Healthy Life Ad
Life Style

ပုံတူကိုယ်ပွားယုံမှားမှုလွန်ကဲရောဂါ (၁)

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

လမ်းကြုံတာနဲ့ မိတ်ဆွေကိုတာရဲ့ အိမ်ကို စာရေးသူ အလည်ရောက်သွားတယ်။ ကိုတာရဲ့ ဇနီးက ကြိုဆိုနှုတ်ဆက်ပါတယ်။

‘လာပါ ကိုအုန်းကျော်။ မတွေ့ရတာ ကြာလို့ ဗြုန်းကနဲ မမှတ်မိဘူး။ ကြော်ငြာစာရွက်ကမ်းတဲ့ လူတစ်ယောက် ခြံထဲဝင်လာသလားလို့ “ကြောင်ပြီး” ကြည့်နေမိတာပါ’

ကိုတာက နောက်ဖေးခန်းမှထွက်လာပြီး ရယ်မောပြောပါတယ်။

“ကျွန်တော်ကတော့ လူမမှားပါဘူး။ ခင်ဗျား ရုပ်ပုံကြီးကို ဘယ်လိုမှားနိုင်ပါ့မလဲ”

ာရေးသူနဲ့ ကိုတာ ထုံးစံအတိုင်း စကားဝိုင်းစတော့ ကိုတာက မေးပါတယ်။

“စိတ်ကျန်းမာရေးဆေးပညာမှာ ကိုယ်မြင်တွေ့လိုက်တဲ့အရာကို အမှန်အတိုင်း ခွဲခြားမဖော်ပြနိုင်တဲ့ ရောဂါလက္ခဏာရှိတယ် မဟုတ်လား။ ခုနက ကျွန်တော့်ဇနီး ခင်ဗျားကိုမြင်မြင်ချင်း လူစိမ်းတစ်ယောက်လို့ ထင်သွားတာ စိတ်ရောဂါလက္ခဏာလား”

“မဟုတ်ပါဘူး။ ပျက်လုံးထုတ်မနေနဲ့ဦး။ အိမ်ရှင်မကြားသွားရင် ကျွန်တော် လက်ဖက်ရည်ငတ်နေပါ့မယ်။ ခင်ဗျားသိချင်တဲ့အချက်ကို ကျွန်တော် ရှင်းပြမယ်။”
“အထင်မှား၊ အမြင်မှားဖြစ်တာနဲ့ ပတ်သက်ရင် နှစ်မျိုးခွဲခြား ပြောနိုင်ပါတယ်။ (က) မြင်ယောင်မြင်မှားဖြစ်ခြင်း (Illusion)နဲ့ (ခ) မည်သူမည်ဝါခွဲခြားနိုင်မှု ချို့ယွင်းခြင်း (Misidentification)တို့ ဖြစ်ပါတယ်။

_ _ _

မြင်ယောင်မြင်မှား (Illusion)လက္ခဏာကို အရင်ရှင်းပြမယ်။ ခင်ဗျားမြင်တွေ့လိုက်တဲ့ ပစ္စည်းတစ်ခုကို အမှန်အတိုင်းမသိရှိဘဲ တခြားပစ္စည်းတစ်ခုလို့ထင်ယောင်ထင်မှား ဖြစ်နေရင် မြင်ယောင်မြင်မှား လက္ခဏာလို့ခေါ်ပါတယ်။ ဥပမာ-လှုပ်ရှားနေတဲ့ သစ်ကိုင်းကို တွားသွားနေတဲ့မြွေလို့ ထင်မြင် ယူဆလိုက်တာမျိုးကို ပြောတာပါ။ မြင်ယောင်မြင်မှား လက္ခဏာကို ကယောင်ကတမ်းရောဂါ (Delirium) မှာ တွေ့ရှိပါတယ်။ တစ်ခုခုကို စိတ်ဆန္ဒပြင်းပြနေရင်လည်း မြင်ယောင်မြင်မှားဖြစ်တတ်ပါတယ်”

