Healthy Life Ad
Life Style

နားထဲ အသံကြားခြင်းအတွက် စိတ်ကုထုံး(၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေး ဘွဲ့လွန်သင်တန်းဆရာဝန် ဒေါက်တာပီတာနဲ့ “အကြောင်းမဲ့ နားထဲမှာ စကားပြောသံကြားခြင်း” AVH အတွက် စိတ်ကုထုံးကို ဆက်လက်ဆွေးနွေးနေပါတယ်။

“စိတ်အာရုံပြောင်းလဲနည်း” Aကုထုံးကို ပြောပြီးပါပြီ။ အခုစကားပြောသံကို အာရုံစိုက်ကုသနည်း (Focusing) နဲ့ အတွေးပြောင်းလဲစေတဲ့ ကုသနည်း (Cognitive Therapy)အကြောင်းတွေကို ရှင်း ပြပါ” လို့ ဒေါက်တာပီတာက တောင်းဆိုပါတယ်။

“ခင်ဗျားရဲ့ လူနာမောရစ်က အဲဒီကုထုံးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်နိုင်မယ်လို့ ထင်သလား”

“ဘာကြောင့် မေးတာလဲ ဒေါက်တာအုန်း”

“နာတာရှည် စိတ်ကစဉ့်ကလျားရောဂါ ခံစားရသူတချို့က လုပ်ချင်ကိုင်ချင်စိတ်နည်းပါးနေတတ်တယ်။ စိတ်စေ့ဆော်မှုစွမ်းအင်(Conation) ချို့ယွင်းနေတတ်တယ်။ စိတ်ကစဉ့်ကလျားရောဂါရဲ့ အနုတ်ပြလက္ခဏာတွေ (Negative Symptoms)လို့ ခေါ်ပါတယ်။ အဲဒီလက္ခဏာတွေရှိရင် စိတ်ကုထုံးနည်း ပရိယာယ်ကို လိုက်နာဆောင်ရွက်နိုင်မှု အားနည်းတတ်လို့ မေးကြည့်တာပါ”

“မောရစ်က နားထဲမှာအသံကြားတဲ့ လက္ခဏာ (AVH) ခံစားနေရပေမယ့် ပြောချင်ဆိုချင် လုပ်ချင်ကိုင်ချင်စိတ်ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်ညွှန်ကြားပြသပေးမယ့် စိတ်ကုထုံးနည်းတွေကို လိုက်နာ ဆောင်ရွက်နိုင်မှာပါ”

“ကောင်းပါတယ်။ ဒီတော့ မောရစ်နားထဲမှာ ကြားနေတဲ့ အသံတွေက မထူးဆန်းဘူး၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတစ်ခု ဖြစ်တယ်ဆိုတာကို ရှင်းပြရမယ်။ Normalisation လို့ ခေါ်တယ်”

“မောရစ်တစ်ယောက်သာ ထူးထူးခြားခြား ခံစားရတဲ့ အတွေ့အကြုံမဟုတ်ဘူးလို့ နားလည်စေရမှာပေါ့”

“မှန်ပါတယ်။ စိတ်ရောဂါမရှိတဲ့ လူတွေမှာတောင် တစ်ခါတစ်ရံ နားထဲမှာ အသံကြားတတ်တာက ၄ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရှိတယ်ဆိုတာ ပြောပြ၊ AVHလက္ခဏာကို စိတ်ရောဂါအမျိုးမျိုးမှာ တွေ့ရှိရတယ်ဆိုတာလည်း ရှင်းပြ”

ဒေါက်တာပီတာက သူရဲ့ဗဟုသုတကို ထုတ်ဖော်ပြတယ်။

“ဥပမာ . .”ဘဝနောက်ကြောင်း မေ့သွားပြီး ကိုယ်ရည်ကိုယ်သွေးအသွင်ပြောင်းရောဂါ (Dissociative Identity Disorder) မှာ အကြောင်းမဲ့ နားထဲမှာ အသံကြားနှုန်းက ၈၀ ရာခိုင်နှုန်း၊ စိတ်ကစဉ့်ကလျားရောဂါမှာ ၇၀ရာခိုင်နှုန်း၊ ဘေးဒုက္ခဒဏ်ပိ စိတ်ဖိစီးမှုဝေဒနာ (PTSD) မှာ ၅၀ ရာခိုင်နှုန်း၊ ဟိုမရောက် ဒီမရောက် ကိုယ်ရည်ကိုယ်သွေးချို့ယွင်းရောဂါ (Borderline Personality Disorder) မှာ ၃၂ ရာခိုင်နှုန်း၊ စိတ်ကြွစိတ်ကျရောဂါမှာ ၇ ရာခိုင်နှုန်းရှိတယ်ဆိုတာ ထောက်ပြရမှာလား”

