Healthy Life Ad
Health Tips

အထီးကျန်ခြင်းက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ . . .

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အထီးကျန်ဝေဒနာရတာကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေကြတဲ့ ဖြစ်ရပ်တွေကို အများကြီး တွေ့နေရပါတယ်။ အထီးကျန်တာက အဝလွန်တာနဲ့ ဆေးလိပ်သောက်တာထက်တောင် ကျန်းမာရေးကို ပိုထိခိုက်စေတယ်လို့ လေ့လာမှုများစွာက ဆိုထားပါတယ်။ အထီးကျန်တာက ပုံမှန်လူအများစု ခံစားရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ အထီးကျန်တဲ့အခါမှာ လူတစ်ယောက်ရဲ့စိတ်နဲ့ရုပ်ကို အောက်ပါအတိုင်း ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ

ချီကာဂိုတက္ကသိုလ်ရဲ့ စိတ်ကျန်းမာရေးအထူးကု ဒေါက်တာဟော်ကလေးက အထီးကျန်တာကြောင့် သွေးဖိအားအပေါ် အကြီးအကျယ် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ နာတာရှည် အထီးကျန်ဖြစ်နေတဲ့သူတွေဟာ သွေးတိုးရောဂါခံစားနေရကြောင်း တွေ့ရှိရတယ်လို့ သူကရှင်းပြပါတယ်။၊ ဒီလေ့လာမှုက အသက် ၅၀နဲ့ ၆၈နှစ်ကြား လူ ၂၂၉ဦးကို အခြေခံပြီး ပြုလုပ်ထားတဲ့ လေ့လာမှုမျိုးဖြစ်ပါတယ်။ အချိန်ငါးနှစ်ကြာ လေ့လာမှုအရ အထီးကျန်တဲ့သူတွေက လူမှုရေးဝင်ဆန့်သူတွေထက် သွေးဖိအား ၁၀ရာခိုင်နှုန်းမြင့်တက်တာကို တွေ့ရပါတယ်။ သွေးတိုးတာကြောင့် နှလုံးရောဂါထတာ၊ လေဖြတ်တာနဲ့ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်တာတွေရဲ့ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

စိတ်ကျန်းမာရေး

အထီးကျန်တာက လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြောင်းလဲမှုဖြစ်စေပါတယ်။ အထီးကျန်တာကြောင့် စိတ်ပူပင်သောကများတာနဲ့ စိတ်ဖိစီးမှုများတာတွေ ဖြစ်တတ်ပြီး စိတ်ဓာတ်ကျနိုင်ခြေ မြင့်မားပါတယ်။ တာရှည်အထီးကျန်တဲ့သူတွေဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေမြင့်တက်သလို ကိုယ့်ကိုယ်ကိုယ်သတ်သေလိုတဲ့ အတွေးတွေလည်း ဝင်လာတတ်ပါတယ်။ ဆုံးဖြတ်ချက်ချနိုင်စွမ်းနည်းတာ၊ မှတ်ဉာဏ်ဆုံးရှုံးတာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ၊ စိတ်လှုပ်ရှားလွယ်တာနဲ့ အပြုအမူပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်တာတွေကလည်း အထီးကျန်တာကြောင့် ဖြစ်ရတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အထီးကျန်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာ အစာစားချင်စိတ်ကို ထိခိုက်စေကာ သူရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

မျိုးဗီဇထိခိုက်မှု

ကယ်လ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာမှုအရ အထီးကျန်တဲ့ စိတ်ခံစားမှုဟာ မျိုးဗီဇရဲ့ လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲမှုဖြစ်စေပြီး ကိုယ်ခံစွမ်းအားစနစ်ရဲ့ ပထမဆုံးတုန့်ပြန်မှုဖြစ်တဲ့ ရောင်ရမ်းမှုကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ်နဲ့ ဆက်စပ်နေတဲ့ မျိုးဗီဇတွေရဲ့ လုပ်ငန်းဆောင်တာကို ဖိနှိပ်ထားတာကြောင့် ရောဂါပိုးတွေကို ကာကွယ်နိုင်စွမ်းလျော့ကျပြီး ရောဂါဘယတွေ ဝင်လွယ်စေပါတယ်။

အိပ်မပျော်ခြင်း

တင်းအားများတာ၊ စိတ်ဖိစီးမှုများတာ၊ အထီးကျန်တာနဲ့ စိတ်ဓာတ်ကျတာတွေအားလုံးဟာ အိပ်စက်မှုကို တိုက်ရိုက်ထိခိုက်မှုဖြစ်စေပါတယ်။ နာတာရှည် အထီးကျန်ဝေဒနာခံစားနေရတဲ့သူတွေဟာ အိပ်ရေးပျက်တတ်ပါတယ်။ လူတစ်ဦးဟာ သင့်တော်တဲ့ အိပ်ချိန်ရှိမှသာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်မှာပါ။ သင့်တော်တဲ့ အိပ်ချိန်မရှိရင် စိတ်ပိုင်းရော ရုပ်ပိုင်းကိုပါ ထိခိုက်စေနိုင်ပါတယ်။ အိပ်ရေးမဝတဲ့သူတွေဟာ နွမ်းနယ်နေတတ်ပြီး ညောင်းညာကိုက်ခဲတာနဲ့ ဖိစီးမှုတွေကို အလွယ်တကူ ခံစားရနိုင်ပါတယ်။

အိုမင်းလွယ်ခြင်း

အထီးကျန်တာကြောင့် စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျတာ၊ အိပ်ရေးပျက်တာနဲ့ အစာစားချင်စိတ်မရှိတာ စတဲ့ကျန်းမာရေးပြဿနာအများစုကို ခံစားရနိုင်ပါတယ်။ ဒီအချက်တွေအားလုံးဟာ အရွယ်မတိုင်ခင် အိုမင်းလွယ်စေတဲ့ အချက်တွေပါ။ အိပ်ရေးမဝတာက စောစောအိုမင်းစေတဲ့ အဓိက အချက်တစ်ချက်ပါ။ အထီးကျန်တာဟာ လူတိုင်းခံစားရတတ်တဲ့ စိတ်ခံစားမှုဖြစ်ပြီး ကျန်းမာရေးထိခိုက်မှုမဖြစ်ခင် ကျော်လွှားနိုင်ဖို့ အရေးကြီးပါတယ်။

လိုက်နာရန်

အထီးကျန်မှုခံစားရတိုင်း ပျော်ရွှင်မှုကို ရှာဖွေပါ။ အထီးကျန်တဲ့ အတွေးတွေကို တတ်နိုင်သမျှ စိတ်ထဲမှ ဖယ်ရှားလိုက်ပါ။ သူငယ်ချင်းမိတ်ဆွေ အသစ်ဖွဲ့ပါ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။ လိုအပ်နေတဲ့သူတွေကို အကူအညီပေးပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားရှိပါ။ ဒါဆိုရင် သင်ခံစားနေရတဲ့ အထီးကျန်ဝေဒနာတွေ ပပျောက်သွားမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top