Healthy Life Ad
Health Tips

ဟောက်ခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ဟောက်တယ်ဆိုတာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနဲ့ အာခေါင်ပျော့တွေက ထွက်လာတဲ့ ဆူညံသံပါ။ ဟောက်တာက အမျိုးသားတွေမှာ အဖြစ်များပြီး အထူးသဖြင့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အမျိုးသားတွေနဲ့ ဝတဲ့အမျိုးသားတွေမှာ အဖြစ်များပါတယ်။ လူကြီး ၄၀ ရာခိုင်နှုန်းခန့်ဟာ ဟောက်တတ်ပြီး ဟောက်သံကြောင့် ဟောက်သူနဲ့ အတူအိပ်စက်ရသူတွေအတွက် အလွန်စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် တချို့ဇနီးမောင်နှံတွေဆိုရင် ဟောက်သံကြောင့် အိပ်ခန်းခွဲအိပ်ရတာမျိုးတောင် ရှိတတ်ပါတယ်။

ဟောက်သံဟာ အိပ်ပျော်နေချိန်မှာ နှာခေါင်းနဲ့ပါးစပ်ကနေ ရှူသွင်းလိုက်တဲ့ ဝင်သက်လေတွေဟာ အဆုတ်ထဲမရောက်နိုင်တဲ့ OSA (Obstructive Sleep Apnea) ကြောင့် ဖြစ်တတ်ပါတယ်။ OSA ဖြစ်ရတဲ့ အဓိကအကြောင်းရင်းဟာ ပုံမှန်ထက်ပိုကျဉ်းတဲ့ လည်ချောင်းရှိတာကြောင့်ပါ။ လည်ချောင်းကျဉ်းတာက အစာမျိုချစဉ်နဲ့ အသက်ရှူသွင်းစဉ်တွေမှာ ပြဿနာမဖြစ်စေပါဘူး။ လည်ချောင်းကျဉ်းစေတဲ့ အဓိကအကြောင်းရင်းဟာ ပုံမှန်ထက်ပိုဝတာကြောင့် အထူးသဖြင့် လည်ပင်းမှာ အဆီတွေစုနေတာကြောင့် ဖြစ်တတ်ပါတယ်။ တခြားအကြောင်းရင်းတွေကတော့ လည်ချောင်းသေးတဲ့ မျိုးရိုးရှိတာနဲ့ အသက်ကြီးလာတာတွေကြောင့် ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ လည်ချောင်းက ပိုသေးလာတတ်ပါတယ်။

အရက်သောက်ခြင်းဟာလည်း ပွင့်နေတဲ့လည်ချောင်းကြွက်သားတွေကို အနားရစေပြီး ဟောက်ခြင်းနဲ့ OSA ကို ပိုမိုဆိုးရွားစေပါတယ်။ တချို့သော ဓာတ်မတည့်မှု ပျောက်ဆေးတွေနဲ့ အိပ်ဆေးတွေဟာလည်း ဒီလိုဝေဒနာမျိုးကို ဖြစ်စေနိုင်ပါတယ်။

ကလေးငယ်တွေမှာ ဟောက်သံထွက်ရတာကတော့ အာသီးကြီးခြင်းနဲ့ အဒီးနွိုက်ဂလင်းကြီးခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။

အပေါ်ရှေ့သွားခေါနေခြင်းနဲ့ အောက်မေးရိုး အလွန်သေးငယ်ခြင်းတွေဟာလည်း ဟောက်သံထွက်စေနိုင်ပါတယ်။

အလွန်ရှည်လျားတဲ့ အာခေါင်ပျော့ဟာ သူနဲ့လည်ချောင်းနောက်ကြားက နေရာကွပ်လပ်ကို ကျဉ်းစေနိုင်တာကြောင့် ဟောက်သံထွက်စေနိုင်ပါတယ်။

နှာခေါင်းကနေ လေဝင်လေထွက် မကောင်းတာကြောင့်လည်း အိပ်ရင်းအသက်ရှူသွင်းချိန်မှာ ဟောက်သံကို ထွက်စေနိုင်ပါတယ်။ ဒါကြောင့် လူတွေအအေးမိရောဂါ ရနေချိန်မှာ ပိုပြီးဟောက်နိုင်ခြေ များတာပါ။

အဝလွန်ခြင်းကြောင့် အဆီတစ်သျှူးတွေဖြစ်စေပြီး အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းကို ဖိထားရာက ဟောက်တတ်ပါတယ်။

အိပ်စက်ရင်း ကျယ်လောင်တဲ့ ဟောက်သံထွက်ရတာဟာ အိပ်စက်ချိန်မှာ အသက်မရှူတဲ့ကြာချိန် ရှည်လျားတာကြောင့် ဖြစ်တတ်ပြီး နောက်ဆက်တွဲအနေနဲ့ နေ့ခင်းဘက်မှာ အိပ်ငိုက်တတ်ပါတယ်။

OSA ကြောင့် အိပ်ငိုက်ကာ အလုပ်ထဲမှာ အမှားအယွင်းတွေ ရှိတာမျိုး၊ ယာဉ်မတော်တဆ ထိခိုက်တာမျိုးတွေ ရှိလာတတ်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းအား မကောင်းတာ၊ စိတ်ဓာတ်ကျလွယ်တာ၊ သွေးတိုးတာတို့ ဖြစ်လွယ်ပြီး ရင်ဘတ်အောင့်ခြင်း၊ နှလုံးရောဂါအမောဖောက်ခြင်းနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေတွေ မြင့်တက်လာတတ်ပါတယ်။

ဟောက်ခြင်းသက်သာအောင် လိုက်နာရန်

• အစားအသောက်လျှော့ချခြင်း အထူးသဖြင့် အဆီ၊ အချိုနဲ့ အယ်လ်ကိုဟောတို့ကို တတ်နိုင်သမျှ မစားသောက်ဘဲ နေခြင်းဖြင့် ကိုယ်အလေးချိန်ကို လျှော့ချပါ။

• လေ့ကျင့်ခန်းလုပ်ပါ။ တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ်ခန့်နဲ့ တစ်ကြိမ်မှာ မိနစ် ၂၀ကြာ လေ့ကျင့်ခန်းလုပ်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

• အိပ်ရာမဝင်မီ အချိန်သုံးနာရီအတောအတွင်း လုံးဝအရက်မသောက်ပါနဲ့။

• အိပ်ရာမဝင်ခင်မှာ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ ဓာတ်မတည့်မှု ပျောက်ဆေးတွေကို လုံးဝမသောက်ပါနဲ့။

• အိပ်တဲ့အခါ ဘေးတစောင်းအိပ်ပါ။ ဒါမှမဟုတ် ဦးခေါင်းကိုမြှင့်ပြီး အိပ်ပါ။

Most Popular

Healthy Life Ad
To Top