“စကားပြောသံတွေက တိုက်တွန်းအားပေးတဲ့အတိုင်း မလုပ်မိအောင် ထိန်းချုပ်ဖို့ လေ့ကျင့်ခိုင်းရမယ်။ ‘နင်တို့က အမှန်တကယ်ရှိနေတာ မဟုတ်ဘူး။ နင်တို့ ပြောတဲ့အတိုင်း ငါက လိုက်နာဖို့ မလိုဘူး’လို့ တုန့်ပြန်ရမယ်။ အသံတွေက ပြောတဲ့အတိုင်း မလိုက်နာပေမယ့်” . . .

“ဟုတ်ပါတယ်။ အဲဒီလို အသိပညာရရှိရင် သူခံစားနေရတဲ့ AVH လက္ခဏာက သူတစ်ယောက်တည်းသာ ခံစားရတဲ့ အတွေ့အကြုံမဟုတ်ဘူးဆိုတာကို ပီတာ ဆင်ခြင်စဉ်းစားလာနိုင်တယ်။ အဲဒါကိုက ဖြေဆေးတစ်ခွက်ပါပဲ။ နောက်ပြီး နားထဲမှာကြားနေတဲ့ အသံတွေနဲ့ပတ်သက်ပြီး မောရစ်မှာ မှားယွင်းတဲ့ ယုံကြည်မှုရှိနိုင်တယ်”

“ဘယ်လို ယုံကြည်မှုမျိုးလဲ”

“ငါကြားနေတဲ့ အသံတွေက ပြင်ပလောကမှာ အမှန်တကယ်ရှိတဲ့ ပုဂ္ဂိုလ်ကပြောနေတာ။” အသံတွေက ငါ့ထက်တန်ခိုးကြီးတယ်။ ငါ့မှာ သူတို့ကို တွန်းလှန်နိုင်တဲ့ သြဇာအာဏာမရှိဘူး”။“သူတို့ကငါ့ကို ဒုက္ခပေးကြလိမ့်မယ်” စတဲ့ ယုံမှားမှုတွေ ဖြစ်ပါတယ်”

“အဲဒီတော့ ဒေါက်တာအုန်းပြောတဲ့ အတွေးပြောင်းလဲနည်းတွေကို အသုံးပြုရမယ်ပေါ့”

“မှန်ပါတယ်။ ပြင်ပမှာ စကားပြောသူ မရှိပေမယ့် ခေါင်းထဲမှာ စကားပြောသံကြားနိုင်တာကို ရှင်းပြရမယ်။ အကြားအာရုံနဲ့ သက်ဆိုင်တဲ့ ဦးနှောက်အင်္ဂါပိုင်းထဲမှာ အလိုအလျောက် လှုံ့ဆော်နှိုးဆွမှုရှိရင် တစ်ယောက်တည်းနေပေမယ့် စကားပြောသံကြားနိုင်တယ်ဆိုတာကို ပြောပြ၊ ဦးနှောက်ဇီဝဗေဒ သဘောတရားကို ရှင်းပြရမယ်။ လူနာကြားနေတဲ့အသံကို ဘေးမှာထိုင်နေတဲ့သူ မကြားဘူးဆိုတာ သက်သေပြရမယ်”

“ဘယ်လို သက်သေပြမလဲ”

“သက်သေပြနိုင်တဲ့ နည်းတစ်ခုရှိတယ်။ မောရစ်နားထဲမှာ အသံကြားလာရင် လက်ကိုင်ဖုန်းထဲမှာ အသံဖမ်းခိုင်း၊ နောက်ပြီး ပြန်ဖွင့်ပြီး နားထောင်ခိုင်းလိုက်။ လက်ကိုင်ဖုန်းထဲမှာ မောရစ်ကြားခဲ့တဲ့ စကားပြောသံတွေ မဖမ်းမိတာကို ထောက်ပြနိုင်တယ်။ အဲဒါသက်သေပဲ။ ယဉ်ကျေးမှုထုံတမ်းစဉ်လာ အယူအဆကြောင့် နားထဲမှာ အသံကြားနိုင်တယ်ဆိုတာကိုလည်း ရှင်းပြနိုင်တယ်”

“ဥပမာ . .”

