Healthy Life Ad
Health Tips

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေဖို့ စိတ်ခွန်အားပေးရအောင်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အခက်အခဲတွေ၊ ဖိအားတွေ၊ အရှုံးတွေ ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတွေက တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကျော်လွှားတတ်ကြပါတယ်။ အဲဒီလို ယုံကြည်မှုရှိတာက စိတ်ခွန်အားကြောင့်ဖြစ်တာကြောင့် စိတ်ခွန်အားရှိနေဖို့ ဘယ်လိုနေထိုင်သင့်သလဲဆိုတာ လေ့လာကြည့်ရအောင်။

မတ်မတ်ရပ်ပါ၊ မတ်မတ်ထိုင်ပါ

ဦးနှောက်က သင်ဘယ်လို ခံစားနေရသလဲဆိုတာ သိစေဖို့ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့အစိတ်အပိုင်းကို အဆက်မပြတ် စစ်ဆေးနေပါတယ်။ သင့်ကိုယ်ဟန်က မတ်နေရင် သင့်ဦးနှောက်ဆီကို ပို့တဲ့သတင်းအချက်အလက်က စိတ်ခံစားမှု ကောင်းမွန်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

လေးစားစရာကောင်းသော မိမိအရည်အချင်းကို အသိအမှတ်ပြုပါ

စိတ်ဓာတ်ကျစရာ အခြေအနေမျိုးကြုံတိုင်း မိမိရဲ့လေးစားစရာကောင်းတဲ့ အရည်အချင်းကို ရှာဖွေဆန်းစစ်သင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်စေတဲ့အရာကို တွေ့ရတဲ့အခါ ဦးနှောက်ရဲ့ ဆုလာဘ်စနစ်ကို လှုံ့ဆော်ပေးစေတဲ့အပြင် စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ အရာရာကို ရင်ဆိုင်ရဲတဲ့ သတ္တိလည်း ရှိသွားပါတယ်။

ယုံကြည်မှုရှိရှိ ပျော်ရွှင်စွာနေပါ

သင်ကပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုရင် တခြားသူတွေအမြင်မှာလည်း သင်ကကြည့်ကောင်းနေပါလိမ့်မယ်။

တောက်ပစွာ ပြုံးပါ

ပြုံးနေတဲ့မျက်နှာက အရယ်အပြုံးမရှိတဲ့ မျက်နှာထက် ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ အပြုံးပန်းတစ်ပွင့်က မျက်လုံးနဲ့ နှုတ်ခမ်းတစ်ဝိုက် ကြွက်သားတွေကို မြှင့်တင်ပေးနိုင်တဲ့အတွက် ပိုမိုနုပျိုကြည့်ကောင်းတဲ့ အသွင်အပြင်ကို ရရှိစေပါတယ်။ အပြုံးကြောင့် မျက်နှာကြွက်သားတွေကို ဆွဲဆန့်ပေးတဲ့အတွက် စိတ်ခံစားချက်ကို ချက်ချင်း ကောင်းမွန်သွားစေပါတယ်။

အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ပါ

အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်တာကြောင့် မျက်နှာ၊ လည်ချောင်းနဲ့ ပခုံးကြွက်သားတွေရဲ့ တင်းအားကို ပြေလျော့စေပါတယ်။ ဒါကြောင့် အသက်ဝ၀ရှူသွင်းပြီးတိုင်း သင့်တစ်ကိုယ်လုံး တင်းအားပိုမိုပြေလျော့တာကို သတိထားမိပါလိမ့်မယ်။

ကျေးဇူးတင်စကား ဆိုပါ

သင့်အသွင်အပြင်နဲ့ပတ်သက်ပြီး လှပကြောင်း ချီးကျူးစကားပြောတဲ့အခါ ကျေးဇူးတင်စကား ဆိုပါ။ ကျေးဇူးတင်စကားဆိုတဲ့အတွက် သင့်အနေနဲ့ စိတ်ခံစားချက် ပိုမိုကောင်းမွန်လာပြီး ပိုမိုပျော်ရွှင်ကာ စိတ်ကြည်နူးမှု ရရှိစေပါတယ်။

ကိုယ့်ကိုယ်ကိုယ်လှပကြောင်း အသိအမှတ်ပြုပါ

ကိုယ့်ကိုယ်ကိုယ် လှပတယ်ဆိုတာကို ယုံကြည်မှုမရှိတဲ့သူတွေက အလှမှေးမှိန်တတ်ပါတယ်။ မနက်ခင်းအလှပြင်ပြီးချိန်မှာ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လှတယ်လို့ တစ်မိနစ်လောက် တွေးတောလိုက်ပါ။

