Healthy Life Ad
Life Style

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေမည့် အလှအပရေးရာ နည်းလမ်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကျောင်းမှာ၊ အလုပ်မှာ ရေပန်းစားတဲ့ မိန်းကလေးတွေကို အားကျနေပါသလား၊ လူအများချစ်ခင်မြတ်နိုးရတဲ့ မိန်းကလေးတွေကို သဘောကျမိပါသလား။ သင်အားကျနေတဲ့ သူတွေက တခြားသူတွေထက် ထူးကဲတဲ့ အလှတရားကို ပိုင်ဆိုင်ထားတာ မဟုတ်ဘဲ ယုံကြည်မှုရှိတဲ့ စိတ်ခွန်အားကြောင့် ပိုမို လှပကြည့်ကောင်းနေတာ ဖြစ်ပါတယ်။

မတ်မတ်ရပ်ပါ၊ မတ်မတ်ထိုင်ပါ
ဦးနှောက်က သင်ဘယ်လို ခံစားနေရသလဲဆိုတာ သိစေဖို့ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းကို အဆက်မပြတ်စစ်ဆေးနေပါတယ်။ သင့်ကိုယ်ဟန်က မတ်နေရင် သင့်ဦးနှောက်ဆီကို ပို့တဲ့ သတင်းအ ချက်အလက်က စိတ်ခံစားမှု ကောင်းမွန်တယ်ဆိုတာပါပဲ။ ထိုင်ခုံပေါ် ထိုင်တဲ့အခါ လျှောမထိုင်ဘဲ မတ်မတ်ထိုင်ပါ။ ပခုံးမတ်ထားရင် သင့်ကို ပိုပြီးအရပ်ရှည်သယောင်ထင်ရစေပြီး ခန္ဓာကိုယ်ကို ပိုမိုသွယ်လျစေကာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးစေပါတယ်။

လေးစားစရာ ကောင်းသော မိမိအရည်အချင်းကို ရှာဖွေပါ
ကိုယ့်အသွင်အပြင်နဲ့ ပတ်သက်ပြီး မပျော်ရွှင်တဲ့သူတွေအနေနဲ့ မိမိရဲ့လေးစားစရာကောင်းတဲ့ အရည်အချင်းကို ရှာဖွေဆန်းစစ်သင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကျေနပ်စေတဲ့ အရာကို တွေ့ရတဲ့အခါ ဦးနှောက်ရဲ့ ဆုလာဘ်စနစ်ကို လှုံ့ဆော်ပေးစေတဲ့အပြင်စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

ယုံကြည်မှုရှိရှိ ပျော်ရွှင်စွာနေပါ
သင်က ပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုရင် တခြားသူတွေအမြင်မှာလည်း သင်က ကြည့်ကောင်းနေပါလိမ့်မယ်။

ပြုံးပါ
ပြုံးနေတဲ့ မျက်နှာက အရယ်အပြုံးမရှိတဲ့ မျက်နှာထက်ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ အပြုံးပန်း တစ်ပွင့်က မျက်လုံးနဲ့ နှုတ်ခမ်းတစ်ဝိုက်ကြွက်သားတွေကိုမြှင့်တင်ပေးနိုင်တဲ့အတွက် ပိုမိုနုပျိုကြည့်ကောင်းတဲ့ အသွင်အပြင်ကို ရရှိစေပါတယ်။

အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်ပါ
အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်လုပ်တာကြောင့် မျက်နှာ၊ လည်ချောင်းနဲ့ ပခုံးကြက်သား တွေရဲ့တင်းအားကို ပြေလျော့စေပါတယ်။ ဒါကြောင့် အသက်ဝ၀ရှူသွင်းပြီးတိုင်း သင့်တစ်ကိုယ်လုံး တင်းအား ပိုမိုပြေလျော့တာကို သတိထားမိပါလိမ့်မယ်။

ကျေးဇူးတင်စကား ဆိုပါ
သင့်အသွင်အပြင်နဲ့ပတ်သက်ပြီး လှပကြောင်း ချီးကျူးစကားပြောတဲ့အခါ ရှက်ရွံ့မနေဘဲ ကျေးဇူးတင်စကားဆိုပါ။ ပိုပြီး ယုံကြည်မှုတိုးစေပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
လေ့ကျင့်ခန်းလုပ်ချိန်၊ အစာစားချိန်၊ အိပ်ချိန် စသဖြင့် သတ်မှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်ပါတယ်။ အစာစားတဲ့အခါ သစ်သီးဝလံများများ စားတာကြောင့် စွမ်းအင်ပိုမို ရရှိစေပြီး ခန္ဓာကိုယ်ကို သွယ်လျလှပစေပါတယ်။