“ဥပမာသြစတြေးလျနိုင်ငံတိုင်းရင်းသား” အဘိုရင်းဂျီး” လူမျိုးတွေမှာ အယူအဆတစ်ခုရှိတယ်။ သေဆုံးသွားသူရဲ့ ဝိဉာဉ်က ကျန်ရစ်ခဲ့တဲ့ ဆွေမျိုးသားချင်းတွေကို လာရောက်စကားပြောတယ်လို့ ယုံ ကြည်တယ်။ ဒါကြောင့် ဆွေမျိုးသားချင်းတစ်ယောက် သေဆုံးသွားရင် အဲဒီသူရဲ့ စကားပြောသံကို ကြားရတတ်ကြပါတယ်”
ဒေါက်တာပီတာက သူနားလည်သလို အကျဉ်းချုံးပြီး မှတ်ချက်ချပါတယ်။

“နားထဲမှာ စကားပြောသံကြားခြင်း (AVH)နဲ့ ပတ်သက်ပြီး အတွေးပြောင်းလဲအောင် ကုသနည်း (Cognitive Therapy)တွေပေါ့”

“မှန်ပါတယ်။ အသံတွေကြားလို့ ကြောက်စိတ်၊ ဒေါသစိတ်၊ ပူပင်သောကစိတ်တွေ ပွားများနေမယ့်အစား အထက်မှာ ဖော်ပြခဲ့တဲ့ ကုသနည်းတွေကို လေ့ကျင့်ဖို့ အားပေးရမယ်။ ရောဂါသက်သာနိုင်ပါ တယ်”

နားထဲမှာ ကြားနေတဲ့အသံတွေကို အာရုံစူးစိုက်လေ့ကျင့်တဲ့နည်း (Focusing)တွေကိုလည်း သင်ကြားပေးနိုင်ပါတယ်။

“ရှင်းပြပါ ဒေါက်တာအုန်း”

“မောရစ်ကို” နားထဲမှာ အသံကြားခြင်း နေ့စဉ်မှတ်တမ်း” ရေးခိုင်းရမယ်။ နားထဲမှာ အသံကြားလာရင် ဘယ်အချိန်မှာ ကြားတာလဲ၊ ဘယ်လို ပတ်ဝန်းကျင်အခြေအနေမှာ ကြားတာလဲ၊ သူတို့က ဘာတွေ ပြောနေသလဲ။ လူနာက ဘယ်လိုတုန့်ပြန်လိုက်သလဲ . . စတဲ့ အချက်တွေကို ရေးမှတ်ခိုင်း။ နောက်ပြီး ပြန်လည်ဖတ်ရှုခိုင်း။ အဲဒီလို လေ့ကျင့်ရင် စကားပြောသံတွေကို ယဉ်ပါးလာလိမ့်မယ်။

စကားပြောသံတွေကို “ငါထိန်းချုပ်လို့ မရဘူး။ သူတို့က ငါ့ကို ကြီးစိုးနေတယ်”လို့ လူနာက ယုံကြည်နေတတ်တယ်”

“အဲဒီလို အယူအဆ ပပျောက်အောင် ဘယ်လိုနည်းပရိယာယ်ကို အသုံးပြုနိုင်သလဲ”

“တွမ်ကို” အသံကြားဖို့ အချိန်” သတ်မှတ်ခိုင်း။ တစ်နေ့တစ်ကြိမ် ၁၅ မိနစ်လောက် အချိန်ပေး၊ အဲဒီအချိန်အတွင်းမှာ နားထဲမှာ ကြားနေတဲ့ အသံတွေကို စိတ်ပါလက်ပါ အာရုံစူးစိုက်နားထောင်ခိုင်း။ အဲဒီအချိန်မှာ စကားပြောသံတွေကို မကြားသေးရင် ကြားနေကျအသံတွေ ကြားလာအောင် ကြိုးစားပြီး စဉ်းစားကြည့်ခိုင်း။ အဲဒီလိုလေ့ကျင့်ရင် “ငါကအသံတွေကို ထိန်းချုပ်နိုင်တယ်” လို့ လူနာယုံကြည် လာလိမ့်မယ်။ ပီတာက တွမ်ကို သင်ကြားပေးနိုင်တဲ့ နည်းတစ်ခု ရှိသေးတယ်”
“ပြောပြပါ ဒေါက်တာအုန်း”