ကိုတာနားလည်သဘောပေါက်သွားတယ် ထင်ပါတယ်။

“ရေငတ်နေတဲ့ ရွှေသမင် တံလှပ်ကို ရေထင်သလိုလား”လို့ ပြောတယ်။

“မှန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားအမျိုးသမီးက ကျွန်တော့်ကို ကြော်ငြာစာရွက်ကမ်းတဲ့လူလို့ ထင် လိုက်တာကတော့ ‘မည်သူမည်ဝါ ခွဲခြားဖော်ပြနိုင်မှု ချို့ယွင်းခြင်း’(Misidentification)အမျိုးအစားထဲမှာပါရှိပါတယ်။ ကျွန်တော် အလည်ရောက်လာမှာကို မျှော်လင့်မထားတော့ အိမ်ဝမှာ လာနေကျ ကြော်ငြာစာရွက်ကမ်းတဲ့ လူနဲ့မှားသွားတာပါ။ မြန်မာ စကားပုံနဲ့ ဥပမာပေးရမယ်ဆိုရင် ‘အချက်မသိလို့ သားမက်ကို သူခိုးထင်’တယ်လို့ ပြောရမယ်။ ဗြုန်း ကနဲလူမှားသွားတာပါ။ စိတ်ရောဂါလက္ခဏာမဟုတ်ပါဘူး”

_ _ _

“မည်သူမည်ဝါခွဲခြားနိုင်မှု ချို့ယွင်းရောဂါ (Misidentification Disorder) တစ်မျိုးရှိပါတယ်။ အဲဒီရောဂါကို စတင်ဖော်ပြတဲ့ ဆရာဝန်ရဲ့ အမည်ကို အသုံးပြုပြီး ‘ကပ်ကရာဇ်ရောဂါ’(Caperas Syndrome)လို့ ခေါ်ပါတယ်။ ရောဂါလက္ခဏာရဲ့ သဘောကိုကောက်ယူပြီး အမည်ပေးရမယ်ဆိုရင် ‘ပုံတူကိုယ်ပွားယုံမှားမှုလွန်ကဲရောဂါ’လို့ ခေါ်ဆိုနိုင်ပါတယ်”

ကိုတာက စိတ်ဝင်စားတဲ့ အမူအရာနဲ့ တောင်းဆိုပါတယ်။

“အဲဒီရောဂါအကြောင်း ပြောပြဗျာ”

“ပုံတူကိုယ်ပွားယုံမှားမှုလွန်ကဲရောဂါ”ကို အမျိုးသမီးတွေထဲမှာ ပိုမိုတွေ့ရှိရတယ်။ ဥပမာ-ရောဂါရရှိနေတဲ့ ဇနီးက သူတို့အိမ်ထဲမှာ သူ့ခင်ပွန်းနဲ့ တထေရာတည်းတူတဲ့ လူစိမ်းတစ်ယောက်ရောက်နေတယ်လို့ ယုံကြည်တာမျိုး”

“တစ္ဆေခြောက်ခံရတယ်လို့ ယူဆနေတာလား”

“မဟုတ်ပါဘူး။

အဲဒီလူစိမ်းက အရှင်လတ်လတ်ရှိနေတဲ့ သူ့ခင်ပွန်းကို ပြောတာ။ ‘လူစိမ်း’က သူ့ခင်ပွန်းရဲ့ မျက်နှာအနေအထား၊ ကိုယ်လုံးကိုယ်ပေါက်၊ ပြောဆိုဆက်ဆံတဲ့ အမူအရာတွေနဲ့ တစ်ထပ်တည်း တူတယ်ဆိုတာ လက်ခံတယ်။ ဒါပေမဲ့ ‘သူ့ခင်ပွန်း’နဲ့ တူတဲ့ ‘ဒီလူ’က သူ့ခင်ပွန်းအစစ် မဟုတ်ဘူး။ သူ့ခင်ပွန်းလို အယောင်ဆောင်ထားသူလို့ ယုံကြည်နေတာ ဖြစ်ပါတယ်’

“အဲဒီလို စိတ်ရောဂါရှင်လူနာမျိုးကို ခင်ဗျား တွေ့ဖူးလား”

