Healthy Life Ad
Life Style

အရေးပေါ် စိတ်ကျန်းမာရေးပြဿနာများ ( ၃ ) “အန္တရာယ်မကင်းသော လူနာ”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အရေးပေါ်ဆေးကုဌာနကို ရောက်ရှိလာတဲ့ စိတ်ရောဂါလူနာကို စစ်ဆေးတဲ့အခါ လူနာက မိမိကိုယ်မိမိ အန္တရာယ်ပြုနိုင်တဲ့ အခြေအနေ ရှိ၊ မရှိ အဓိကထားပြီး စစ်ဆေးရပါတယ်။ မိမိကိုယ်မိမိ သတ်သေဖို့ အားပေးတဲ့အချက်အလက်တွေနဲ့ မိမိကိုယ်မိမိ အန္တရာယ်ပြုသွားတဲ့ လူနာတွေမှာ တွေ့ရှိရတဲ့ စိတ်ရောဂါအမျိုးမျိုးကို အရင်တစ်ပတ်က ဖော်ပြခဲ့တယ်။ အဲဒီအချက်အလက်တွေအပြင် လူနာလက်ရှိခံစားနေရတဲ့ စိတ်ရောဂါလက္ခဏာတွေကိုလည်း အလေးထားရပါတယ်။ လူနာလောလောဆယ် ခံစားနေရတဲ့ ရောဂါလက္ခဏာက မိမိကိုယ်မိမိ အန္တရာယ်ပြုစေတဲ့ တွန်းအားဖြစ်နိုင်တယ်။ ကုလားအုတ်ရဲ့ကျောရိုးကို ချိုးလိုက်တဲ့ ကောက်ရိုးမျှင်လို ဖြစ်တတ်ပါတယ်။ အဲဒီလက္ခဏာတွေကို ရှင်းပြပါမယ်။

(၁) မိမိကိုယ်မိမိ သတ်သေချင်စိတ် ရှိ၊ မရှိ တိတိကျကျမေးမြန်းစုံစမ်းရမယ်။ လူနာကို ဒီလိုမေးခွန်းမျိုးမေးမြန်းရင် သူ့စိတ်ထဲကို မကောင်းတဲ့ အတွေးတွေ ထည့်သွင်းပေးသလို ဖြစ်နေမှာပေါ့လို့ ပြောဆိုတတ်ကြတယ်။ အဲဒီအယူအဆက မမှန်ကန်ပါဘူး။ မိမိကိုယ်မိမိ သတ်သေချင်တဲ့စိတ်ကို တခြားသူနဲ့ မျှဝေပြောဆိုရလို့ လူနာရဲ့စိတ်ထဲမှာ ပေါ့ပါးသွားနိုင်ပါတယ်။ လူနာက မိမိကိုယ်မိမိ အန္တရာယ်ပြုချင်တယ်လို့ပြောရင် လူနာကို ပြက်ရယ်မပြုသင့်ဘူး။ “ပေါက်ကရတွေ လာပြောမနေပါနဲ့”၊ “အသားလိုလို့ အရိုးတောင်းနေတာလား” စတဲ့ လူနာကို ပစ်ပယ်တဲ့ စကားမျိုး၊ အလေးမထားတဲ့ စကားမျိုးကို မသုံးသင့်ဘူး။ မိမိကိုယ်မိမိ သတ်သေချင်စိတ်ရဲ့ အတိမ်အနက်ကို ဆန်းစစ်ကြည့်ရမယ်။

ဒီလိုစိတ်ကူးမျိုး ပေါ်ပေါက်လာတာ ဘယ်လောက်ကြာပြီလဲ။ အစဉ်အမြဲ အချိန်တိုင်းလိုလို စဉ်းစားနေသလား။ လက်တွေ့ပြုမူလုပ်ကိုင်ဖို့ ကြံစည်စိတ်ကူးမိသလား။ ဘယ်လိုနည်းနဲ့ မိမိကိုယ်မိမိအန္တရာယ်ပြုမယ်လို့ စိတ်ကူးထားသလဲ။ စိတ်ကူးထားတဲ့အတိုင်း ကြိုတင်ပြင်ဆင်မှု ရှိ၊ မရှိကိုလည်း စုံစမ်းရပါတယ်။ (ဥပမာ ဥစ္စာပစ္စည်းတွေကို ခွဲဝေပေးခြင်း၊ သေတမ်းစာရေးထားခြင်း၊ မိမိအကြံအစည်အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ရှာဖွေစုဆောင်းထားခြင်း)။

