Healthy Life Ad
International

တစ်နေ့ အကြိမ် ၅၀ ခန့် အန်နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး

ကိုထက်

ဟန်နာဒယ်တန်ဟာ အသက်(၃၀)ရှိပြီး အင်္ဂလန်နိုင်ငံရှိ အက်ဆက်မြို့မှာ နေထိုင်သူဖြစ်ပါ တယ်။ သူရဲ့ သမီးဦးလေး ၃ နှစ်အရွယ်မှာ ဒုတိယကိုယ်ဝန်ရခဲ့ပါတယ်။ ဒယ်တန်ဟာ ကိုယ်ဝန်ရှိတဲ့ နေ့ကစပြီး ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ရှိတဲ့ အော့အန်တာနဲ့ အစားပျက်တာတွေဖြစ်ပွားလာပါတယ်။

သာမန်အားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၃ ယောက်မှာ ၂ ယောက်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အော့အန် တာတွေ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်ပွားတာဖြစ်ပြီး ကိုယ်ဝန် ၁၄ ပတ် ရှိချိန်မှာ အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ ၁၄ ပတ်ကျော်လို့မှ မပျောက်ကင်း သွားရင် ဂရုစိုက်စစ်ဆေးဖို့ လိုအပ်တယ်လို့သိရပါတယ်။

ဒယ်တန်ကတော့ ဒီလိုသာမန်ဖြစ်လေ့ရှိတဲ့ နာမကျန်းဖြစ်ခြင်းမျိုး မဟုတ်ပါဘူး။ သူဟာ တစ်နေ့ကို အကြိမ်ရေ ၅၀ ခန့် အော့အန်နေခဲ့ပြီး အစာလည်း လုံးဝမစားနိုင်၊ ရေလည်းမသောက်နိုင်ဖြစ် ခဲ့တာပါ။ သူဟာ ကိုယ်ဝန် ဆောင်ချိန် ပထမ ၆ လ လုံးလုံး အိပ်ရာထဲမှာလဲနေခဲ့ပါတယ်။ အဲဒီနောက် သူဟာ ဘီးတပ်ကုလားထိုင်ပေါ် မှာထိုင်ပြီး ကျန်တဲ့ ကိုယ်ဝန်ဆောင်ကာလ ၃ လကို ဆက်လက်ဖြတ်သန်းခဲ့ရတယ်လို့ သိရပါတယ်။
ဒယ်တန်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အလွန်အမင်းအော့အန်တဲ့ဝေဒနာတစ်မျိုး ဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ကာလ ၉ လလုံးကို နေ့စဉ် ကြိမ်ဖန်များစွာ အန်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အာဟာရ အလွန်လျော့နည်းနေတဲ့ အတွက် ပစ္စည်းသေးသေးလေးတွေကိုတောင် မနိုင်တော့တဲ့အပြင် ဆံပင်တွေလည်း ကျွတ်လာတယ်လို့ သိရပါတယ်။

“တခြားကိုယ်ဝန်ဆောင်တွေလို တစ်နေ့တစ်ခါ၊ နှစ်ခါလောက်အန်တာမဟုတ်ပါဘူး။ အခါ ၅၀ လောက်ကို အန်နေတာ၊ ပထမ၆လက အိမ်ရာ ထဲလဲနေပြီး နောက် ၃လကတော့ ဘီးတပ်ကုလားထိုင်နဲ့ သွားသွားလာလာ လုပ်လာနိုင်ပါတယ်၊ ကလေးမွေးပြီးလို့ ပြန်ကောင်းလာတဲ့အချိန်မှာ လမ်းကောင်းကောင်း မလျှောက်တတ် တော့လို့ ပြန်ပြီးလေ့ကျင့်ယူခဲ့ရတယ်”လို့ ဒယ်တန်က ပြောပြခဲ့ပါတယ်။
ဒယ်တန်ဟာ သူနဲ့ဒုတိယသမီးလေး အလက်ဇန်ဒါးကို ဧပြီ ၂ ရက်နေ့က အောင်မြင်စွာမွေးဖွား နိုင်ခဲ့ပါတယ်။ သမီးလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားခဲ့ပြီး သူရဲ့ ဝေဒနာတွေဟာလည်း အချိန်တိုအတွင်း သက်သာ ပျောက်ကင်းသွားခဲ့တယ်လို့ သိရပါတယ်။ သူဟာ ရောဂါကြီးကြီးမားမား ဖြစ်ပွားခဲ့တာမဟုတ်ဘဲ တခြားသူ တွေလိုပဲ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ရှိတဲ့ ဝေဒနာတွေကိုပဲ ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ သူများတွေထက်တော့ အတော်လေးကို ပိုပြီးပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာလို့ ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။

“အစားတွေပျက်နေတဲ့အတွက် ပေါင် ၃၀ လောက်ကျသွားခဲ့တယ်၊ ပထမဦးဆုံးပြန်စားတာက ကော်ဖီနဲ့ မုန့်လေးပါ၊ ပါးစပ်ထဲအစားမဝင်တာ ကြာလွန်းတော့ ဒီအရသာလေးကို တော်တော်လေး သဘောကျပြီး စိတ်ထဲ ကြည်နူးမိသလိုတောင ်ဖြစ်သွားတယ်၊ သမီးလေးကိုမွေးပြီးတာနဲ့ ချက်ချင်း နေပြန်ကောင်းပြီး အစားပြန် စားနိုင်လို့ အရမ်းဝမ်းသာမိတယ်၊ အစားကောင်းကောင်းပြန်စားနိုင်မှ သမီးကို နို့ဝအောင်တိုက်နိုင်မှာလေ”လို့ သူက ပြောပြခဲ့ပါတယ်။ ဒီလို ဝေဒနာတွေခံစားနေရချိန် သူ့အနေနဲ့ အခက်ခဲဆုံးအပိုင်းကတော့ ၃ နှစ်အရွယ် ပထမ သမီးလေးအဲလီဇဘက်ကို ဂရုမစိုက်နိုင်ခဲ့တာပါလို့ ဒယ်တန်က ဆိုခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top