခြင်းအပြုအမူကို ပိုမိုခိုင်မြဲစေပါတယ်။ ဒါက ဆည်းပူးတတ်မြောက်ခြင်းသီအိုရီ A ရဲ့ အယူအဆပါ။ (ဃ) ဘဝင်မြင့်အတ္တစိတ်လွန်ကဲ ကိုယ်ရည်ကိုယ်သွေးလက္ခဏာ (Narcissistic Personality Traits) ရှိသူက လောင်းကစားရောဂါ ဖြစ်ပွားနိုင်ခြေ များပါတယ်”

“ဘာကြောင့်လဲ”

“သူတို့ကိုယ်သူတို့ “ဖိုးကံကောင်း”တစ်ယောက်လို အထင်ကြီးစိတ်၊ ယုံကြည်စိတ်များလွန်းတော့ ကံစမ်းတိုင်း အနိုင်ရမယ်လို့ ယူဆနေမယ်။ ငါထင်တာ မမှားနိုင်ပါဘူးလို့ ယုံကြည်ပြီး စွန့်စွန့်စားစား လောင်းကစားလုပ်ဖို့ ဝန်မလေးဘူးပေါ့။ (င) ခွဲခြမ်းစိတ်ဖြာ စိတ်ပညာအယူအဆတစ်ခုလည်း ရှိသေးတယ်။ လောင်းကစားစွဲရောဂါရှိသူရဲ့ မသိစိတ်ထဲမှာ မိမိကိုယ်မိမိ အပြစ်မြင်စိတ် (Guilt) ရှိနေတယ်။ ဒါကြောင့် ကာယကံရှင် နစ်နာဆုံးရှုံးစေမယ့် အပြုအမူတွေ ဆောင်ရွက်အောင် မသိစိတ်က တွန်းအားပေးနေတယ်။ နင့်အပြစ်အတွက် နင်ဒဏ်ခံဆိုတဲ့သဘောပေါ့”

အလုပ်သင်ဆရာဝန် ပီတာက ခေါင်းရှုပ်သွားတဲ့ အမူအရာနဲ့ မေးမြန်းပါတယ်။

“ဘယ်သီအိုရီတွေကို ယုံကြည်သင့်ပါသလဲ ဒေါက်တာအုန်း”

“ခင်ဗျားစိတ်ထဲမှာ ဘယ်သီအိုရီကိုမှ အယူစွဲစရာ မလိုပါဘူး။ လူနာကို နားလည်ပေးဖို့ပဲ လိုအပ်ပါတယ်။ လောင်းကစားတဲ့ အကျင့်က မကောင်းတာမှန်ပါတယ်။ ဒါပေမဲ့ လောင်းကစားစွဲရောဂါ ရှိသူကို လူဆိုးလူမိုက်ဆိုပြီး ပစ်ပယ်မထားသင့်ဘူး။ လောင်းကစားမှုနဲ့ ပတ်သက်လာရင် သူ့စိတ်ကိုသူ မထိန်းနိုင်သူလို့ နားလည်ထားသင့်တယ်။ စိတ်ရောဂါတစ်မျိုးပါ။ ကံကိုယုံပြီး ဆူးပုံတိုးနေသူပါ”

ပီတာက လက်တွေ့ကျတဲ့ မေးခွန်းကို မေးမြန်းပါတယ်။

“ကင်နက်ကို ဘယ်လိုကုသပေးမလဲ”

“နှစ်ပိုင်းရှိတယ် ပီတာ၊ ပထမပိုင်းက ကင်နက် သူ့ကိုယ်သူ သတ်သေချင်စိတ်မရှိအောင် ကူညီပံ့ပိုးပေးရမယ်။ စိတ်ကျဝေဒနာကို ကုသပေးခြင်း၊ လင်မယားဆက်ဆံရေး အကြံဉာဏ်ပေးကုထုံး၊ မိသားစုအတွင်း ရငွေသုံးငွေ ပြန်လည်ဆန်းစစ် ညှိနှိုင်းခြင်း (Family Budgeting) စသဖြင့်ပေါ့။

ဒုတိယပိုင်းက လောင်းကစားစွဲရောဂါကို ကုသခြင်းပဲ။ သူ့မှာ လောင်းကစားစွဲရောဂါရှိတယ်လို့ ကင်းနက် နားလည်လက်ခံလာအောင်၊ ကုသချင်စိတ်ပေါ်လာအောင် တွေ့ဆုံဆွေးနွေးမယ်။ “စေ့ဆော်မှုအားပေး-လူတွေစစ်ဆေးခြင်း”( Motivational Interview) လို့ခေါ်တယ်။ ကင်းနက် လက်ခံသဘောတူရင် အပြင်လူနာဆေးခန်းမှာ စိတ်ကုထုံးကုနည်းတစ်မျိုးမျိုးနဲ့ ကုသပေးနိုင်တယ်။ နောက်ပြီး “လောင်းကစားသူများအမည်ဝှက်အဖွဲ့” (Gamblers Anonymous) နဲ့ ချိတ်ဆက်ပေးရမယ်”

“ဒီကောင် လောင်းကစားသမားပါကွာဆိုပြီး လျှော့မတွက်နဲ့။ လူဦးရေ ၂၅ သန်းရှိတဲ့ သြစတြေးလျနိုင်ငံမှာ တစ်နှစ်အတွင်း မိမိကိုယ်မိမိ သတ်သေသူ ၂၅၀ဝ ပတ်ဝန်းကျင်ရှိတယ်။ မိမိကိုယ်မိမိ သတ်သေသူ ၄၀ဝ ကျော်က လောင်းကစားရောဂါရှိတယ်လို့ သိရပါတယ်”

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular

Healthy Life Ad
To Top