Healthy Life Ad
Health Tips

အနည်းငယ်စိတ်ဓာတ်ကျခြင်းအတွက် ထိရောက်သော အိမ်တွင်းကုထုံး

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

စိတ်ဓာတ်ကျတဲ့ဝေဒနာကို အနည်းငယ်ပဲဖြစ်ဖြစ် ခံစားရတဲ့အခါ စိတ်ကျခြင်းကင်းဝေးပြီး စိတ်ခံစားမှုချက်ချင်း မြင့်တက်လာစေဖို့ သဘာဝအိမ်တွင်းကုထုံးတွေကို လိုက်နာသင့်ပါတယ်။

– သဘာဝဆေး လက်ဖက်စိမ်းလက်ဖက်ရည်

လတ်လတ်ဆတ်ဆတ်နှပ်ထားတဲ့ လက်ဖက်စိမ်းလက်ဖက်ရည် သောက်တာကြောင့် စိတ်ကျဝေဒနာအသေးအမွှားကို ကင်းစင်စေတယ်ဆိုတာ သင်သိပါသလား။ အကြောင်းကတော့ လက်ဖက်စိမ်းလက်ဖက်ရည်တစ်ခွက်မှာ စိတ်ကျဝေဒနာကင်းစင်စေတဲ့ L-theanine ပါဝင်လို့ပါ။ ဒီဒြပ်ပေါင်းဟာ ဦးနှောက်ထဲက ဆီရိုတိုနင်လို့ခေါ်တဲ့ စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းအထွက် တိုးစေတာကြောင့် ပူပင်သောက ကင်းဝေးစေပါတယ်။

– သဘာဝဆေး ပန်းသီး

တစ်နေ့ ပန်းသီးတစ်လုံးစားတာကြောင့် ဆရာဝန်နဲ့ ဝေးဝေးမှာနေနိုင်ရုံသာမက စိတ်ကျဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ ပန်းသီးမှာ ဂလူတမစ်အက်စစ်လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတဲ့အပြင် စိတ်ကျရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– သဘာဝဆေး ဗီတာမင်ဘီအုပ်စု ပါဝင်မှုများသည့် အစားအစာများ

ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကောင်းမွန်ဖို့ အရေးပါတဲ့ အာဟာရဓာတ်ထဲမှာ ဗီတာမင်ဘီ ပါဝင်ပါတယ်။ ဗီတာမင်ဘီပါဝင်မှုများတဲ့ အစာကို ကိုယ်နေ့စဉ်စားတဲ့အစာထဲ ထည့်စားတာကြောင့် စိတ်ကျရောဂါ အသေးစားကို တွန်းလှန်ပေးနိုင်ပါတယ်။ ဗီတာမင်ဘီပါဝင်မှုများတဲ့ အစာတွေက အမဲသား၊ တိရစ္ဆာန်အသည်း၊ ပဲသီးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။

– သဘာဝဆေး အိုမီဂါ၃ ဖက်တီးအက်စစ်ပါဝင်မှုများသည့်အစာများ

အိုမီဂါ၃ ဖက်တီးအက်စစ်က နှလုံးသွေးကြောစနစ်ကျန်းမာဖို့၊ အဆစ်တွေ ရောင်ရမ်းနာကျင်မှု ကင်းဝေးစေဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ဓာတ်ပါ။ အိုမီဂါ၃ ဖက်တီးအက်စစ်က ဦးနှောက်လုပ်ငန်းဆောင်တာကောင်းမွန်ဖို့အတွက်ရော မှတ်ဉာဏ်ကောင်းမွန်ဖို့အတွက်ပါ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေက စိတ်ကျဝေဒနာကို တွန်းလှန်နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှုများတဲ့ အစာတွေက အခွံမာသီးနဲ့ အစေ့အဆန်တွေ ဖြစ်ပါတယ်။

– သဘာဝဆေး ဆီလီနီယမ်ပါဝင်မှုများသည့် အစာများ

စိတ်ဓာတ်ကျသူအများစုမှာ ဆီလီနီယမ်ဓာတ်လျော့ပါးနေတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ နေ့စဉ် ဆီလီနီယမ်ပါဝင်တဲ့ အစားအသောက်တွေကို စားသောက်ပေးတာကြောင့် စိတ်ကျဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ ဆီလီနီယမ်ပါဝင်မှုများတဲ့ အစားအသောက်တွေက အခွံမာသီး၊ အစေ့အဆန်နဲ့ ပင်လယ်စာတွေပဲဖြစ်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top