Healthy Life Ad
Life Style

“ကြောက်ရင် မပြေးနဲ့”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အပြင်လူနာစိတ်ကျန်းမာရေးဌာနမှ ဝန်ထမ်းပေါင်းစုံပညာပေး ဆွေးနွေးပွဲဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ သူနာပြုအေမီက သူကြည့်ရှုကုသပေးနေတဲ့ လူနာတွမ်ရဲ့ ရောဂါကိုတင်ပြတယ်။

“ရင်ဆိုင်ထိတွေ့တုန့်ပြန်မှုတားဆီးကုထုံး” (Exposure And Response Prevention)ကို တွမ်က မှန်မှန်ကန်ကန် စွဲစွဲမြဲမြဲလေ့ကျင့်တာကြောင့် အိုစီဒီရောဂါ သိသိသာသာ သက်သာလာပါပြီ”လို့ အေမီက နိဂုံးချုပ်စကားပြောတယ်။

လက်ထောက်ဆရာဝန် ဒေါက်တာဂျွန်က အေမီကို ပညာစမ်းတယ်။

“ရင်ဆိုင်ထိတွေ့ တုန့်ပြန်မှုတားဆီးကုထုံး”ကို အသုံးပြုကုသပေးနိုင်တဲ့ တခြားစိတ်ရောဂါတွေ ရှိသေးတယ်။ အေမီ သိပါသလား”

သူနာပြုအေမီက စာရေးသူကို အကူအညီတောင်းတဲ့ ပုံသဏ္ဍာန်နဲ့ကြည့်ပြီး ငြိမ်သက်နေပါတယ်။ စာရေးသူက အလိုက်သိစွာရှင်းပြတယ်။

“ရင်ဆိုင်ထိတွေ့တုန့်ပြန်မှု တားဆီးကုထုံး”မှာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ ပထမပိုင်းက လူနာကြောက်တဲ့ “အရာ” (ဝတ္ထုပစ္စည်း၊ တိရစ္ဆာန်၊ အခြေအနေ၊ စိတ်ကူး)ကို ရင်ဆိုင်ထိတွေ့ခြင်း (Exposure)ဖြစ်တယ်။ ဒုတိယပိုင်းက အဲဒီလူနာကြောက်တဲ့ “အရာ”နဲ့ ရင်ဆိုင်ရတဲ့အခါ လူနာတုန့်ပြန်လေ့ရှိတဲ့ ပုံမှန်အပြုအမူကိုမပြုလုပ်ဖို့ တားဆီးခြင်း (Response Prevention) ဖြစ်ပါတယ်။

အဲဒီအခြေခံသဘောကို အသုံးချပြီး တီထွင်ထားတဲ့ တခြားကုထုံးတွေရှိပါတယ်။ ရင်ဆိုင်ထိတွေ့ခြင်း နှစ်မျိုးရှိတယ်။ စိတ်ကူးထဲမှာ ရင်ဆိုင်ထိတွေ့စေခြင်း (Exposure in Imagination)နဲ့ ကိုယ်ထိလက် ရောက်ရင်ဆိုင်ထိတွေ့စေခြင်း (Exposure in Vivo) တို့ ဖြစ်တယ်။ ဥပမာ-စနစ်တကျ ယဉ်ပါးစေခြင်းကုထုံး” (Systematic Desensitisation) က စိတ်ကူးထဲမှာ ရင်ဆိုင်ထိတွေ့စေတဲ့ ကုထုံးဖြစ်တယ်။ “ကြောက်စိတ်လျှံတက်လောင်ကျွမ်းစေသောကုထုံး” (Flooding or Implosion Therapy)နဲ့ “ အဆင့်ဆင့် ကိုယ်ထိလက်ရောက် ရင်ဆိုင်ထိတွေ့မှုကုထုံး” (Graded Exposure Therapy) တွေကတော့ ကိုယ်ထိလက်ရောက် ရင်ဆိုင်ထိတွေ့နည်းကို အသုံးပြုတဲ့ ကုထုံးတွေ ဖြစ်ပါတယ်။