စိတ်ကြည်နူးစရာများကို တွေးတောပါ

အပြင်ပန်းလှပဖို့ စိတ်ထဲကလည်း တကယ်ကြည်နူးနေဖို့ လိုပါတယ်။ စိတ်မသက်မသာ ဖြစ်နေချိန်နဲ့ ဒေါသထွက်နေချိန်မှာ လူတိုင်းကြည့်ရဆိုးနေတတ်ပါတယ်။ ဒါကြောင့် လူတွေအပေါ် ရိုင်းစိုင်းတဲ့စိတ်မထားဘဲ ကြည်နူးမှုနဲ့ ပေါင်းသင်းဆက်ဆံတာကြောင့် ပိုမိုကြည့်ကောင်းစေပါတယ်။

ခင်မင်ရင်နှီးသူတိုင်းအား နှုတ်ခွန်းဆက်စကားဆိုပါ

သင့်အနေနဲ့ အလွန်ခင်မင်ရင်းနှီးတဲ့ သူတွေကို နှုတ်ခွန်းဆက်စကားဆိုပါ။ ခင်မင်တဲ့သူတွေကို နှုတ်ခွန်းဆက်စကားဆိုဖို့ မရှက်ပါနဲ့။ လူတိုင်းက သင့်ကို ကောင်းမွန်ပြီး ယုံကြည်မှုရှိတဲ့သူအဖြစ် အသိအမှတ်ပြုပါလိမ့်မယ်။

စကားစမြည် ပြောဆိုပါ

တစ်ယောက်တည်း သီးခြားဖြစ်မနေဘဲ တခြားသူတွေနဲ့ စကားစမြည်ပြောတဲ့သူတွေက ပိုပြီး လှပကြည့်ကောင်းတတ်ပါတယ်။ သူတို့ဝါသနာတွေ၊ ကြိုက်တဲ့သီချင်းတွေနဲ့ မိသားစုအကြောင်း မေးမြန်းနားထောင်ပါ။ ဒါက သင့်ကိုယ်ရည်ကိုယ်သွေးကို တောက်ပစေပါတယ်။

မိတ်ဆွေသူငယ်ချင်းများနှင့် မကြာခဏ တွေ့ဆုံပါ

မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးပြီး အတူချိန်းဆိုကာ တွေ့ဆုံစကားပြောပေးပါ။ သူတို့နဲ့အတူ စေတနာ့ဝန်ထမ်းလုပ်တာက သင့်ကို ပိုမိုယုံကြည်မှုရှိလာစေပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

လေ့ကျင့်ခန်းလုပ်ချိန်၊ အစာစားချိန်၊ အိပ်ချိန် စသဖြင့် သတ်မှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်ပါတယ်။ အစာစားတဲ့အခါ သစ်သီးဝလံ များများစားတာကြောင့် စွမ်းအင်ပိုမိုရရှိစေပြီး ကိုယ်အလေးချိန်ကို သွယ်လျလှပစေပါတယ်။

ဝါသနာပါရာ အားကစားလုပ်ဆောင်ပါ

သင်သဘောကျတဲ့ အားကစားကို လုပ်ဆောင်တာက မိတ်ဆွေအသစ်တိုးစေတဲ့အပြင် မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပါတယ်။

ဆံပင်ကို ဂရုစိုက်ပါ

မျက်နှာတစ်ခုလုံးကို ပုံဖော်ပေးနေတဲ့ ဆံပင်သားကျန်းမာလှပရေးကို အထူးဂရုစိုက်ပါ။ ဆံပင်အရောင်နဲ့ စတိုင်တွေက သင်နဲ့လိုက်ဖက်ကာ သပ်ရပ်ကြည့်ကောင်းနေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အသွင်ထင်ဟပ်စေပါတယ်။

လက်နှင့် လက်သည်းအလှ ထိန်းသိမ်းပါ

လက်နဲ့ လက်သည်းတွေကို အစိုဓာတ်ထိန်းခရင်မ် ပုံမှန်လိမ်းပေးပါ။ လက်သည်းကို နှစ်ပတ်တစ်ခါ ပြုပြင်ကာ လက်သည်းဆိုးဆေးဆိုးပါ။