(၂) မျှော်လင့်ချက် ကုန်ဆုံးခြင်း -မိမိဘဝမှာ မျှော်လင့်ချက်ကုန်ဆုံးနေပြီလို့ ယုံကြည်လာရင်၊ မိမိကိုယ်မိမိအန္တရာယ်ပြုသွားဖို့ အလားအလာ များပါတယ်။ ဒါကြောင့် ထောင်ချောက်ထဲမှာ မိနေသလို ခံစားနေရတဲ့စိတ်၊ လုံးဝဥဿုံအရှုံးပေးတဲ့စိတ်၊ ထွက်ပေါက်မရှိ၊ တခြားနည်းနဲ့ ဖြေရှင်းနိုင်တဲ့ ရောင်ခြည်ကို မမြင်နိုင်တော့တဲ့စိတ် စတဲ့ စိတ်ဓာတ်အခြေအနေ ရှိ၊ မရှိ စစ်ဆေးရပါမယ်။

(၃) စိတ္တဇရောဂါလက္ခဏာများ-မိမိကိုယ်မိမိ အန္တရာယ်ပြုအောင် တိုက်တွန်းအားပေးတဲ့ စိတ္တဇရောဂါလက္ခဏာရှိ၊ မရှိကိုလည်း စုံစမ်းမေးမြန်းရမယ်။

(က) လှုံ့ဆော်မှုမဲ့ အကြားအာရုံမှား (Auditory Hallucination) -လူနာကို ပြစ်တင်ရှုံ့ချပြီး ပြောနေတဲ့ စကားပြောသံ။ လူနာကို သတ်ဖြတ်ပစ်ဖို့ ခြိမ်းခြောက်နေတဲ့ စကားပြောသံ။ မိမိကိုယ်မိမိ အန္တရာယ်ပြုဖို့ လူနာကို တိုက်တွန်းအားပေးနေတဲ့ စကားပြောသံစတဲ့ စိတ္တဇရောဂါ လက္ခဏာတွေ ဖြစ်ပါတယ်။

(ခ) ယုံမှားစိတ်လွန်ကဲခြင်း- အပျက်မြင်ယုံမှားစိတ်လွန်ကဲခြင်း (Nihilistic Delusion) ။ အပြစ်မြင်စိတ်လွန်ကဲခြင်း (Delusion of Guilt) ။ ရောဂါကြောင့်ကြစိတ်လွန်ကဲခြင်း (Hypochondriacal Delusion) စတဲ့ ယုံမှားမှုစွဲမြဲလွန်ကဲစိတ်မျိုးကဘဝကို အရှုံးပေးဖို့ အားပေးတတ်ပါတယ်။

(၄) မီးနီပြရောဂါလက္ခဏာသုံးခု -မိမိကိုယ်မိမိ အန္တရာယ်ပြုဖို့ နီးကပ်လာရင် မီးနီပြလက္ခဏာသုံးမျိုးကို တွေ့ရပါတယ်။ ဒီရောဂါလက္ခဏာတွေကို လူနာနဲ့ ထိတွေ့ဆက်ဆံနေသူတွေက လေ့လာကြည့်ရင် တွေ့မြင်နိုင်ပါတယ်။

(က) အတွေးစိတ်ကူးခေါင်းပါးခြင်း(အမြင်ကျဉ်းခြင်း) (Tunnel Vision) -လူနာက အကြောင်းအရာတစ်ခုကလွဲပြီး တခြားကိစ္စတွေကို မစဉ်းစားနိုင် ဖြစ်နေပါတယ်။ သူ့စိတ်ထဲမှာ စွဲမြဲနေတဲ့ စိတ်ကူးတစ်ခုကိုသာ ထပ်တလဲလဲ ပြောဆိုရေရွတ်နေပါတယ်။ ဥပမာ-ခေါင်းကိုက်ဝေဒနာပျောက်ကင်းပါ့မလားလို့ ထပ်တလဲလဲ ညည်းတွားနေတာမျိုးဖြစ်တယ်။

(ခ) အလွန်အမင်း အိပ်မပျော်ဖြစ်ခြင်း- နေ့ရောညပါ လုံးဝ အိပ်စက်နိုင်ခြင်းမရှိ ဖြစ်နေမယ်။ အိပ်ဆေးအချိန်အတွယ် ပိုမိုတိုက်ကျွေးပေမယ့် ထိရောက်မှု မရှိဘူး။

(ဂ) အလွန်အမင်း ဂနာမငြိမ်ဖြစ်ခြင်း- လူနာရဲ့ ခြေလက်တွေက အလိုလိုနေရင်း တုန်တုန်ယင်ယင် ဖြစ်နေမယ်။ လူနာက တစ်နေရာထဲမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်ဘူး။ အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေမယ်။ ကြောက်ရွံ့ထိတ်လန့်နေတဲ့ မျက်နှာထားမျိုးကို တွေ့ရမယ်။