စိတ်ကြည်နူးစရာများကို တွေးတောပါ
အပြင်ပန်းလှပဖို့ စိတ်ထဲကလည်း တကယ် ကြည်နူးနေဖို့ လိုပါတယ်။ စိတ်မသက်မသာဖြစ်နေချိန်နဲ့ ဒေါသထွက်နေချိန်မှာ လူတိုင်း ကြည့်ရဆိုးနေတတ်ပါတယ်။ ဒါကြောင့် လူတွေအပေါ် ရိုင်းစိုင်းတဲ့ စိတ်မထားဘဲ ကြည်နူးမှုနဲ့ ပေါင်းသင်းဆက်ဆံတာကြောင့် ပိုမိုကြည့်ကောင်းစေပါတယ်။

ခင်မင်ရင်နှီးသူတိုင်းအား နှုတ်ဆက်စကား ဆိုပါ
သင့်အနေနဲ့ အလွန်ခင်မင်ရင်းနှီးတဲ့ သူတွေကို နှုတ်ခွန်းဆက်စကားဆိုပါ။ သင့်အပေါ် မကောင်းတဲ့ သူတွေအပေါ် စိတ်ထဲက မပါဘဲ နှုတ်ဆက်စကား မဆိုပါနဲ့။ လျစ်လျူရှုထားတာက သင့်ကို ပိုစိတ်ချမ်း သာစေပါတယ်။ ခင်မင်တဲ့သူတွေကို နှုတ်ခွန်းဆက်စကားဆိုဖို့ မရှက်ပါနဲ့။ လူတိုင်းက သင့်ကို ကောင်းမွန် ပြီး ယုံကြည်မှုရှိတဲ့သူအဖြစ် အသိအမှတ်ပြုလာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် လှပကြောင်း အသိအမှတ်ပြုပါ
ကိုယ့်ကိုယ်ကိုယ်လှပတယ်ဆိုတာကို ယုံကြည်မှု မရှိတဲ့သူတွေက အလှမှေးမှိန်တတ်ပါတယ်။ မနက်ခင်း အလှပြင်ပြီးချိန်မှာ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်လှပတယ်လို့ တစ်မိနစ်လောက် တွေးတောလိုက်ပါ။ လောကမှာ ရုပ်ဆိုးအကျည်းတန်တဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်း ကိုယ့်စတိုင်နဲ့ကိုယ် ကြည့်ကောင်းနေတာပါပဲ။

စကားစမြည် ပြောပါ
အထီးကျန်မနေဘဲ တခြားသူတွေနဲ့ စကားစမြည်ပြောတဲ့သူတွေက ပိုပြီးလှပကြည့်ကောင်းတတ်ပါတယ်။ သူတို့ ဝါသနာတွေ၊ တေးဂီတအကြိုက်၊ မိသားစုအကြောင်း မေးမြန်းနားထောင်ပါ။ ဒါက သင့် ကိုယ်ရည်ကိုယ်သွေးကို တောက်ပစေပါတယ်။

မိတ်ဆွေသူငယ်ချင်းများနှင့် မကြာခဏ တွေ့ဆုံပါ
မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးပြီး အတူချိန်းဆိုကာ တွေ့ဆုံစကားပြောပေးပါ။ သူတို့နဲ့အတူ စေတနာ့ဝန်ထမ်းလုပ်တာက သင့်ကို ပိုမိုယုံ ကြည်မှု ရှိလာစေပါတယ်။

ဝါသနာပါရာ အားကစား လုပ်ဆောင်ပါ
သင် သဘောကျတဲ့ အားကစားကို လုပ်ဆောင် တာက မိတ်ဆွေအသစ်တိုးစေတဲ့အပြင် မှတ်ဉာဏ် ကို ပိုမိုကောင်းမွန်စေပါတယ်။