အဝတ်အစားနှင့် အဆင်တန်ဆာကို တွဲဖက်ဝတ်ဆင်ပါ

သင့်ကို ကြည့်ကောင်းစေတဲ့ အဝတ်အစားကိုပဲ ဝတ်ပါ။ ဘယ်လောက်ပဲ ခေတ်မီတဲ့ ဝတ်စုံဖြစ်ပါစေ၊ သင်နဲ့ လိုက်ဖက်မှုမရှိရင် မဝတ်ပါနဲ့။

သက်သောင့်သက်သာ ဝတ်ဆင်ပါ

ခန္ဓာကိုယ်ရဲ့ မသက်မသာ ဝေဒနာတွေ ပြေလျော့စေဖို့အတွက် တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေကို ရှောင်ပါ။ တကယ်လို့ အရင်ကဝတ်ခဲ့တဲ့ အရွယ်အစားသေးတဲ့ အဝတ်အစားကို ဝတ်ဆင်မယ်ဆိုရင် ကျပ်လွန်းတာကြောင့် ဦးနှောက်ဆီကို တင်းကျပ်တဲ့စိတ်ခံစားမှုကို အဆက်မပြတ်ပေးပို့ကာ စိတ်ကျဉ်းကျပ်နေပါလိမ့်မယ်။ ဒီလိုဝတ်တာကြောင့် သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကို ပိုမိုသိသာစေပြီး ကြည့်မကောင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အတွက် သက်သောင့်သက်သာရှိစေမယ့် အဝတ်အစားကိုပဲ ဝတ်ပါ။

အသားအရေ ထိန်းသိမ်းပါ

မျက်နှာပေါ်က အဖုအပိမ့်တွေကို ရှင်းလင်းအောင် အသားအရေကို စနစ်တကျ ထိန်းသိမ်းပါ။ အသားအရေက လှပနေရင် အလိုလို ကြည့်ကောင်းနေပါလိမ့်မယ်။

ရေများများ သောက်ပါ

ရေသောက်တာကြောင့် ခန္ဓာကိုယ်နဲ့ အသားအရေရှိ အဆိပ်အတောက်တွေကို ကင်းစင်သွားစေပြီး ရေဓာတ်ပြည့်ဝစေပါတယ်။

အရောင်လွင်လွင် ဝတ်ဆင်ပါ

အရောင်လွင်တဲ့ပဝါ ဒါမှမဟုတ် လည်စည်းတွေကို သုံးတာကြောင့် မျက်နှာကို ပိုမို အရောင်တင်သလိုဖြစ်စေပြီး စိတ်ခံစားမှုကိုလည်း ပိုမို ကောင်းမွန်စေပါတယ်။ သင့်အနေနဲ့ အနက်ရောင်နဲ့ အညိုရောင် ဝတ်စုံအဝတ်များနေသလား၊ အဝါရောင်၊ အပြာရောင်၊ ပန်းရောင်လို အရောင်နုတဲ့ ပဝါကို ရွေးသုံးပါ။ သင့်အသားအရေကို အေးမြစေသလို သင့်ကို ပိုမို ကြည်လင်လှပစေပါတယ်။

မိတ်ဆွေသူငယ်ချင်းကို ဉာဏ်ရှိရှိ ရွေးပေါင်းပါ

လတ်တလော လေ့လာမှုအရ ကျွန်မတို့ရဲ့ လူမှုကွန်ရက်ဟာ ကျွန်မတို့ရဲ့ အပြုအမူနဲ့ သဘောထား အမြင်အပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှု ရှိစေတယ်လို့ သိရပါတယ်။ အမြဲတစေ ပြစ်တင်ဝေဖန်တတ်တဲ့ သူတွေနဲ့ ပေါင်းဖော်ရတဲ့အခါ စိတ်ခံစားမှု ကောင်းလာနိုင်ဖို့ မလွယ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့လည်း မလွယ်ပါဘူး။ အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုနဲ့ ပေါင်းဖော်ဆက်ဆံတတ်တဲ့ သူတွေနဲ့ ခင်မင်တာက ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို တိုးစေပါတယ်။

အပြင်မထွက်မီ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ

အပြင်သွားဖို့ ပြင်ဆင်ပြီးချိန်မှာ သဘာဝအလင်းရောင် ဒါမှမဟုတ် မီးရောင်အောက်မှာ ကိုယ့်အသွင်အပြင် အဆင်ပြေရဲ့လားဆိုတာ ကြည့်ရှူဆန်းစစ်ပါ။ စိတ်ကျေနပ်မှုအပြည့်နဲ့ အပြင်ထွက်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top