(၅) ရုတ်တရက် ရောဂါသက်သာသွားခြင်း– ပြင်းထန်တဲ့ စိတ်ရောဂါ ခံစားနေရပေမယ့် ရုတ်တရက်မမျှော်လင့်ဘဲ ရောဂါသက်သာသွားသလို တွေ့ရှိရင် သတိထားဖို့လိုပါတယ်။

ဒေါက်တာအုန်းကိုယ်တိုင် စမ်းသပ်ပေးမှဖြစ်မယ်ထင်တယ်လို့ ဒေါက်တာပီတာ ပြောခဲ့တဲ့ လူနာမျိုး (Healthy Life ဂျာနယ် အတွဲ ၁၄၀)။

လူနာကအာသာ၊ အသက် ၆၀ အရွယ်၊ အငြိမ်းစား၊ မုဆိုးဖိုတစ်ယောက်ဖြစ်ပါတယ်။ အာသာရဲ့ ဆေးမှတ်တမ်းအကျဉ်းချုပ်ကို ဒေါက်တာပီတာက ပြောပြပါတယ်။

“အာသာက စိတ်ကျရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိတယ်။ မကြာခဏဖြစ်ပွားတာတော့ မဟုတ်ဘူး။ ၃ နှစ် ၄ နှစ်အတွင်း တစ်ကြိမ်ပြန်လည်ဖြစ်ပွားတတ်တဲ့ စိတ်ကျရောဂါ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားချိန်မှာ မိမိကိုယ်မိမိအန္တရာယ်ပြုဖူးတယ်။ အခုတစ်ကြိမ် စိတ်ကျရောဂါ ပြန်လည်ဖြစ်ပေါ်လာတာသုံးလကျော်ရှိပြီ။ သူ့ဇနီးသေဆုံးပြီးတဲ့ အချိန်ကစတင်ဖြစ်ပွားလာတာလို့ သိရပါတယ်။ သူ့ဇနီးကိုလွမ်းလို့ “ပူဆွေးတမ်းတဝေဒနာ” (Grief Reaction) ဖြစ်မှာပါလို့ ဆွေမျိုးတွေက ထင်မြင်ယူဆခဲ့တယ်။ ဒါပေမဲ့ စိတ်ကျရောဂါက သက်သာမသွားဘူး။ ဆေးခန်းဆရာဝန်က ပြင်းထန်တဲ့စိတ်ကျရောဂါ ပြန်လည်ဖြစ်ပွားတာလို့ မှတ်ချက်ချတယ်။ စိတ်ကျရောဂါကုသဆေးနဲ့ စတင်ကုသပေးပါတယ်။ အာသာက နေ့စဉ် အရက်သောက်တဲ့အကျင့်မရှိပါဘူး။

လွန်ခဲ့တဲ့တစ်လလောက်ကစပြီး နေ့တိုင်းအရက်သောက်တယ်။ တစ်ခါတစ်ရံ အရက်မူးတဲ့အထိ ဖြစ်လာတာတွေ့ရှိရတယ်။ အာသာက တစ်ယောက်တည်းနေသူဖြစ်လို့ သူ့သားသမီးတွေက သူတို့နဲ့အတူ ပြောင်းရွှေ့နေထိုင်ဖို့ တိုက်တွန်းပါတယ်။ အာသာက နားမထောင်ဘူး။ ဒါကြောင့် သားသမီးတစ်ဦးဦးက အာသာကို နေ့တိုင်းလာရောက်ကြည့်ရှုပေးတယ်။ ဒီနေ့ အာသာရဲ့အိပ်ခန်းကိုရှင်းပေးတော့ အာသာရေးထားတဲ့ သေတမ်းစာစာရွက်ကို သူ့သမီးက တွေ့ရှိပါတယ်။ ဒါကြောင့် အာသာကို ဆေးရုံတင်ဖို့ ခေါ်ဆောင်လာကြတာပါ”

အာသာကို စာရေးသူနဲ့ ဒေါက်တာပီတာတို့က လူကိုယ်တိုင် စစ်ဆေးစမ်းသပ်ပါတယ်။ တွေ့ရှိရတဲ့ လက္ခဏာတွေကတော့-အစားအသောက်ပျက်တာ၊ သုံးလအတွင်း သိသိသာသာ ပိန်ကျသွားတာ၊ အိပ်မပျော်တာ၊ စိတ်ညစ်ညူးတာ၊ အကြောင်းမဲ့ ပူပင်သောက ပွားများနေတာ၊ စိတ်ပါဝင်စားမှု လျော့နည်းတာ၊ အားအင်ကုန်ခမ်းတာ စတဲ့ စိတ်ကျလက္ခဏာတွေ ဖြစ်ပါတယ်။

