Healthy Life Ad
Q & A

ဦးနှောက်ကျုံ့တာ ဘာကြောင့်ပါလဲ..

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ကျွန်မ၏ ဘွားဘွားသည် အသက်(၉၂)နှစ် ရှိပါပြီ။ သူ့တွင် သွေးတိုးရောဂါနှင့် ခြေထောက်တစ်ဖက် သွေးကြောပိတ်ရောဂါ ရှိပါသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ခြေထောက်တစ်ဖက် သွေးကြောပိတ်မှုကြောင့် ဆေးရုံတက်ကုသခဲ့ရပါသည်။ Warfarin သွေးကျဲဆေးကို တစ်နှစ်လောက် သောက်သုံးခဲ့ရပါသည်။ ခြေထောက်တစ်ဖက်ရောင်ပြီး သွေးကြောပိတ်ခြင်း မရှိတော့ပါ။ ဒါပေမဲ့ (၃၀.၃.၂၀၁၉) သောကြာနေ့ညနေ (၆)နာရီလောက်တွင် သွေးပေါင်ချိန် (၁၅၀/၈၀)ဖြစ်သွားပြီး ဘယ်ဘက်(ပါးစပ်၊ လက်၊ ခြေထောက်တို့ ရုတ်တရက် လေဖြတ်သွားသောကြောင့် ဆေးရုံတက် ကုသနေရပါသည်။ ခေါင်းကို(CT Scan) ရိုက်သောအခါ ဦးနှောက်ကျုံ့သွားပြီး လေတို့ရေတို့ ဝင်ခိုသွားပြီး လေဖြတ်သွားတယ်လို့ သိရပါသည်။ သိလိုသောအချက်မှာ ဦးနှောက်ကျုံ့လို့ လေဖြတ်သွားတာလား။ လေဖြတ်လို့ ကျုံ့သွားတာလား ဆက်စပ်မှုရှိပါလား။ ဦးနှောက်ကျုံ့ခြင်းသည် ပြန်ကောင်းလာနိုင်ချေ ရှိပါလား။ ဦးနှောက်ကျုံ့ပြီး ဘယ်ဘက်တစ်ခြမ်း လေဖြတ်မှုသည် အသက်အရွယ်ကြောင့် ပြန်ကောင်းလာနိုင်မှု ရှိပါလား။

Sura Nick(FB)

A. ဦးနှောက်ကျုံ့တာကို (Cerebral Atrophy)လို့ ခေါ်ပါတယ်။ အသက်ကြီးလို့ ကျုံ့တာပါ။ ဦးနှောက်ကျုံ့တာက လေဖြတ်တာ၊ သွေးတိုးတာတွေနဲ့ မဆိုင်ပါဘူး။ အသက်အရွယ် ကြီးရင့်လာတဲ့အခါမှာ ဦးနှောက်ထဲက နျူရွန်ဆဲလ်တွေ တဖြည်းဖြည်း သေသွားတဲ့အခါ ဦးနှောက်ကျုံ့တတ်ပါတယ်။ သွေးတိုးတာက ဦးနှောက်သွေးကြောကျဉ်းတယ်၊ ပိတ်တယ်ဆိုရင် လေဖြတ်တာနဲ့ တွဲဖြစ်တတ်ပါတယ်။ ခြေထောက်ရောင်တာကတော့ သွေးပြန်ကြောနံရံတွေမှာ ရောဂါရှိတာနဲ့ ဆက်စပ်တတ်ပါတယ်။ သွေးဖိအား ၁၅၀/၈၀နဲ့ ကိုယ်တစ်ခြမ်း အားနည်းသွားတာက ဦးနှောက်ကိုသွားတဲ့ သွေးလျှောက်တာ ကောင်းကောင်းမရောက်လို့ ဖြစ်ရတာပါ။ ခြေထောက်သွေးပြန်ကြော ရောင်တာကတော့ တစ်ခါဖြစ်ဖူးရင် နောက်ပိုင်းဆက်ဖြစ်တတ်တဲ့အတွက် လိုအပ်တဲ့ ဆေးကုသမှုတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆက်လက်ခံယူဖို့ လိုပါတယ်။

စီတီအဖြေမှာ ဦးနှောက်ကျုံ့တာက အသက်ကြီးလို့ဖြစ်တာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top