အဲဒီကုထုံးတွေကို “တစ်စုံတစ်ခု ကြောက်စိတ်လွန်ကဲရောဂါ” (Phobic Disorder)၊ “အလွန်အ မင်းကြောက်ရွံ့ထိတ်လန့်ရောဂါ” (Panic Disorder) နဲ့ “ဘေးဒုက္ခကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုဝေဒနာ” (Post Traumatic Stress Disorder) ရောဂါတွေမှာ အသုံးပြုပါတယ်။

သူနာပြုအေမီက “စနစ်တကျယဉ်ပါးစေခြင်း ကုထုံး” အကြောင်းကို သိချင်ပါတယ်”လို့ တောင်းဆိုပါတယ်။

“ကျွန်တော်ဆရာဝန်ဖြစ်စအချိန်တုန်းက စနစ်တကျယဉ်ပါးစေခြင်းကုထုံးကို စတင်တီထွင်ခဲ့ကြပါတယ်။ အဲဒီကုထုံးမှာ အဆင့်သုံးဆင့်ရှိပါတယ်။ ပထမအဆင့်မှာ လူနာကြောက်စိတ်လွန်ကဲတဲ့အရာနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာပါတယ်။ ဥပမာ- ပင့်ကူကို ကြောက်စိတ်လွန်ကဲတဲ့ရောဂါ (Spider Phobia)ဆိုပါတော့။ အဲဒီရောဂါမှာ လူနာအကြောက်ရွံ့ဆုံးအခြေအနေက ပင့်ကူကို အရှင်လတ်လတ်လက်နဲ့ ကိုင်တွယ်ကြည့်တာဖြစ်မယ်။ ကြောက်စိတ်အနည်းဆုံးအခြေအနေက ပင့်ကူတစ်ကောင်ရဲ့ ဓာတ်ပုံကို အဝေးက ကြည့်မြင်ရတာဖြစ်မယ်။ အဲဒီအခြေအနေနှစ်ခုကြားထဲမှာ အလယ်အလတ် ကြောက်စိတ်ဖြစ်ပေါ်စေတဲ့ အခြေအနေအမျိုးမျိုးရှိနိုင်တယ်။ ဥပမာ-ပင့်ကူအသေကောင်ကို အဝေးမှကြည့်ခြင်း၊ အနီးကပ်ကြည့်ခြင်း၊ လက်နဲ့တို့ထိကြည့်ခြင်း၊ ပင့်ကူအရှင်ကို တုတ်နဲ့ထိုးကြည့်ခြင်း စသဖြင့်ပေါ့ဗျာ။ အဲဒီလိုကြောက်စိတ်အနည်းဆုံး ဖြစ်ပေါ်စေတဲ့ အခြေအနေမှ ကြောက်စိတ်အများဆုံးဖြစ်ပေါ်စေတဲ့ အခြေအနေစာရင်း (Anxiety Hierarchy) ပြုစုရမယ်။

ဒုတိယအဆင့်က လူနာကိုကြွက်သားဖြေလျှော့နည်း (Muscle Relaxation) သင်ကြားပေးတယ်။ လူနာကိုယ်တိုင် အချိန်ယူလေ့ကျင့်ရတယ်။ လေ့ကျင့်ဖန်များလာရင် လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့အချိန်မှာ ကြွက်သားပြေလျော့အောင် အလွယ်တကူ ဆောင်ရွက်နိုင်လိမ့်မယ်။ ဘာကြောင့်ကြွက်သားဖြေလျှော့နည်း သင်ယူဖို့ လိုအပ်သလဲလို့ မေးချင်လား။ ကြွက်သား ပြေလျော့နေရင် စိုးရိမ်စိတ် ကြောက်စိတ်လျော့နည်းပါတယ်။ ကြွက်သားပြေလျော့တဲ့အခါ ခံစားရမှုနဲ့ စိုးရိမ်စိတ်ကြောက်စိတ်က အတူဒွန်တွဲမနေနိုင်ဘူး။ သူတို့အချင်းချင်း အပြန်အလှန်တားဆီးချုပ်ထိန်း (Reciprocal Inhibition)တဲ့ သဘောရှိတယ်။