အဲဒါအပြင် နားထဲမှာ သူ့ဇနီးပြောတာကို ကြားရတယ်။ သူ့ကို လာခေါ်နေတယ်လို့ အာသာကပြောတယ်။ သူ့ဇနီးသေဆုံးရတာ သူ့ကြောင့်လို့ သူ့ကိုယ်သူ အပြစ်ဖို့နေတယ်။ အာသာက ငွေရေးကြေးရေး ဖူလုံသူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဘဝက မွဲတေနေပြီး ကုန်းကောက်စရာ မရှိတော့ဘူးလို့ အာသာကပြောပေါတယ်။

သူရေးထားတဲ့ သေတမ်းစာကိစ္စကို မေးတော့ ဒါက လွန်ခဲ့တဲ့ ၃ လကျော်ကရေးလိုက်မိတာလို့ အာသာက ဖြေဆိုတယ်။ အခု သူ့ကိုယ်သူ သတ်သေချင်စိတ်မရှိတော့ပါဘူးလို့ အာသာက ငြင်းဆိုနေပါတယ်။ ဆေးရုံမတက်ချင်ဘူး၊ အိမ်ပြန်လွှတ်ပါလို့ တောင်းဆိုနေတယ်။

သူ့ကိုယ်သူ အပြစ်မြင်နေတဲ့ ယုံမှားမှုလွန်ကဲစိတ်ရှိတယ်။ နားထဲမှာ ဇနီးက သူ့ဆီလာခဲ့ဖို့ ခေါ်နေတဲ့ အသံတွေကြားနေတယ်။ သူ့မျက်နှာ အမူအရာက တစ်ခုခုကိုကြောက် ရွံ့ထိတ်လန့်နေသလိုပဲ။ နောက်ပြီး ကျွန်တော်တို့ စစ်ဆေးနေတုန်း ဂနာမငြိမ်ဖြစ်နေတာ သတိထားမိလား။ မေးခွန်းတွေကိုဖြေဆိုပေမယ့် ‘ကျွန်တော့်အပြစ်ပါ’ ‘ကျွန်တော့်အပြစ်ပါ’လို့ ကြားထဲမှာ ထပ်တလဲလဲ ပြောဆိုနေတာလည်း တွေ့ရှိရတယ်။

ဒေါက်တာပီတာက စာရေးသူကို မေးမြန်းပါတယ်။

“ဒေါက်တာအုန်း ဘယ်လိုဆုံးဖြတ်မလဲ”

“လူနာရဲ့ သဘောထားကိုတော့ လေးစားရမှာပါ။ ဒါပေမဲ့ အာသာရဲ့ အလိုဆန္ဒတိုင်းကို လက်ခံသဘောတူလို့ မဖြစ်ပါဘူး။ အာသာရဲ့ အခြေအနေကို သုံးသပ်ကြည့်။ သူကစိတ္တဇစိတ်ကျရောဂါ (Depression with Psychotic Features) ခံစားနေရတယ်။ အရင်က သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားဖူးတဲ့ မှတ်တမ်းရှိတယ်။ သူ့ကိုယ်သူအပြစ်မြင်နေတဲ့ ယုံမှားမှုလွန်ကဲစိတ်ရှိတယ်။ နားထဲမှာ ဇနီးက သူ့ဆီလာခဲ့ဖို့ ခေါ်နေတဲ့အသံတွေကြားနေတယ်။ သူ့မျက်နှာအမူအရာက တစ်ခုခုကို ကြောက်ရွံ့ထိတ်လန့်နေသလိုပဲ။ နောက်ပြီး ကျွန်တော်တို့ စစ်ဆေးနေတုန်း ဂနာမငြိမ်ဖြစ်နေတာ သတိထားမိလား။ မေးခွန်းတွေကို ဖြေဆိုပေမယ့် “ကျွန်တော့်အပြစ်ပါ” “ကျွန်တော့်အပြစ်ပါ”လို့ ကြားထဲမှာ ထပ်တလဲလဲ ပြောဆိုနေတာလည်း တွေ့ရှိရတယ်။ ဒါကြောင့် အာသာကို အိမ်ပြန်ခွင့် မပေးသင့်ဘူး။ ဆေးရုံတင်ထားဖို့ လိုအပ်ပါတယ်။ ကြပ်ကြပ်မတ်မတ်ကုသပေးရမယ်။ ရောဂါသက်သာပျောက်ကင်းလာရင် အာသာက ကျေးဇူးတင်မှာပါ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top