Healthy Life Ad
Q & A

ချောင်းဆိုးပျောက်ဆေးစွဲခြင်း (Cough Syrup Addiction)

မေး. သမီးအမျိုးသားက တရုတ်ကထုတ်တဲ့ ချောင်းဆိုးပျောက်ဆေးတစ်မျိုးကို မူးယစ်ဆေးအဖြစ် သုံးစွဲနေပါတယ်ဆရာ။ သူဆေးသုံးတာ တစ်နှစ်ခွဲလောက်ရှိပါပြီ။ သမီးသူ့ကိုဆေးဖြတ်စေချင်ပါတယ်။ သူကတော့ ဆေးပြတ်ချင်စိတ်မရှိပါ။ သူအရမ်းမေ့တတ်လာပါတယ်။ ဒီလိုမူးယစ်ဆေးသုံးရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲဆရာ။ သူ့ကိုဆေးပြတ်အောင် သမီးဘေးကနေဘာတွေ အတတ်နိုင်ဆုံးလုပ်ပေးလို့ ရပါသလဲ။

ဒေါက်တာတင့်ဆွေမှ ဖြေကြားပေးပါသည်။

ဖြေ. တရုတ်ကလာတဲ့ ချောင်းဆိုးပျောက်ဆေးထဲမှာ ဘယ်ဆေးပါသလဲမသိသေးပါ။ အိန္ဒိယကလာတဲ့ ချောင်းဆိုးပျောက်ဆေးကတော့ လူငယ်-လူကြီးတွေ စွဲနေကြတဲ့ Phensedyl (ဖင်စီဒိုင်း)ဖြစ်တယ်။ ချောင်းဆိုးနေသူကို ဆရာဝန်က တနေ့မှာ 5-10 ml သာ သောက်စေပါတယ်။

ဆေးစွဲဖြတ်ဖို့ဆိုတာ ကာယကံရှင်က စိတ်ပါလာဖို့က ပဌမဖြစ်တယ်။ စိတ်အထူးကုဆရာဝန်က ကူပေးနိုင်ပါတယ်။ ကိုယ့်မှာ ပြဿနာရှိနေတယ်လို့သိလာရင် ဦးဆုံးခြေလှမ်းဖြစ်တယ်။ မလွယ်ဘူးဆိုတာ လဲသိထားပါ။ ငါဖြတ်နိုင်ရမယ်လို့ ဆုံးဖြတ်နိုင်ရင်မုချ ပြတ်ပါတယ်။

ဆေးဖြတ်ခြင်းဟာ အပျော်တမ်းသမား အရည်အချင်းနဲ့မရပါ။ ဆေးဖြတ်လက္ခဏာတွေခံစားရမယ်။ မသက်မသာရှိနေမယ်။ ဒါတွေကို ရင်ဆိုင်ကျော်လွှားနိုင်ရင် သူရဲကောင်းဖြစ်တယ်။ ဆေးရည်သောက်ချိန်မှာ ဒါကိုသာတန်းတနေမှာဘဲ။ တခြားအာရုံနဲ့ အလုပ်တခုခုကို အစားထိုးပါ။

ချောင်းဆိုးပျောက်ဆေးဆိုတာ အမျိုးမျိုးရှိတယ်။ ဆေးကုဖို့သုံးတာမှာ ချောင်းခြောက်ဆိုးတာ၊ ချွဲထွက်အောင်နဲ့ ရင်ကြပ်တာသက်သာဖို့ ရောဂါမတူလို့ ချောင်းဆိုးပျောက်ဆေးထဲမှာ ပါတဲ့ဆေးတွေကလဲမတူပါ။ ချောင်းဆိုးပျောက်ဆေးတွေကိုစွဲကြတာ ကနေ့ခေတ်မှာ နေရာတကာမယ်ရှိတယ်။ စိတ်ပျော့သူတွေစွဲကြတဲ့ ချောင်းဆိုးပျောက်ဆေးတွေထဲမှာ Drixoral Cough Liquid Caps, Robitussin AC, Dectuss, Phenergan with Codeine, Phensedyl, and Pherazine with Codeine စတဲ့ ချောင်းဆိုးပျောက်ဆေးတွေ အပါအဝင်ဖြစ်တယ်။ ဆေးဖြစ်လို့ အန္တရာယ်မရှိဘူးထင်ရပေမဲ့ရှိပါတယ်။ စွဲလာတယ်။ ဖြတ်ဘို့ခက်တယ်။

