Healthy Life Ad
Health Tips

နှင်းခူဖြစ်နေလျှင်….

စူး (ဆေးဝါးတက္ကသိုလ်)

နှင်းခူဆိုတာ အရေပြားရောင်ရမ်းတဲ့ အခြေအနေတစ်ရပ်ပါ။ လက္ခဏာအနေနဲ့ အရေပြားနီမြန်းတာ၊ ရောင်တာ၊ ယားတာ၊ ခြောက်တာ၊ အဖတ်လန်တာတို့ဖြစ်တတ်သလို ပြင်းထန်တဲ့ ပိုးဝင်မှုကြောင့် အရည်ကြည်စိမ့်ထွက်တာနဲ့ သွေးထွက်တာတို့ဖြစ်တတ်ပါတယ်။ နှင်းခူဖြစ်ရင် သက်သာစေဖို့ အိမ်တွင်းကုသနည်းတချို့ကို လိုက်နာသင့်ပါတယ်။

သဘာဝဆေး (၁) ဂျုံမှုန့်သုံးပြီး ရေချိုးခြင်း

နှင်းခူကြောင့် ယားယံလွန်းနေရင် ဂျုံမှုန့်အကြမ်းကိုသုံးပြီး ရေချိုးလိုက်ပါ။ အရေပြားရောင်ရမ်းမှုနဲ့ ယားယံမှုသက်သာစေပါတယ်။ ဂျုံမှုန့်ထည့်ထားတဲ့ရေနဲ့ ချိုးတာကြောင့် အယားပြေစေရုံသာမက အရေပြားကို စိုပြည်စေပါတယ်။

သဘာဝဆေး (၂) ပင်လယ်ဆားဖြင့် ရေချိုးခြင်း

ပင်လယ်ဆားဟာ အကောင်းဆုံး အရေပြားကြေးချွတ်ပစ္စည်းတစ်မျိုးပါ။ အရေပြားဆဲလ်သေတွေကို ကင်းကွာစေရုံသာမက အရေပြားဆဲလ်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ ပင်လယ်ဆားမှာပါတဲ့ မရှိမဖြစ်သတ္တုဓာတ်တွေက အရေပြားရောင်ရမ်းမှုကျစေပြီး စိုပြည်စေပါတယ်။ သုံးရမယ့်နည်းက ပင်လယ်ဆားနဲ့ ရေကိုရောပြီး နှင်းခူနာပေါ် လိမ်းပေးရမှာပါ။ ပြီးမှ ရေချိုးလိုက်ပါ။

သဘာဝဆေး (၃) သံလွင်ဆီလိမ်းခြင်း

ဗီတာမင်အီများစွာပါတဲ့ သံလွင်ဆီဟာ နှင်းခူလက္ခဏာတွေကို သက်သာစေပြီး အစိုဓာတ်ကို ပြန်ထိန်းပေးကာ အရေပြားခြောက်သွေ့တာနဲ့ အက်ကွဲတာကို သက်သာစေပါတယ်။ ရေချိုးပြီးချိန်မှာ သံလွင်ဆီကို နှင်းခူနာပေါ် ချက်ချင်းလိမ်းပေးရမှာ ဖြစ်ပါတယ်။

သဘာဝဆေး (၄) လက်ဖက်ဆီကို လိမ်းခြင်း

လက်ဖက်ဆီမှာ တာပင်နွိုက်ပါဝင်တာကြောင့် အရေပြားရောင်ရမ်းမှုနဲ့ ယားယံမှုကို အမြန်သက်သာစေပါတယ်။ ကြိတ်ချေထားတဲ့ လက်ဖက်ရွက်ကိုလည်း လိမ်းပေးနိုင်ပါတယ်။

သဘာဝဆေး (၅) နှမ်းကြတ်စေ့ဆီကို လိမ်းခြင်း

နှမ်းကြတ်စေ့ဆီမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ် များစွာပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး အရေပြားကျန်းမာစိုပြည်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top