တတိယအဆင့်က ကြွက်သားပြေလျော့နေတဲ့အချိန်မှာ လူနာကြောက်တဲ့အခြေအနေကို စိတ်ထဲမှာ ထင်ထင်ရှားရှား မြင်ယောင်လာအောင် စဉ်းစားကြည့်ရတယ်။ ကြောက်စိတ်အနည်းဆုံး ဖြစ်ပေါ်စေတဲ့ အခြေအနေက စတင်ရမယ်။ အောင်မြင်မှုရှိရင် ကြောက်စိတ်ပိုပြီး ဖြစ်ပေါ်စေတဲ့ အခြေအနေကို တဆင့်တက်ပြီး စဉ်းစားရပါတယ်။ အဲဒီလိုနည်းနဲ့ ကြောက်စိတ်အမြင့်ဆုံးဖြစ်ပေါ်စေတဲ့ အခြေအနေအထိ တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်ရပါတယ်”

စာရေးသူစကားဆုံးတော့ ဒေါက်တာဂျွန်က သူ့အတွေ့အကြုံကို ပြောပြတယ်။

“နောက်ဆုံးထုတ် စိတ်ကျန်းမာရေးဆေးပညာ ဂျာနယ်တွေထဲမှာ စနစ်တကျယဉ်ပါးစေခြင်းကုထုံးကို ထောက်ခံရေးသားတာသိပ်ပြီး မတွေ့ရတော့ဘူး”

စာရေးသူအဖြေမပေးခင် စိတ်ပညာရှင်အိုင်းရင်းက ပါဝင်ဆွေးနွေးပါတယ်။

လူတိုင်းက ကြွက်သားဖြေလျှော့နည်းကို ထိထိရောက်ရောက် မလေ့ကျင့်နိုင်တာရှိတယ်။ တချို့လူတွေက စိတ်ထဲမှာမြင်ယောင်လာအောင် စိတ်ကူးကြည့်နိုင်မှု အားနည်းပါတယ်။ စိတ်ကူးမကောင်းဘူးဆိုပါတော့။ နောက်ပြီး စနစ်တကျ ယဉ်ပါးစေခြင်းကုထုံးအတွက် လေ့ကျင့်ဖို့အချိန်ကြာတယ်။ ဒါကြောင့် အခုခေတ်မှာ . . .

“စနစ်တကျ ယဉ်ပါးစေခြင်းကုထုံးမှာ အားနည်းချက်တွေရှိပါတယ် ဒေါက်တာ။ လူတိုင်းက ကြွက်သားဖြေလျှော့နည်းကို ထိထိရောက်ရောက်မ လေ့ကျင့်နိုင်တာရှိတယ်။ တချို့လူတွေက စိတ်ထဲမှာ မြင်ယောင်လာအောင် စိတ်ကူးကြည့်နိုင်မှု အားနည်းပါတယ်။ စိတ်ကူးမကောင်းဘူးဆိုပါတော့။ နောက်ပြီး စနစ်တကျ ယဉ်ပါးစေခြင်းကုထုံးအတွက် လေ့ကျင့်ဖို့ အချိန်ကြာတယ်။ ဒါကြောင့် အခုခေတ်မှာ “ကိုယ် ထိလက်ရောက် ရင်ဆိုင်ထိတွေ့ကုထုံး”ကို အသုံးပြုလာကြပါတယ်။ ခုနက ဒေါက်တာအုန်းပြောခဲ့သလိုပေါ့။ ကိုယ်ထိလက်ရောက် ရင်ဆိုင်ထိတွေ့ကုထုံး နှစ်မျိုးရှိပါတယ်”

