Healthy Life Ad
Child

မွေးကင်းစကလေးငယ်ကြောင့် ဖြစ်တတ်သည့် မိခင်တို့၏ စိတ်ကျရောဂါလက္ခဏာများနှင့် ကာကွယ်ရန် အချက်အလက်များ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး- ကလေးမွေးပြီးကာစမှာ မိခင်တချို့က စိတ်ဓာတ်ကျတတ်ပါတယ်။ အဲဒီလို စိတ်ဓာတ်ကျတာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

ဖြေ- ကလေးမွေးပြီးချိန်မှာ တချို့မိခင်တွေက စိတ်ဓာတ်ကျတတ်ပါတယ်။ ဒါကို Postpartum De-pression လို့ ခေါ်ပါတယ်။ အဲဒီလို ဖြစ်ရတာက အကြောင်းရင်း နှစ်ချက်ကြောင့် ဖြစ်တတ်ပါတယ်။
တစ်ချက်က မွေးဖွားပြီးချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ရတာပါ။
နောက်တစ်ချက်က ခင်ပွန်းသည်နဲ့ တခြားဆွေမျိုးတွေက ကလေးကို ဝိုင်းပြီး မထိန်းပေးတာကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီအခါ ကလေးမွေးပြီးတဲ့အခါ အစားအသောက်ပျက်တယ်၊ ပင်ပန်းတယ်၊ အိပ်ရေး ပျက်တယ်၊ အလုပ်တွေကိုလည်း ပုံမှန်အတိုင်း မလုပ်နိုင်ဘူး၊ နောက်ပိုင်းမှာ မျှော်လင့်ချက်မဲ့သလို ဖြစ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာရာက စိတ်ကျတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ကလေးမွေး ပြီးချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် လည်းဖြစ်တတ်ပါတယ်။

မေး- ကလေးမွေးပြီးချိန် အမျိုးသမီးတွေမှာ ဟော်မုန်း အပြောင်းအလဲကြောင့် စိတ်ဓာတ်ကျတတ်တယ်ဆိုတော့ ဘယ်လိုပြောင်းလဲမှုဖြစ်ရတာပါလဲ ဆရာ။

ဖြေ- အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်း၊ ပရိုဂျက်စတီရုန်းဟော်မုန်းဆိုပြီး ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီဟော်မုန်းတွေက သူ့ဘာသာ တည်ငြိမ်နေပေမယ့် ကလေးမွေးပြီးချိန်မှာ ဟော်မုန်းတွေက အပြောင်းအလဲလေးတွေ ဖြစ်သွားပါတယ်။ ဒီအပြောင်းအလဲအပြင် စိတ်ခံစားမှုတွေပါ ပေါင်းစပ်ရာ က မွေးဖွားပြီးချိန်မှာ စိတ်ကျရောဂါ ဖြစ်လာတတ်ပါတယ်။

မေး- ဒီလိုမျိုး ကလေးမွေးပြီးစ မိခင်က စိတ်ဓာတ်ကျနေရင် မွေးကင်းစကလေးငယ်နဲ့ မိခင်အကြားမှာ ဘယ်လို ပြဿနာလေးတွေ ရှိတတ်ပါသလဲ ဆရာ။

ဖြေ- အထူးသဖြင့် မိခင်ကစိတ်ဓာတ်ကျပြီး အိပ်မပျော်တာ၊ စားမဝင်တာ၊ စိတ်မပျော်တာတွေ ဖြစ်နေရင် ကလေးကို မိခင်နို့ချိုတိုက်ဖို့ စိတ်မပါတာတွေ ဖြစ်တတ်တယ်။ မိခင်က သူ့ကိုယ်သူ အာရုံစိုက်နိုင်စွမ်း အားနည်းလာပြီး မိသားစုအပေါ်မှာ၊ အထူးသဖြင့် မွေးကင်းစရင်သွေးလေးအပေါ်မှာ အာရုံစိုက်ပြီး စောင့်ရှောက်ပြုစုနိုင်စွမ်း နည်းလာပါတယ်။ အဲဒီအခါ ကလေးကနို့မဝတာ၊ မိခင်ရဲ့ ထွေးပွေ့စောင့်ရှောက်မှုကို အပြည့်အဝမရရှိတာတွေ ဖြစ်တတ်ပါတယ်။

မေး- ဒီလိုမျိုး ကလေးမွေးပြီးချိန်မှာ မိခင်တွေ စိတ်ကျရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ဆရာ။

ဖြေ- ကာကွယ်လို့ ရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်၊ ကလေးမွေးလာပြီ ဆိုရင် ကိုယ်ရဲ့ မိခင်ဘဝကို ကျေနပ်ပျော်ရွှင်အောင် ကြိုးစားနေထိုင်ဖို့တော့ လိုအပ်ပါတယ်။ ဒါက မိခင် တွေမှာတင်မကဘူး၊ ဖခင်တွေမှာပါ တာဝန်ရှိပါတယ်။ ဖခင်တွေကလည်း ကလေးမွေးဖွားချိန်မှာ ကိုယ့်ဇနီးကို အားပေးနှစ်သိမ့်ဖို့၊ ကလေးစောင့်ရှောက်နေချိန်မှာ အတူကူညီပေးဖို့၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေ သူငယ်ချင်း တွေကလည်း ကလေးမွေးထားတဲ့ သူကိုစိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားပေး ဖေးမနှစ်သိမ့်မှုတွေ ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ မိခင်က ကလေးနို့တိုက်ရလို့ မအိပ်ရတာ၊ ကောင်းကောင်းမစားရတာ၊ ကိုယ်လုပ်နေကျ အလုပ်တွေကို မလုပ်နိုင်တာတွေကြောင့် ဖြစ်လာတဲ့ စိတ်ပင်ပန်းမှုတွေကို လျော့ပါးသက်သာအောင် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

မေး- ကလေးမွေးဖွားပြီးကာစ မိခင်တွေ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် ထပ်မံပညာပေးလိုတာ ရှိရင် သိပါရစေ ဆရာ။

ဖြေ- ကိုယ်က နဂိုကတည်းက စိတ်ကျတတ်တယ်၊ စိတ်ခံစားလွယ်တယ်ဆိုရင် ကလေးမွေးလာချိန်မှာ တတ်နိုင်သမျှ စိတ်ကိုလျှော့ပြီး ကိုယ့်သားသမီးကို ချစ်တဲ့စိတ်နဲ့ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်စိတ်ကိုလျှော့ချနိုင်အောင် တတ်နိုင်သမျှ အကောင်းမြင်အတွေးလေးပဲ တွေးပြီး ဘာသာတရား လိုက်စားတာမျိုး လုပ်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top