ဆံပင်ကို ဂရုစိုက်ပါ
မျက်နှာတစ်ခုလုံးကို ပုံဖော်ပေးနေတဲ့ ဆံပင်သားကျန်းမာလှပရေးကို အထူးဂရုစိုက်ပါ။ ဆံပင်အရောင်နဲ့ စတိုင်တွေက သင်နဲ့ လိုက်ဖက်ကာ သပ်ရပ်ကြည့်ကောင်းနေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အသွင် ထင်ဟပ်စေပါတယ်။

လက်နှင့် လက်သည်းအလှ ထိန်းသိမ်းပါ
လက်နဲ့ လက်သည်းတွေကို အစိုဓာတ်ထိန်းခရင်မ် ပုံမှန်လိမ်းပေးပါ။ လက်သည်းကို နှစ်ပတ်တစ်ခါ ပြုပြင်ကာ လက်သည်းဆိုးဆေး ဆိုးပါ။

အဝတ်အစားနှင့် အဆင်တန်ဆာကို တွဲဖက်ဝတ်ပါ
သင့်ကို ကြည့်ကောင်းစေတဲ့ အဝတ်အစားကိုပဲ ဝတ်ပါ။ ဘယ်လောက်ပဲ ခေတ်မီတဲ့ ဝတ်စုံဖြစ်ပါစေ၊ သင်နဲ့ လိုက်ဖက်မှု မရှိရင် မဝတ်ပါနဲ့။ သင်ဝတ်တဲ့ ဝတ်စုံနဲ့ လိုက်တဲ့ အဆင်တန်ဆာကို တွဲဖက်ဝတ်ဆင်ပါ။ ဒါပေမဲ့ အများကြီး မဝတ်ပါနဲ့။

မျက်နှာအသားအရေ ထိန်းသိမ်းပါ
အသားအရေက လှပကြည့်ကောင်းနေရင် သင်ကလည်း လှပနေပါလိမ့်မယ်။

ရေများများ သောက်ပါ
ရေသောက်တာကြောင့် ခန္ဓာကိုယ်နဲ့ အသားအရေရှိ အဆိပ်အတောက်တွေကို ကင်စင်သွားစေပြီး ရေဓာတ်ပြည့်ဝစေပါတယ်။

အရောင်လွင်လွင် ဝတ်ဆင်ပါ
အရောင်လွင်တဲ့ ပဝါ ဒါမှမဟုတ် လည်စည်းတွေကို သုံးတာကြောင့် မျက်နှာကို ပိုမို အရောင်တင်သလိုဖြစ်စေပြီး စိတ်ခံစားမှုကိုလည်း ပိုမို ကောင်းမွန်စေပါတယ်။သင့်အနေနဲ့ အနက်ရောင်နဲ့ အညို ရောင်ဝတ်စုံအဝတ်များနေသလား၊ အဝါရောင်၊ အပြာရောင်၊ ပန်းရောင်လို အရောင်နုတဲ့ပဝါကို ရွေးသုံးပါ။ သင့်အသားအရေကို အေးမြစေသလို သင့်ကို ပိုမို ကြည်လင်လှပစေပါတယ်။

မိတ်ဆွေသူငယ်ချင်းကို ဉာဏ်ရှိရှိရွေးပေါင်းပါ
လတ်တလော လေ့လာမှုအရ လူမှုကွန်ယက်ဟာ အသုံးပြုသူတွေရဲ့ အပြုအမူနဲ့ သဘောထားအမြင်အပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှု ရှိစေတယ်လို့ သိရပါတယ်။ အမြဲတစေ ပြစ်တင်ဝေဖန်တတ်တဲ့ သူတွေနဲ့ ပေါင်းဖော်ရတဲ့အခါ စိတ်ခံစားမှု ကောင်းလာနိုင်ဖို့ မလွယ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့လည်း မလွယ်ပါဘူး။ အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုနဲ့ ပေါင်းဖော်ဆက်ဆံတတ်တဲ့ သူတွေနဲ့ ခင်မင်တာက ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို တိုးစေပါတယ်။

အပြင်မထွက်မီ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ
အပြင်သွားဖို့ ပြင်ဆင်ပြီးချိန်မှာ သဘာဝ အလင်းရောင် ဒါမှမဟုတ် မီးရောင်အောက်မှာ ကိုယ့်အသွင်အပြင် အဆင်ပြေရဲ့လားဆိုတာ ကြည့်ရှူဆန်းစစ်ပါ။ စိတ်ကျေနပ်ပြီး အပြင်ထွက်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top