အလုပ်သင်ဆရာဝန်ဒေစီက တောင်းဆိုပါတယ်။

“ကိုယ်ထိလက်ရောက်ရင်ဆိုင် ထိတွေ့ကုထုံးအကြောင်း ရှင်းပြပေးပါ”

စိတ်ပညာရှင် အိုင်းရင်းက ဆက်လက်ရှင်းပြပါတယ်။

“ကြောက်စိတ်လျှံတက်လောင်ကျွမ်းစေသောကုထုံး” (Implosion Therapy) ကို ဦးစွာ ရှင်းပြမယ်။ ဒီကုထုံးမှာ လူနာကို သူအကြောက်ဆုံးအခြေအနေနဲ့ အစွမ်းကုန်ရင်ဆိုင် ထိတွေ့စေပါတယ်။ ဥပမာ-ပင့်ကူကြောက်စိတ်လွန်ကဲရောဂါဆိုပါတော့။ ပင့်ကူအရှင်ကို လူနာက ထိတွေ့ကိုင်တွယ်ထားရတယ်။ (လက်အိတ်တော့ ဝတ်ရတာပေါ့)။ လူနာအလွန်အမင်း ကြောက်ရွံ့ထိတ်လန့်လာလိမ့်မယ်။ ဒါပေမဲ့ ပင့်ကူကို လွှင့်မပစ်စေနဲ့၊ နေရာက ထွက်မပြေးစေနဲ့၊ ပင့်ကူကို မြဲမြဲကိုင်ထားခိုင်း၊ လူနာခံစားနေရတာကို ပြောခိုင်း၊ တစ်ကြိမ်မှာ အနည်းဆုံး နာရီဝက်-တစ်နာရီလောက် လေ့ကျင့်ဖို့လိုတယ်။ အချိန်ကြာလာတော့ ကြောက်စိတ်က အရှိန်ကျလာလိမ့်မယ်။ ပင့်ကူကို အရှင်လတ်လတ် ကိုင်ထားပေမယ့် ကြောက်စိတ်ပြေပျောက်လာတာ တွေ့ရလိမ့်မယ်။ ကြောက်စိတ်သိသိသာသာ လျော့နည်းသွားမှ ကုသမှုကို ရပ်နားရမယ်။ အဲဒီလို အကြိမ်ကြိမ်လေ့ကျင့်ရမယ်”

အလုပ်သင်ဆရာဝန် ဒေစီက မကျေနပ်တဲ့လေသံနဲ့ ဝေဖန်ပါတယ်။

“ဒီနည်းက လူနာကို ညှဉ်းဆဲရာရောက်တာပေါ့။ လာမယ့်ဘေးကို ပြေးတွေ့ခိုင်းသလို ဖြစ်မနေဘူးလား”

စာရေးသူက ကြားဖြတ်ဖြေကြားပါတယ်။

“ရက်စက်မှ ကြေကွဲတယ်ဆိုသလိုပေါ့။ ဒါကြောင့် လူနာနဲ့ ကုသသူ ပညာရှင်အကြား ယုံကြည်လေးစားတဲ့ ဆက်ဆံရေးရှိဖို့ အရေးကြီးတယ်။ ကုထုံးအကြောင်းကို လူနာသဘောပေါက်နားလည်အောင် ရှင်းပြထားရမယ်။ တချို့လူနာတွေကတော့ ပိုပြီးညင်သာတဲ့ “အဆင့်ဆင့် ကိုယ်ထိလက်ရောက်ရင် ဆိုင်ထိတွေ့ကုထုံး” (Graded Exposure Therapy) ကို ပိုမိုနှစ်ခြိုက်ပါတယ်”

“အဲဒီနည်းက . . .”

