Healthy Life Ad
Health Tips

၀မ်းလျှောနေချိန် ဘာစားရမလဲ…

ငွေကြယ်စင်ယံ

တချို့အစာတွေက ဝမ်းလျှောနေချိန်မှာ စားလိုက်ရင် ဝမ်းလျှောတဲ့ဝေဒနာကို ပိုဆိုးစေပါတယ်။ တချို့အစာတွေကတော့ ဝမ်းလျှောတဲ့ဝေဒနာကို ပိုမဆိုးစေဘဲ အာဟာရပြည့်ဝကာ ကျန်းမာပြီး အားအင်ပြည့်ဝလာစေပါတယ်။ တစ်ခါတလေ ဝမ်းလျှောတာကို စိတ်ပူဖို့မလိုပါဘူး။ ဝမ်းလျှောတာက အစာမသန့်တာ၊ သင်စားတဲ့အစာနဲ့ မတည့်တာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

စားသင့်သော အစာများ

ဝမ်းလျှောနေချိန် ပထမဆုံး ၂၄ နာရီအတွင်းမှာ ရိုးစင်းတဲ့ အစာတွေကိုပဲ စားသင့်ပါတယ်။ ဥပမာ-ငှက်ပျောသီး၊ ထမင်းဖြူ၊ အာလူးပြုတ်၊ ပေါင်မုန့်၊ ခရက်ကာမုန့်၊ ကြက်ပေါင်း စတာတွေကို စားနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်လို အစာတွေဟာ ဝမ်းလျှောတဲ့ကာလကို တိုတောင်းသွားစေပါတယ်။

ရှောင်သင့်သော အစာများ

ဝမ်းပျက်ဝမ်းလျှောနေချိန်မှာ ဘာကိုစားသင့်တယ်ဆိုတာသိဖို့ အရေးကြီးသလို ဘာကိုမစားသင့်ဘူးဆိုတာကိုလည်း သိထားရပါမယ်။ တချို့အစာတွေက အူလမ်းကြောင်းကနေ အလွန်လျင်မြန်တဲ့နှုန်းနဲ့ ဖြတ်သန်းသွားလာနိုင်တာကြောင့် ဝမ်းလျှောတဲ့ အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။

• အဆီများသော အစာ- ဆီကြော်စာတွေနဲ့ စေးကပ်တဲ့အစာတွေက ဝမ်းပျက်ဝမ်းလျှောတာကို ပိုဆိုးစေနိုင်ပါတယ်။

• နွားနို့၊ ထောပတ်၊ ရေခဲမုန့်နှင့် ဒိန်ခဲ – ဝမ်းလျှောနေချိန်မှာ ဒီအစာတွေနဲ့ ဝေးဝေးမှာနေပါ။ သင်က နို့ထွက်ပစ္စည်းတွေနဲ့ ယာယီဓာတ်မတည့်တာမျိုး ဖြစ်နိုင်တာကြောင့် ရှောင်ခိုင်းတာပါ။ ဒါပေမဲ့ အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်ကတော့ ခြွင်းချက်အနေနဲ့ စားနိုင်ပါတယ်။

• အရက်နှင့် ကဖင်းပါသောအရည်များ – ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အရည်ဓာတ်ဆုံးရှုံးစေနိုင်တဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ အရက်နဲ့ ကဖင်းဓာတ်ဟာ ဆီးသွားစေတဲ့အာနိသင်ရှိတာကြောင့် ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။

• ဆော်ဘီတောနှင့် အခြားအချိုတု – အချိုတုဟာ အစာခြေစနစ်မှာ ဝမ်းလျှောစေတဲ့ အာနိသင်ဖြစ်စေပါတယ်။ သင်က ဝမ်းလျှောနေရင် သကြားမပါတဲ့ ချိုချဉ်၊ ပီကေ၊ အချိုရည်နဲ့သကြားပါတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။

• လေထစေသော အစာများ – သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေကို များများစားလို့ရပေမယ့် လေထစေတဲ့ ဂေါ်ဖီထုပ်၊ ပဲ၊ ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီပွင့်တွေကို ဝမ်းလျှောနေချိန်မှာ ရှောင်သင့်ပါတယ်။

• အရောင်သန်းနေသော အစာ – ရေခဲသေတ္တာထဲမှာ ကြာကြာထည့်ထားတဲ့ အစာ၊ ရေခဲသေတ္တာထဲ မထည့်ထားတဲ့ အစာ စတာတွေကို မစားပါနဲ့။ အနီရောင်အသားနဲ့ ငါးတွေကိုလည်း ရှောင်ပါ။

Tip!

ဝမ်းလျှောတာကြောင့် ဖြစ်တတ်တဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးက ရေဓာတ်ခမ်းခြောက်တာပါ။ ဒါကြောင့် ရေနဲ့ဓာတ်ဆားရည်ကို အလုံအလောက် သောက်ပေးဖို့ လိုပါတယ်။ ဝမ်းလျှောတာက ရက်အနည်းငယ်ထက် ပိုကြာနေရင် ဒါမှမဟုတ် ဝမ်းသွားတာနဲ့အတူ သွေးပါတာ၊ လေထတာ၊ လေပွတာတို့ တွဲဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top