“စကားပြောသံကို ဆန့်ကျင်တဲ့ အထောက်အထား အချက်အလက်တွေကို စဉ်းစားခိုင်းရမယ်။ သူတို့ပြောတဲ့ စကားထဲမှာ ယုတ္တိမတန်တဲ့ အချက်တွေကို စဉ်းစားချေပခိုင်း။ စာရွက်ပေါ်မှာ ရေးမှတ်ခိုင်း။ အဲဒီလိုတုန့်ပြန်ရင် စကားပြောသံတွေက တွမ်ရဲ့စိတ်ကို လွှမ်းမိုးနိုင်မှု လျော့နည်းသွားနိုင်ပါတယ်။ နောက်တစ်နည်း ရှိသေးတယ်။ စကားပြောသံတွေက တိုက်တွန်းအားပေးတဲ့အတိုင်း မလုပ်မိအောင် ထိန်းချုပ်ဖို့ လေ့ကျင့်ခိုင်းရမယ်။ “နင်တို့က အမှန်တကယ်ရှိနေတာ မဟုတ်ဘူး။ နင်တို့ ပြောတဲ့အတိုင်း ငါက လိုက်နာဖို့မလိုဘူး” လို့ တုန့်ပြန်ရမယ်။ အသံတွေက ပြောတဲ့အတိုင်း မလိုက်နာပေမယ့် သူတို့ ခြိမ်းခြောက်သလို ဖြစ်မလာတာ တွေ့ရှိရလိမ့်မယ်”

“ဒေါက်တာပီတာက ကြားဖြတ်ပြောတယ်။

“နင်တို့က”အာလူး”တွေပဲ။ သင်္ကြန်အမြောက် တွေပဲလို့ လူနာက ယူဆလာတာလား”

“ဟုတ်ပါတယ်။ အဲဒီလို သဘောပေါက်လာရင် စကားပြောသံတွေကို အောင်နိုင်ခြင်းလို့ ဆိုနိုင်ပါတယ်”
နားထဲမှာ ကြားနေတဲ့အသံတွေကို ထိန်းချုပ်တဲ့ နောက်ထပ်နည်းတစ်ခု ရှိသေးတယ်။ “ရပ်လိုက်လို့ အမိန့်ပေးနည်း” ဖြစ်တယ်။

“ဘယ်လို လေ့ကျင့်ရသလဲ”

“လက်ကောက်ဝတ်မှာ ရော်ဘာကွင်းပတ်ထား။ အသံကြားလာရင် ရော်ဘာကွင်းကို တခြားလက်နဲ့ ဆွဲဆန့်ပြီး ဇတ်ကနဲ့ လွှတ်ချလိုက်။ တစ်ချိန်တည်းမှာ ပါးစပ်က ‘ရပ်လိုက်စမ်း’လို့ အမိန့်ပေးသံနဲ့ ပြော။ ရော်ဘာကွင်း ရိုက်မိလို့ နာကျင်တာကြောင့် ကြားနေတဲ့အသံတွေ ခေတ္တငြိမ်သက်သွားလိမ့်မယ်။ ကြာကြာလေ့ကျင့်ရင် ရော်ဘာကွင်းမသုံးဘဲနဲ့ ပါးစပ်က ‘ရပ်လိုက်စမ်း’ လို့ပြောလိုက်ရုံနဲ့ ကြားနေတဲ့ စကားသံတွေ ရပ်သွားလိမ့်မယ်။ လေ့ကျင့်ဖန်များရင် “ရပ်လိုက်စမ်း” လို့ စိတ်ထဲမှာ စဉ်းစားလိုက်တာနဲ့ အသံတွေ ငြိမ်သက်သွားတာ တွေ့ရှိရတယ်။ အဲဒီတော့ လူနာက သူ့အသိစိတ်နဲ့ အသံတွေကို ထိန်းချုပ်နိုင်တာပေါ့”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top