“အဲဒီနည်းမှာ အနိမ့်ဆုံး၊ အမြင့်ဆုံး ကြောက်စိတ်ဖြစ်ပေါ်စေတဲ့ အခြေအနေများ (Anxiety Hirarchy) ကို စာရင်းပြုပါတယ်”

“စနစ်တကျယဉ်ပါးစေခြင်း ကုထုံးမှာလိုလား”

“ဟုတ်ပါတယ်။ ပြီးတော့ လူနာကို အနည်းဆုံးကြောက်စိတ်ဖြစ်ပေါ်စေတဲ့ အခြေအနေနဲ့စတင်ရင် ဆိုင်ထိတွေ့စေပါတယ်။ ဥပမာ-ပင့်ကူဓာတ်ပုံကိုကြည့်ခြင်း၊ ဓာတ်ပုံကို ထိတွေ့ခြင်းက စပါတယ်။

လူနာခံနိုင်ရည်ပေါ်မူတည်ပြီး တဖြည်းဖြည်းအဆင့်တိုးပေးတယ်။ နောက်ဆုံးပင့်ကူအရှင်ကို လက်တွေ့ ကိုင်တွယ်ကြည့်ရှုနိုင်တဲ့ အဆင့်အထိပေါ့”

လူမှုရေးအရာရှိ မေရီက စူးစမ်းမေးမြန်းပါတယ်။

“လူနာကြောက်နေတဲ့ အရာနဲ့ ထိတွေ့ပေးရင် ကြောက်စိတ်လွန်ကဲရောဂါက ပိုပြီးဆိုးရွားမလာဘူးလား”

“လက်တွေ့မှာ အဲဒီလိုမဟုတ်ပါဘူး။ ကြောက်စိတ်လွန်ကဲရောဂါ သက်သာပျောက်ကင်းလာတာကို တွေ့ရှိရပါတယ်။ ကိုယ်ထိလက်ရောက် ရင်ဆိုင်ထိတွေ့ကုထုံးကို အခြေပြုထားတဲ့ နိယာမနှစ်မျိုးရှိပါတယ်။ (၁) ကြောက်စိတ်ဆိုတာ စိတ်ခံစားမှုတစ်မျိုး ပဲ။ အချိန်ကြာလာရင် အရှိန်သေသွားပြီး အလိုအ လျောက် ပျောက်ကင်းသွားတတ်တဲ့ သဘောရှိတယ်။ (၂) အပြုအမူတစ်ခုကို ‘ဆုချ’ရင် အဲဒီအပြုအမူက ရှင်းသန်ကြီးထွားစွဲမြဲလာတဲ့ သဘောရှိပါတယ်။

ကြောက်စိတ်လွန်ကဲရောဂါမှာ ကြောက်စိတ်သံသရာလည်နေတာ ရှိတယ်။ ဥပမာ-ပင့်ကူကြောက် စိတ်လွန်ကဲရောဂါဆိုပါတော့။ “ပင့်ကူနဲ့ တွေ့-ကြောက်စိတ်ဖြစ်ပေါ်-အဝေးရှောင်ပြေး-ကြောက် စိတ်ပြေလျော့သွား”ဆိုတဲ့ သံသရာပါ။ ဒီနေရာမှာ ကြောက်စိတ်ပြေပျောက်သွားတဲ့ (စိတ်အေးချမ်းသွားတဲ့) ခံစားရမှုက လူနာအတွက် ဆုလာဘ်ဖြစ်ပါတယ်။ ဒါကြောင့် ပင့်ကူကိုမြင်ရင် ထွက်ပြေးတဲ့ အပြုအမူက စွဲမြဲလာတယ်။ ထွက်ပြေးမှ ကြောက်စိတ်ပြေပျောက်တာဖြစ်တော့ ပင့်ကူကို ယဉ်ပါးတဲ့ စိတ်မရရှိနိုင်တော့ဘူး။ Desensitise မဖြစ်တော့ဘူး။

ကိုယ်ထိလက်ရောက်ရင်ဆိုင်ကုထုံးက အဲဒီလိုကြောက်စိတ်လွန်ကဲသံသရာကို ဖြတ်တောက်ပေးပါတယ်”

“ကြောက်ရင်ထွက်မပြေးနဲ့လို့ ကျွန်မလူနာတွေကို အကြံဉာဏ်ပေးရမယ်ပေါ့”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top