Healthy Life Ad
Q & A

ဇက်ကြောတက်ပြီး နေလို့မကောင်း . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. သမီးက အသက် ၁၈ နှစ်ပြည့်စပါ။ အမြဲဇက်ကြောတက်တတ်လို့ နေရတာမသက်သာဘူး။ စိတ်ထဲမှာ အဲ့ဒါကြီးကို ရောဂါတစ်ခုစွဲနေသလို ခံစားရတယ်။ အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေပေမယ့် အလုပ်ခွင်ထဲမှာ အဲလိုခံစားနေရပုံနဲ့ အဆင်ပြေပါ့မလား တွေးပူနေရတယ်။ သွေးပေါင်လည်းကျတယ်။ ရင်တုန်တာတွေ အလိုလိုနေရင်း အသားတွေတုန်တာတွေ ဖြစ်တတ်တယ်။ အခု သမီးစိတ်ပျက်သလို ခံစားနေရလို့ပါ။
Nann Thuzar Kyaw (FB)

A. ဇက်ကြောတက်တဲ့အကြောင်း အရင်ပြောရမယ်ဆိုရင် လည်ပင်းကြွက်သားတွေ အနေအထားမမှန်တာကြောင့် ဖြစ်တတ်ပါတယ်။ လည်ပင်းက ပုံမှန်အတိုင်း တည့်တည့်မနေဘဲ ငုံ့ပြီးအလုပ်လုပ်တာများတယ်ဆိုရင် ဇက်ကြောတက်နိုင်ခြေ များတတ်ပါတယ်။ နောက်တစ်ခုက မျက်စိကို အသုံးပြုတာများရင်လည်း မျက်စိအာရုံစူးစိုက်မှုများရာကနေ ဇက်ကြောတက်နိုင်ခြေ များတတ်ပါတယ်။ ကိုယ်ထိုင်တဲ့နေရာမှာ အဲကွန်းလေ၊ ပန်ကာလေ တည့်တည့်လာရင် အအေးမိပြီး ဇက်ကြောတက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အတွေ့ရအများဆုံးကတော့ လည်ပင်းအနေအထားမမှန်လို့ ဇက်ကြောတက်တာပါပဲ။ ဒီလိုဖြစ်ရင် မျက်စိကိုစစ်ဆေးဖို့ လိုပါတယ်။ အထူးသဖြင့် မျက်စိအာရုံစိုက်လုပ်ရတဲ့ အလုပ်တွေ (ဥပမာ-ဖုန်းအသုံးများတာ၊ ကွန်ပျူတာအသုံးများတာ) လုပ်ရရင် မျက်စိကို မကြာခဏ အနားပေးဖို့ လိုပါတယ်။ လည်ပင်းကို အနေအထားမှန်မှန်ထားပေးပြီး လည်ပင်းလေ့ကျင့်ခန်းတွေကိုလည်း လုပ်ပေးသင့်ပါတယ်။ အသက်က ငယ်သေးတဲ့အတွက် အခြေခံရောဂါတစ်ခုခုကြောင့် ဇက်ကြောတက်တာထက်စာရင် အနေအထားမမှန်တာကြောင့် ဇက်ကြောတက်တယ်လို့ပဲ ယူဆပါတယ်။

သွေးပေါင်ကျတာနဲ့ ရင်တုန်တာက ဆက်စပ်မှုရှိပါတယ်။ သွေးပေါင်ကျစေတဲ့ အကြောင်းတရား တွေရှိပါတယ်။ အဲဒါကတော့ အားနည်းတာ၊ ချွေးထွက်များပြီး ရေသောက်နည်းတာ၊ အိပ်ရေးပျက်တာ၊ အစားအသောက်မမှန်တာ . .ဒီလိုအခြေအနေတွေမှာ သွေးပေါင်ကျတတ်ပါတယ်။ အဲဒီအခါ ရင်တုန်တာလေးတွေ တွဲဖက်ခံစားရတတ်ပါတယ်။ သွေးအားနည်းတာကတော့ အမျိုးသမီးတွေမှာ လစဉ်သွေးပေါ်တာရှိတယ်။ သံဓာတ်ပါတဲ့ အားဆေးတွေကို ပြန်ပြီးမသောက်မိဘူးဆိုရင် သွေးအားနည်းတတ်ပါတယ်။ ဒီအခါမှာလည်း ရင်တုန်တာနဲ့ အမောမခံနိုင်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ပတ်-နှစ်ပတ်လောက်မှာ သက်သာမှုမရှိရင် ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top