Healthy Life Ad
International

အလွန်ရှားပါးသည့် အသက်ရှင်လျက် နှလုံးလှူဒါန်းခွင့်ရရှိခဲ့သူ

၊ ကိုထက် ၊

ကိုယ်တွင်းအင်္ဂါတချို့ဟာ တစ်စိတ်တစ်ပိုင်းခွဲထုတ်ပြီး လိုအပ်သူတွေကို အစားထိုးကုသပေးလို့ရပေမယ့် တချို့အရာတွေကတော့ တစ်ပိုင်းစီခွဲယူလို့မရဘဲ တစ်ခုလုံးထုတ်ယူပြီးမှသာ အစားထိုးပေးလို့ရပါတယ်။ နှလုံးကလည်း ဒီလိုတစ်စိတ်တစ်ပိုင်း ခွဲထုတ်ပေးလို့မရတဲ့အတွက် နှလုံးအစားထိုးကုသဖို့ လိုအပ်သူတိုင်းနီးပါးဟာ သေဆုံးသွားတဲ့ နှလုံးအလှူရှင်တွေဆီကပဲ ရယူခဲ့ကြရတာဖြစ်ပါတယ်။

အသက် ၅၅နှစ်အရွယ် လင်ဒါကားဟာ သူရဲ့နှလုံးရောဂါအခြေအနေအရ နှလုံးအစားထိုးကုသဖို့ လိုအပ်ခဲ့ပါတယ်။ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ တင်မီဟာ သူရဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးကြောင့် အဆုတ်အစားထိုးကုသဖို့ လိုအပ်လာပါတယ်။ တင်မီရဲ့ ရောဂါအခြေအနေအရ သူရဲ့နှလုံးဟာ ကျန်းမာနေသေးပေမယ့်လည်း နှလုံးနဲ့အဆုတ်ကိုတွဲလျက် တစ်စုံလုံးလဲလှယ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တင်မီဟာ သေဆုံးသွားတဲ့ အလှူရှင်တစ်ဦးထံမှ နှလုံးနဲ့အဆုတ်ကို အစားထိုးကုသဖို့ရယူခဲ့ကာ သူရဲ့နှလုံးကို လင်ဒါအတွက် ပြန်လည်လှူဒါန်းပေးခဲ့ပြီး အလွန်ရှားပါးတဲ့ အသက်ရှင်လျက် နှလုံးလှူဒါန်းခွင့်ရရှိခဲ့သူတစ်ဦးဖြစ်လာပါတယ်။

နှလုံးရောဂါမျိုးရိုးရှိတဲ့ လင်ဒါဟာ သူရဲ့နှလုံးရောဂါကြောင့် လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့တဲ့ အခြေအနေရောက်နေခဲ့ပြီး ဆရာဝန်တွေက နှလုံးအစားထိုးကုသဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ လင်ဒါဟာ သူရဲ့အသက်အရွယ်ကြောင့် နှလုံးအစားထိုးဖို့ ဦးစားပေးစာရင်းထဲမှာ မပါဝင်တဲ့အတွက် လပေါင်း ၃၀ ကျော်ကြာ နှလုံးအလှူရှင်ပေါ်လာဖို့ စောင့်ဆိုင်းနေခဲ့ရပြီး တစ်ရက်မှာတော့ ကယ်လီဖိုးနီးယားဆေးရုံမှ ရှားပါးတဲ့ ကုထုံးလုပ်ငန်းစဉ်တစ်ခု ပြုလုပ်မှာဖြစ်ပြီး သူ့အတွက် နှလုံးအစားထိုးကုသမှုခံယူနိုင်ဖို့ အခွင့်အရေးရရှိမှာဖြစ်ကြောင်း သူမကို ဆက်သွယ်ပြောကြားလာတယ်လို့ သိရပါတယ်။