“စာအုပ်ထဲမှာ ဖတ်ဖူးတာကို ပြောပြမယ်။ လူနာအမည်က မေရီ။ အသက် ၄၀ ရှိပြီ။ မေရီက အသက် ၉နှစ်အရွယ်သမီးနဲ့ အတူနေတယ်။ မေရီက ‘ပုံတူကိုယ်ပွားယုံမှားမှု လွန်ကဲရောဂါ’ခံစားနေရတယ်။ သူ့သမီး ဆာရာက သူ့သမီးမဟုတ်ဘူး။ ဆာရာနဲ့ တထေရာတည်းတူတဲ့ ပုံတူကိုယ်ပွား တခြားကလေးတစ်ယောက် ဖြစ်တယ်။ သူ့သမီးအစစ် ဆာရာကို ကလေးထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ခေါ်ယူသွားတယ်။ အိမ်မှာရှိတဲ့ ကလေးကို ဆာရာ အယောင်ဆောင်ပြီး ကိုယ်စားပို့ထားတာလို့ မေရီက ယုံကြည်နေပါတယ်။ ကျောင်းဆင်းချိန်မှာ မေရီက သူ့သမီး ဆာရာကို အိမ်ပြန်ခေါ်သွားဖို့ အကြိမ်ကြိမ် ငြင်းဆန်တယ်။ “ငါ့သမီး ဆာရာ ဘယ်မှာလဲ”လို့ ကျောင်းဝန်ထမ်းတွေကို မေးမြန်းတယ်။ ဒါကြောင့် မေရီ စိတ်ကျန်းမာရေးကုသဆောင်မှာ ဆေးရုံတက်ရပါတယ်။ နောက်လူနာတစ်ယောက်ကတော့ ယောကျာ်းလူနာဖြစ်တယ်”

“လက်ဖက်ရည်သောက်ရင်း ဆက်ပြောဗျာ”

“ဖရက်ဆိုတဲ့ လူနာတစ်ယောက် ဖြစ်တယ်။ အိမ်ထောင်ရှင်၊ အသက် ၅၉ နှစ်။ သူ့ဇနီးနာမည်က ဝေမာ။ ဖရက်ငယ်စဉ်က စိတ်ရောဂါ ဖြစ်ဖူးတဲ့ ရာဇဝင်မရှိဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကစပြီး ဖရက်ရဲ့ စိတ်ကျန်းမာရေး ယိုယွင်းလာတယ်။ သူ့ဇနီး ဝေမာက သူ့ဇနီးမဟုတ်ဘူးလို့ ဖရက်က ပြောဆိုစွပ်စွဲလာပါတယ်။ သူ့ဇနီး ဝေမာ အပြင်က ပြန်လာတာ တွေ့ရင် ဖရက်က ဝေမာကို မေးတယ်။ ‘ငါ့မိန်းမ ဝေမာ အိမ်ထဲမှာ မရှိဘူး။ သူ ဘယ်ရောက်နေသလဲ’ တဲ့။ အိမ်ထဲ ဝင်လာတဲ့ အမျိုးသမီးက သူ့ဇနီးဝေမာ နဲ့ တထေရာတည်း တူတယ်။ ဒါပေမဲ့ ဒီအမျိုးသမီး က သူ့ဇနီး ဝေမာ မဟုတ်ဘူးလို့ ပြောပါတယ်။ နောက်ပြောင်ပြောနေတာ မဟုတ်ဘူး။ ဖရက်က အမှန်တကယ် အဲဒီလို ယုံကြည်နေတာ”

ကိုတာက နဖူးကို ပွတ်သပ်ရင်း ပြောပါတယ်။

“ခေါင်းရှုပ်စရာကြီးဗျာ”

“နားလည်ရ ခက်ပါတယ်။ ဒါပေမဲ့ ‘အမြင်အာရုံ သိရှိခံစားမှု’ (Visual Perception) ဖြစ်စဉ်ကို လေ့လာကြည့်ရင် ပိုမို သဘောပေါက်နိုင်ပါတယ်”

“ရှင်းပြပါ”

