Healthy Life Ad
Health Tips

လည်ကုပ်ပေါ် ရေခဲတုံးတင်တဲ့အခါ ဘာဖြစ်လာမှာလဲ . . .

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

အပ်စိုက်ကုထုံးနဲ့ ရေခဲကုထုံးက ဟိုးအရင် ဆယ်စုနှစ်များစွာကတည်းက အသုံးပြုခဲ့ပြီးဖြစ်သလို အမျိုးမျိုးသော အခြေအနေတွေမှာ သက်သာရာ ရစေနိုင်ပါတယ်။ အခုဖော်ပြမယ့် ရေခဲကုထုံးကတော့ ဖန်ဖူအမှတ်နေရာမှာ ရေခဲတင်ပြီး ကုသပေးတဲ့နည်း ဖြစ်ပါတယ်။

ရေခဲတုံးကို ဖန်ဖူအမှတ်နေရာမှာ ဘယ်လိုတင်ရမလဲ

မှောက်လျက်လှဲလျောင်းပြီး သက်သောင့်သက်သာနေထိုင်ပါ။ လည်ကုပ်နေရာမှာ ရေခဲတုံးတစ်ခုတင်ပြီး အချိန် ၁၅-၂၀ မိနစ်ကြာ ထားပေးပါ။ အဲဒီထက် အချိန်ပိုမကြာသင့်ပါဘူး။ ရေခဲတင်ထားချိန်မှာ စိတ်ကိုအနားပေးဖြေလျှော့ထားပါ။ ဒါကို တစ်နေ့နှစ်ကြိမ်လုပ်နိုင်တယ်လို့ အပ်စိုက်ကုထုံးပညာရှင်တွေက ဆိုပါတယ်။ ဒါမှမဟုတ် ရေခဲတုံးကို ပဝါ၊ ပိတ်စနဲ့ ထုပ်ပြီးလည်း တင်လို့ရပါတယ်။ ဒီနည်းမသုံးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့လည်း မမေ့ပါနဲ့။

လည်ကုပ်မှာ ရေခဲတင်တဲ့အခါ ဘာဖြစ်လာမှာလဲ

ဖန်ဖူအမှတ်နဲ့ ရေခဲကုထုံးပေါင်းစပ်ကုတာက တစ်ကိုယ်လုံးကို အားအင်ပြည့်ဝလန်းဆန်းစေတယ်လို့ တရုတ်ရိုးရာဆေးပညာအရ သိရပါတယ်။ ရေခဲတုံးနဲ့ အဲဒီအမှတ်ကို လှုံ့ဆော်ပေးတာကြောင့် စွမ်းအင်ပိုရှိပြီး ပိုကျန်းမာစေတယ်လို့ ဆိုပါတယ်။ တကယ်အံ့သြစရာပါပဲ။

ခေါင်းကိုက်ခြင်းနဲ့ နာကျင်ခြင်းဝေဒနာကို သက်သာစေနိုင်ပါတယ်

ဖန်ဖူအမှတ်က ခေါင်းကိုက်တာ၊ စွမ်းအင်နည်းတာ၊ မူးဝေတာတို့ကို အနာကျက်စေတဲ့အစွမ်းနဲ့ ဆက်နွှယ်မှုရှိပါတယ်။ ဒါကြောင့် အဲဒီအမှတ်နေရာမှာ ဖိအားပေးတာ၊ အပူ ဒါမှမဟုတ် ရေခဲကုထုံးပေးတာက စွမ်းအင်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ထွက်လာတဲ့စွမ်းအင်က ခေါင်းကိုက်တာကို သက်သာစေတာပါ။

ရာသီအကြိုဝေဒနာကို လျော့ကျစေနိုင်ပါတယ်

ရှေးရှေးကတည်းက ဦးခေါင်းခွံအခြေနဲ့ ရာသီအကြိုဝေဒနာအကြား ဆက်သွယ်ချက်တစ်ခုရှိတယ်လို့ အပ်စိုက်ကုထုံးပညာရှင်တွေက ဆိုပါတယ်။ ရေခဲတုံးကို ဖန်ဖူအမှတ်နေရာမှာ တင်ထားတဲ့အခါ ရာသီအကြိုဝေဒနာတွေဖြစ်တဲ့ ဗိုက်နာခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်းစတဲ့ ဝေဒနာတွေ လျော့ပါးသက်သာ စေပါတယ်။ ဒီအမှတ်က ခန္ဓာကိုယ်ရဲ့ ရာသီစက်ဝန်းနဲ့ တိုက်ရိုက်ဆက်သွယ်ချက်ရှိတာကြောင့် ပုံမှန်ဖြစ်အောင် လှုံ့ဆော်ပေးတာပါ။

အိပ်စက်မှုအရည်အသွေးကို ကောင်းမွန်စေနိုင်ပါတယ်

ဖန်ဖူအမှတ်ကို လှုံ့ဆော်တာက အိပ်စက်မှုအရည်အသွေး မြင့်တက်စေပါတယ်။ ဒါကြောင့် ဖန်ဖူအမှတ်မှာ ရေခဲတုံးတင်ပေးတာဟာ အိပ်ရေးဝ၀ အိပ်မောကျစေပြီး ညဉ့်လယ်မှာ လန့်နိုးတာမျိုး မဖြစ်စေပါဘူး။

စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်

ဖန်ဖူအမှတ်ကို ဖိအားပေးတာက စိတ်ဓာတ်ကျတာနဲ့ စိတ်ဖိစီးမှုများတာတို့လို စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို သက်သာလျော့ပါးစေပါတယ်။ ဒီအမှတ်ကို လှုံ့ဆော်ပြီးနောက် စိတ်ဖိစီးမှုနဲ့ ပူပင်သောကတို့ လျော့နည်းလာပါတယ်။ ဒါပေမဲ့ စိတ်ရောဂါဝေဒနာတွေကို မကုသနိုင်ပါဘူး။

အစာမကြေဝေဒနာကို သက်သာစေပါတယ်

ဒီအမှတ်က အစာမျိုချတာနဲ့ တံတွေးထွက်တာတို့လို ကိုယ်တွင်းအရေးပါတဲ့ ဖြစ်စဉ်တွေကို ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ဖန်ဖူအမှတ်နေရာမှာ ရေခဲတုံးနဲ့ ဖိအားပေးတာကြောင့် အစာကို ကောင်းကောင်းကြေညက်စေပါတယ်။ ဒါ့အပြင် ဗိုက်အောင့်တာ၊ရောင်ရမ်းတာနဲ့ လေပွတာတို့ သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top