Healthy Life Ad
Life Style

ခန္ဓာကိုယ်မှ အချွဲများ အလွန်အကျွံထွက်ရှိနေရခြင်း အကြောင်းရင်းနှင့် ဖြေရှင်းနည်း

စူး (ဆေးဝါတက္ကသိုလ်)

လူတိုင်းမှာ အချွဲတွေရှိပြီး အချွဲတွေက ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါတယ်။ ချောင်းဆိုးတဲ့အခါ အချွဲတွေက အဝါရောင်၊ အစိမ်းရောင်သမ်းနေတာ တွေ့ရတတ်သလို ခန္ဓာကိုယ်ကနေ အချွဲများများထွက်တာက ပြဿနာဖြစ်နိုင်ပါတယ်။

ဘာကြောင့် အချွဲတွေ အလွန်အကျွံထွက်နေတာလဲ
ခန္ဓာကိုယ်ကနေ တစ်ချိန်လုံး အချွဲတွေထွက်နေပြီး မသက်မသာ ဝေဒနာခံစားနေရရင် အချွဲတွေက ပုံစံပြောင်းသွားတတ်ပါတယ်။ အချွဲတွေ ပိုထူထဲတာ၊ ပိုစေးကပ်တာ၊ ပိုပမာဏများတာ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာက ဓာတ်မတည့်မှုရှိတာ၊ နှာခေါင်းရောင်ရမ်းတာ၊ လည်ချောင်းမအီမသာဖြစ်တာ၊ ဆေးလိပ်သောက်တာ၊ အစာခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာဖြစ်တာတွေနဲ့ ဆက်စပ်ဖြစ်ပွားနိုင်ပါတယ်။
ပုံမှန်အားဖြင့် ဓာတ်မတည့်မှုဖြစ်သူတွေမှာ ဒီပြဿနာတွေရှိပြီး ဓာတ်မတည့်မှုကြောင့် ဟစ္စတာမင်းဓာတ် ပိုမိုထွက်ရှိကာ ယားယံတာနဲ့ နှာချေတာကို ဖြစ်စေနိုင်ပါတယ်။ နှာခေါင်းကလည်း နှာရည်စတင်ကျနိုင်ပါတယ်။

အချွဲအလွန်အကျွံထွက်နေသည့် လက္ခဏာများ
အချွဲထွက်တာက အန္တရာယ်မရှိဟန်ရှိပေမယ့် နှာခေါင်းပိတ်နေရင် မသက်မသာဝေဒနာ ဖြစ်စေနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေက အချွဲအလွန်အကျွံထွက်နေတဲ့ လက္ခဏာတွေပါ။
နှာရည်ယိုခြင်း
လည်ချောင်းနာခြင်း
ချောင်းဆိုးခြင်း
နှာပိတ်ပြီး ခေါင်းကိုက်ခြင်း
နှာခေါင်းပိတ်ခြင်း
နှာချေခြင်း
သင်စားတဲ့ အစားအသောက်၊ ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း စတဲ့အိမ်တွင်းနည်းတွေနဲ့ အချွဲထွက်နှုန်း လျော့ကျအောင် လုပ်ဆောင်နိုင်ပါတယ်။

(၁) ရေများများသောက်ပါ
ရေများများသောက်လေ အချွဲပါးလေပါ။ အချွဲထနေရင် ပထမဆုံးရေဓာတ်ပြည့်အောင် နေပါ။ အချိုရည်တွေ မသောက်ပါနဲ့။ အချွဲကင်းစင်စေပါတယ်။

(၂) လေထုစိုထိုင်းအောင်လုပ်ပါ
ခြောက်သွေ့တဲ့လေထုက နှာခေါင်းကို ကသိကအောက်ဖြစ်စေပြီး နှာရည်ကျစေပါတယ်။ လေထုက စိုထိုင်းမနေဘူးဆိုရင် ဓာတ်မတည့်မှုဖြစ်တတ်သူတွေက နှာပိုချေနိုင်ပါတယ်။ လေထုစိုထိုင်းဆများတဲ့ စက်ဝယ်ပြီး ညတိုင်းဖွင့်အိပ်ပါ။ ပိုကောင်းတဲ့ အာနိသင်ရချင်ရင် လေထုစိုထိုင်းဆပါတဲ့စက်ထဲ လာဗန်ဒါဆီ အနည်းငယ်ထည့်သုံးပေးပါ။

(၃) ဆားရေသုံးပြီး ပလုတ်ကျင်းပါ
ရေနွေးတစ်ဖန်ခွက်ထဲ ဆားလက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး တစ်နေ့မှာ အကြိမ်များများ ပလုတ်ကျင်းပေးပါ။

(၄) နှာမှုတ်ထုတ်ပါ
နှာမှုတ်ထုတ်ပြီး အချွဲတွေကိုရှင်းပါ။ သွားနဲ့ခံတွင်းသန့်ရှင်းရေးလုပ်ပါ။

(၅) ယူကလစ်ဆီ သုံးပါ
ရင်ဘတ်မှာယူကလစ်ဆီလိမ်းပါ။ ချိုးရေနွေးနွေးထဲ ယူကလစ်ဆီထည့်ပြီး ရေချိုးပါ။ ဘက်တီးရီးယား ပိုးသေစေပြီး အအေးမိဝေဒနာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေပါတယ်၊ သွားကျန်းမာရေးကောင်းစေပါတယ်၊ အင်းဆက်ကင်းစေပါတယ်။

(၆) ကျန်းမာရေးနှင့် ညီညွတ်သော အစာစားပါ
နေ့စဉ်အစားအသောက်ထဲ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ရွှေဖရုံသီး၊ နာနတ်သီး၊ ပန်းသီး၊ လီမွန်သီး၊ သခွားသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သံလွင်ဆီတို့ ထည့်စားပေးရင် အချွဲပျော်စေပါတယ်။

(၇) ပျားရည်သုံးပါ
ပျားရည်နဲ့ ဂျုံမှုန့်နည်းနည်းရောပြီး ပဝါထဲထည့်ကာ ရင်ဘတ်မှာ ကပ်ထားပါ။ တစ်ညလုံးထားပေးရင် အချွဲပျော်စေပါတယ်။

(၈) ဆော်ဒါမှုန့်၊ ပျားရည်တို့ ဖျော်သောက်ပါ
တုပ်ကွေးဖြစ်ပြီး အဆုတ်ကနေ အချွဲတွေမြန်မြန်ထွက်စေမယ့် အိမ်တွင်းနည်းပါ။ ပျားရည် လက်ဖက်စားဇွန်းတစ်ဇွန်း၊ ဆော်ဒါမှုန့် လက်ဖက်စားဇွန်း တစ်ဝက်၊ သံပရာရည် ၂-၃ စက်နဲ့ ရေနွေးတစ်ဖန်ခွက်လိုပါတယ်။ ပါဝင်ပစ္စည်းတွေကို ဖန်ခွက်တစ်ခွက်ထဲထည့်ဖျော်ပြီး ဆော်ဒါမှုန့်ထည့်မွှေပါ။ ပြီးရင် သောက်သုံးပေးရပါမယ်။ အဆုတ်ရှင်းစေပြီး ချောင်း ဆိုးသက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top