Healthy Life Ad
Health Tips

ယောဂကျင့်သူတို့အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များ

စူး(ဆေးဝါးတက္ကသိုလ်)

ကိုယ်တွင်းရောင်ရမ်းမှုဖြစ်ရင် အဆစ်နာကျင်ကိုက်ခဲတာ၊ နှာခေါင်းပိတ်တာ၊ ပန်းနာရင်ကျပ်ရောဂါ၊ ရူမတွိုက်အဆစ်ရောင်နာနဲ့ အစာခြေလမ်းကြောင်း ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ယောဂကျင့်တာကြောင့် ကိုယ်တွင်းရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် ယောဂကျင့်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်ပေးရင် ကိုယ်တွင်းရောင်ရမ်းမှုကို သိသိသာသာ လျော့နည်းစေပါတယ်။

(၁) အသက်ရှူရ အဆင်ပြေစေရန် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ စားပါ

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေက ကိုယ်တွင်းအက်စစ်ဓာတ်တွေကို ဖယ်ရှားနိုင်ပြီး အသက်ရှူလမ်းကြောင်းကိုလည်း ကျန်းမာစေပါတယ်။ ဟင်းသီးဟင်းရွက်ထဲက ကလိုရိုဖီးလ်ဓာတ်တွေဟာ သွေးနီဥအထွက်တိုးစေပြီး ဆဲလ်တွေကနေ အောက်ဆီဂျင်ကို ပိုမိုလက်ခံနိုင်တဲ့အတွက် အသက်ဝ၀ ရှူရှိုက်နိုင်စေပါတယ်။ သစ်သီးတွေကို မွှေစက်ထဲထည့်ပြီး ဖျော်ရည်ဖျော်သောက်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အယ်လ်ကာလိုင်းဖြစ်အောင် ကူညီနိုင်ပါတယ်။

(၂) ကိုယ်နေဟန်ထား ပျော့ပျောင်းစေရန်အတွက် အိုမီဂါ ၃ ဖက်တီးအက်စစ်ပါသော အစာများစားပါ

ယောဂကျင့်တဲ့အခါ စိတ်နဲ့ခန္ဓာ ပျော့ပျောင်းသန်စွမ်းစေဖို့အတွက် ဆဲလ်တွေဟာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပမာဏ များများလိုအပ်ပါတယ်။ စားလိုက်တဲ့ အိုမီဂါ ၃ အဆီက ဆဲလ်အမြှေးပါး အစိတ်အပိုင်း ဖြစ်လာပြီး ကိုယ်နေဟန် ပျော့ပျောင်းသန်စွမ်းကာ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ အစာတွေက အခွံမာသီးနဲ့ အစေ့အဆန်တွေ ဖြစ်ပါတယ်။ အခွံမာသီးနဲ့ အစေ့အဆန်တွေကို တစ်ကြိမ်မှာ လက်တစ်ဆုပ်စာ ပမာဏကိုပဲ စားသင့်ပါတယ်။

(၃) ကြွက်သားလုပ်ငန်းဆောင်တာ ကောင်းမွန်စေရန်အတွက် အုန်းရေသောက်ပါ

ချွေးထွက်တာက ယောဂကျင့်စဉ်အတွင်း အဆိပ်အတောက်တွေ ကင်းစေရုံသာမက ဓာတ်ဆားတွေပါ ထွက်ရှိသွားစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားတွေ ဟန်ချက်ညီမျှမှသာ ကြွက်သားလုပ်ငန်းဆောင်တာတွေ ကောင်းမွန်မှာ ဖြစ်ပါတယ်။ ကိုယ်တွင်းဓာတ်ဆား ညီမျှစေဖို့ အုန်းရေ၊ ငှက်ပျောသီး၊ ထောပတ်သီး၊ တရုတ်နံနံပင်၊ သခွားသီး၊ ပင်လယ်ရေညှိနဲ့ ကိုက်လန်တို့ကို စားပေးပါ။ ယောဂကျင့်ရင်း ချွေးထွက်များတတ်သူဖြစ်ရင် သင်တန်းကို အုန်းရေယူဆောင်ကာ သောက်ပေးပါ။

(၄) အသက်ပြင်းပြင်း ရှူနိုင်ရန် ဗီတာမင်အေပါသော အစာများစားပါ

ဗီတာမင်အေက အူနဲ့အဆုတ်တစ်လျှောက် အမြှေးပါးတွေကို အားအင်ပြည့်ဝစေကာ အသက်ပြင်းပြင်း ရှူရှိုက်နိုင်စေပါတယ်။ ကန်စွန်းဥ၊ မုန်လာဥနီ၊ ကိုက်လန် စတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အင်တီအောက်ဆီးဒင့် ဗီတာမင် အေ အများအပြား ပါဝင်ပါတယ်။

(၅) ကျင့်စဉ်တိုင်းလွယ်ကူစေရန် အခြားအင်တီအောက်ဆီးဒင့်များ မှီဝဲပါ

ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဆီလီနီယမ်နဲ့ ဇင့်(သွပ်) တို့လို အင်တီအောက်ဆီးဒင့်တွေက ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်ကြောင့် မထိခိုက်အောင် ကာကွယ်ပြီး ရောင်ရမ်းမှုကို တွန်းလှန်နိုင်စွမ်း ရှိပါတယ်။ အစာကို ကောင်းကောင်းချေဖျက်နိုင်ပြီး အာဟာရစုပ်ယူမှု ကောင်းစေပါတယ်။ ကီဝီသီး၊ သံပရိုသီး၊ ဂရိတ်ဖရုသီးတို့လို ဗီတာမင် စီပါတဲ့အစာ၊ ဗာဒံစေ့လို ဗီတာမင်အီးပါတဲ့အစာ၊ သခွားသီး၊ ရွှေဖရုံစေ့တို့လို ဇင့်ပါတဲ့အစာနဲ့ ဘရာဇီးသစ်စေ့လို ဆီလီနီယမ်ပါတဲ့ အစာတို့ကို စားပေးပါ။

Most Popular

Healthy Life Ad
To Top