“ခင်ပွန်းက သူ့ဇနီးရဲ့ ရုပ်သဏ္ဍာန်ကို မှတ်မိခြင်းနဲ့ အဲဒီလို ပုံတူရုပ်သဏ္ဍာန်ရှိသူက သူချစ်တဲ့ ဇနီးလို့ သိရှိခံစားနိုင်တာက မတူပါဘူး။ ညာဘက် ဦးချိုပိုင်းဦးနှောက်(Tpporal Lobe)တစ်နေရာမှာ မြင်တွေ့လိုက်တဲ့ မျက်နှာပုံသဏ္ဍာန်ကိုမှတ်မိဖို့ မှတ်ဉာဏ်သိုလှောင်ထားတယ်။ (ဖရက်က ဝေမာကို မြင်လိုက်ရင် ဒီမျက်နှာက ဝေမာရဲ့ မျက်နှာဆိုတာကို မှတ်မိစေတဲ့ ဦးနှောက်ပိုင်းဖြစ်ပါတယ်။) ရုပ်ကို မှတ်မိတဲ့ ဦးနှောက်ပိုင်းဆိုပါတော့။

“ဒါပေမဲ့ သူမှတ်မိတဲ့ ဝေမာလို မျက်နှာပုံသဏ္ဍာန်ရှိတဲ့ အမျိုးသမီးက ‘သူ့ဇနီးဝေမာ’ ဖြစ်တယ်လို့ သိရှိနားလည်ဖို့ တခြား ဦးနှောက်ပိုင်းနဲ့ သက်ဆိုင်တယ်။ စိတ်ထဲမှာ တရင်းတနှီး ခံစားတုန့်ပြန်မှုကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်ပိုင်း ဖြစ်ပါတယ်။ နာမ်ကိုမှတ်မိတဲ့ ဦးနှောက်ပိုင်းလို့ ဆိုနိုင်ပါတယ်။

ဖရက်ခံစားနေရတဲ့ ဦးနှောက်ပျက်စီးရောဂါကြောင့် ရုပ်ကိုမှတ်မိတဲ့ ဦးနှောက်ပိုင်းနဲ့ နာမ်ကို မှတ်မိတဲ့ ဦးနှောက်ပိုင်း အဆက်အသွယ်ပြတ်နေတယ်။ ဒါကြောင့် ဖရက်က သူ့ဇနီးဝေမာရဲ့မျက်နှာကို ဇနီးမျက်နှာလို့မှတ်မိပေမယ့် အဲဒီမျက်နှာမြင်လိုက်တာနဲ့ ပူးတွဲခံစားလာရတဲ့ ချစ်ခင်ရင်းနှီးမှုကို မခံစားရဘူး။ အဲဒီစိတ်ခံစားမှုကို မေ့နေတယ်။ ဒီတော့ ဇနီးဝေမာနဲ့ ချွတ်စွပ်တူတဲ့ အမျိုးသမီးက သူ့ဇနီးမဖြစ်နိုင်ဘူး။ လူစိမ်းတစ်ယောက်သာဖြစ်မယ်။ ဝေမာယောင်ဆောင်ထားတဲ့ ပုံတူကိုယ်ပွားသာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ရှင်းတယ်နော်”

“နားလည်သလိုတော့ ရှိပါတယ်”

“ပုံတူကိုယ်ပွားယုံမှားမှုလွန်ကဲရောဂါက သီးခြားရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ စိတ်နှစ်ခွ(စိတ်ကစဉ့်ကလျားစိတ္တဇ)ရောဂါ၊ ဦးနှောက်ဒဏ်ရာရရောဂါ၊ ဦးနှောက်ချို့ယွင်းပျက်စီးရောဂါ၊ အတက်ရောဂါစတဲ့ ရောဂါတွေမှာ တွေ့ရှိရပါတယ်။ မေရီက စိတ်နှစ်ခွရောဂါ ရှိတယ်။ ဖရက်ကတော့ ဉာဏ်ရည်ကျဆုံး အယ်လ်ဇိုင်းမားရောဂါ ခံစားရသူ ဖြစ်ပါတယ်။ တခြားထူးဆန်းတဲ့ စိတ္တဇရောဂါတွေ ရှိသေးတယ်”

“မနက်ဖြန်ရုံးပိတ်ရက်ပဲ။ ဒီည ဒီမှာ ညစာစားဗျာ။ စကားဝိုင်း ဆက်လို့ ရတာပေါ့”

“ခင်ဗျားအမျိုးသမီးရဲ့ လက်ရာကို မစားရတာကြာတော့ မငြင်းပါဘူး ကိုတာ၊ အဆင်သင့်ပါပဲ”

ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှုရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top