တင်မီကလည်း သူရဲ့အသက်ရှူရခက်ခဲတဲ့ရောဂါကြောင့် ၂၄ လေးနာရီပတ်လုံး အသက်ရှူကိရိယာနဲ့ အောက်ဆီဂျင်ပေးထားရပြီး ပျက်စီးနေတဲ့ သူရဲ့အဆုတ်က လေထဲကတစ်ဆင့်ပါလာတဲ့ ဘက်တီးရီးယားပိုးတွေကို မခုခံနိုင်တော့ဘဲ အဆုတ်တွင်းမှာ စုမိနေတယ်လို့သိရပါတယ်။ သူဟာ အဆုတ်အစားထိုးကုသဖို့လိုအပ်ပြီး သူမရဲ့ အခြေအနေအရ အဆုတ်နဲ့ နှလုံးတစ်စုံလုံးအစားထိုးတဲ့ကုထုံးကို အသုံးပြုဖို့လိုတယ်လို့ ဆရာဝန်တွေက ကောက်ချက်ချခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့နှလုံးက ကောင်းမွန်ကျန်းမာနေတုန်းပဲဖြစ်တဲ့အတွက် ဆရာဝန်တွေက ပြုလုပ်ခဲတဲ့ ကုထုံးလုပ်ငန်းစဉ်တစ်ခုကိုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကတော့ သေဆုံးသူအလှူရှင် တစ်ဦးထံမှ နှလုံးနဲ့ အဆုတ်တစ်တွဲလုံးကို တင်မီကိုပေးမှာဖြစ်ပြီး တင်မီရဲ့နှလုံးကို လင်ဒါထံ တစ်ဆင့်အစားထိုးပေးမယ့် လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။

နှစ်ဦးနှစ်ဖက်လုံးမှ သဘောတူညီမှုရရှိခဲ့ပြီး ခွဲစိတ်မှုအတွက် စတင် စီစဉ်ခဲ့ကြပါတယ်။ ခွဲစိတ်ကုသမှုကို အဖွဲ့သုံးဖွဲ့ခွဲပြီး နှစ်ဦးလုံးကို တစ်ပြိုင်တည်း အစားထိုးကုသမှုပြုလုပ်ပေးခဲ့ကြပါတယ်။ အစားထိုးကုသမှုအားလုံး အောင်မြင်မှုရရှိခဲ့ကြပြီး မတ် လ ၁၇ ရက်နေ့မှာ ကုသမှုခံယူသူ အမျိုးသမီးနှစ်ဦး ပထမဦးဆုံး အကြိမ်တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ စတွေ့ခဲ့ကြပါတယ်။

“အဖြစ်ကတော့ ထူးဆန်းပါတယ်၊ ကျွန်မအသက်ကိုတစ်ယောက်ကကယ်ခဲ့ပြီး တစ်ချိန်ထဲမှာပဲ ကျွန်မက နောက်တစ်ယောက်အသက်ကိုလည်း ကယ်ခွင့်ရခဲ့ပါတယ်၊ ပိုပြီးထူးဆန်းတာက ကျွန်မကိုယ်ထဲမှာ မရှိတော့တဲ့ ကျွန်မရဲ့နှလုံးခုန်သံကို ကိုယ်တိုင်ကြားခွင့်ရလိုက်တာပဲ”လို့ တင်မီကပြောပြခဲ့ပါတယ်။ တစ်သက်လုံး ချူချာလာတဲ့အတွက် အခုလို ကိုယ်တွင်းအစိတ်အပိုင်းလှူဒါန်းသူစာရင်းထဲမှာ ပါဝင်လာခွင့်ရတဲ့အတွက်လည်း အရမ်းဝမ်းသာမိတယ်လို့ သူက ပြောပြခဲ့ပါသေးတယ်။

“ကျွန်မအတွက်လည်း အရမ်းကံကောင်းတဲ့အဖြစ်ပါပဲ၊ ကျွန်မတို့နှစ်ယောက်လုံးဟာ အသက်အရွယ်လည်း သိပ်မကွာတဲ့အပြင် သွေးအမျိုးအစားတွေ ကိုက်ညီနေခဲ့တဲ့အတွက် ကျွန်မဒီအခွင့်အရေးကို ရရှိခဲ့တာပါ၊ ပြီးတော့ ကျွန်မရဲ့ နှလုံးအလှူရှင်ကိုလည်း ကိုယ်တိုင်ကျေးဇူးတင်တယ်လို့ ပြောခွင့်ရခဲ့ပါတယ်”လို့ လင်ဒါကလည်း ပြောပြခဲ့ပါတယ်။

အခုဆိုရင် နှစ်ယောက်လုံးဟာ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်နေကြပြီး သူတို့ရဲ့ ပြန်လည်ကျန်းမာလာတဲ့ ဘဝအတွက် ဝမ်းသာပျော်ရွှင်နေကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top