Dextromethorphan (DXM) ပါတဲ့ဆေးသောက်ရင် အစမှာ သာယာမှုရတယ်။ ပိုပြီးစွဲသွားစေတယ်။ THC ဆေးဟာ ဆေးခြောက်နဲ့တူတယ်။ ဒါကြောင့် ရေတိုမှာ ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်မယ်၊ ကြွက်သားတွေ အားပြော့နေမယ်၊ မဟုတ်ပဲနဲ့ ကောင်းတယ်ပဲထင်နေမယ်။

ဘေးထွက်-ဆိုးကျိုးတွေကို ဝယ်ယူတယ်ဆိုတာ ဒီစွဲလမ်းမှုကိုပြောတာဖြစ်တယ်။ ဝမ်းနည်းပြီး စိတ်ဓာတ်ကျခြင်း၊ သူငယ်အိမ်ကျယ်ခြင်း၊ အတုနဲ့အစစ်ကိုမခွဲတတ်ခြင်း၊ မတ်တပ်ရပ်ရင်မူးဝေခြင်း၊ ကိုယ်ပူလိုက်၊ ချမ်းလိုက်ဖြစ်ခြင်း၊ ဆောက်တည်ရာမရ၊ ထိန်းသိမ်းမနိုင်ဖြစ်ခြင်း၊ စိတ်ဝေဒနာဖြစ်ခြင်း၊ မှတ်ဉာဏ်မေ့ခြင်း၊ ကြွက်သားတွေထိန်းလုပ်ရမှာတွေ မလုပ်နိုင်ခြင်း၊ အရေပြားအနီပြင်ထွက်ခြင်းနဲ့ လိင်စိတ်နည်းပါးလာခြင်းတွေဖြစ်မယ်။

ဆေးဖြတ်လက္ခဏာတွေ = အိပ်မရတာ၊ (စိုးရိမ် + စိတ်ကျ + မသက်မသာဖြစ်ခြင်း)၊ စိတ်ဓာတ်ကျခြင်းတွေဖြစ်မယ်။ စိတ်ဓာတ်ကျတာက အဆိုးဆုံးဖြစ်တယ်။ ညပိုင်းဆို တုန်တုန်ရီရီဖြစ်မယ်။ စိတ်ဝေဒနာသည်လိုနေမယ်။

SSRI စိတ်မကျဆေး၊ Yohimbe တိုင်းရင်းဆေး၊ MAO inhibitors စိတ်မကျဆေးတွေနဲ့ Anti- histamines (Claritan) အလာဂျီဆေးတွေနဲ့ ရောမိရင် သေစေနိုင်တယ်။ ကိုယ်ဝန်ဆောင်နေတုံး သောက်ရင် အထဲကကလေးကို သက်ရောက်မယ်။

ဆေးစွဲသူတိုင်း ဖြတ်ဖို့ဆိုတာ ကာယကံရှင်က စိတ်ပါလာဖို့ကပဌမဖြစ်တယ်။ ကိုယ့်ကျန်းမာရေးအတွက် ဆရာဝန်ဆီ အကူအညီတောင်းရခြင်းဟာ လုပ်သင့်တဲ့ ကောင်းတဲ့အလုပ်သာဖြစ်တယ်။ အောက်ကျနောက်ကျအလုပ်မျိုး မဟုတ်ပါ။

ချစ်လို့လက်ထပ်ပေါင်းသင်းထားတဲ့ ဇနီးမယားကနေဆေးဖြတ်စေချင်နေတယ်။ သမီးရည်းစားဘဝမှာ ဒီတောင်ကို မောင်ဖြိုပါ့မယ် မြင်းမိုရ်မို့လားဆိုတာ မျိုးပြောလေ့ရှိကြတယ်။ ဆေးဖြတ်ရတဲ့တောင်ကို သာဖြိုပြလိုက်ပါလားဗျာ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top