Healthy Life Ad
International

အလွန်ရှားပါးသော ရေဖြင့်ဓာတ်မတည့်သည့် ဝေဒနာရှင် မိန်းကလေး

၊ ကိုထက် ၊

ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ဓာတ်ပုံဆရာ မော်ဒယ်မလေး ဗက်လက်တီနာဘုန်းဟာ အလွန်ရှားပါးတဲ့ ရေတွေနဲ့ ဓာတ်မတည့်တဲ့ ဝေဒနာရှိနေကြောင်းကို ဖွင့်ပြောခဲ့ပါတယ်။ သူဟာ သာမန်ရေသာမက ချွေးတွေ၊ မျက်ရည်တွေ နဲ့ အချိုရည်စတဲ့ အရည်မှန်သမျှနဲ့ ဓာတ်မတည့်ဘဲ ထိမိရင် အရေပြားတွေ နီမြန်းလာပြီး အလွန်နာကျင်တယ်လို့ ပြောပြခဲ့ပါတယ်။

သူ့ကို ဟန်ဂေရီမှာ မွေးဖွားခဲ့တာဖြစ်ပြီး ၂၀ဝ၇ ခုနှစ် ကယ်လီဖိုးနီးယားကို ပြောင်းရွေ့နေထိုင်ပြီး နောက်ပိုင်းမှ ဒီဝေဒနာဖြစ်ပွားနေတာကို သိရှိခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ အစပိုင်းမှာတော့ ချွေးထွက်တာနဲ့ မိုးစက်လေးတွေထိတဲ့အချိန်တွေမှာ မျက်နှာပေါ်မှာ အနီစက်လေးတွေဖြစ်တာကို သတိထားမိခဲ့ကြပါတယ်။ တဖြည်းဖြည်းဝမ်းဗိုက်တွေ၊ ရင်ဘတ်တွေမှာပါဖြစ်လာပြီး နောက်ပိုင်းမှာ ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ဒီလိုဖြစ်ပွားလာခဲ့တယ်လို့ ဆိုပါတယ်။

အစပိုင်းမှာတော့ ဆရာဝန်တွေက ဗီတာမင် ဓာတ်တစ်ခုခုချို့တဲ့တာ ဖြစ်နိုင်တယ်လို့ ထင်ခဲ့ကြပါတယ်။ နောက်ပိုင်း သေသေချာချာ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှ ရှားပါးတဲ့ ရေနဲ့ ဓာတ်မတည့်တာ ဖြစ်နေမှန်း သိခဲ့ကြတာဖြစ်ပါတယ်။ဒီလိုရေနဲ့ဓာတ်မတည့်တဲ့ အခြေအနေဟာ အလွန်ရှားပါးတဲ့ အတွက် လေ့လာချက်စစ်တမ်းတွေကလည်း နည်းပါးပြီး ကုသနည်းတိတိကျကျမရှိသေးတဲ့အပြင် ဘာကြောင့် ဒီလိုဖြစ်ပွားရတယ်ဆိုတာကိုလည်း မသိရှိကြသေးဘူးလို့ဆိုပါတယ်။

“ဒီဝေဒနာက လူပေါင်း ၂၃ မီလျံမှာ တစ်ယောက်လောက်သာဖြစ်နိုင်ခြေရှိတယ်လို့ သိရတယ်၊ ကျွန်မ စဖြစ်နေချိန်မှာ ကုသဖို့မပြောနဲ့၊ ရောဂါနာမည်တောင် သေသေချာချာ မပေးထားရသေးဘူး၊ ဒီတိုင်းရေနဲ့ ဓာတ်မတည့်တာလို့ပဲခေါ်သေးတာ”လို့ သူကပြောပြခဲ့ပါတယ်။

သူရဲ့ ဓာတ်မတည့်မှုကို နည်းလမ်းပေါင်းများစွာ၊ဆေးပေါင်းများစွာနဲ့ စမ်းသပ်ကြည့်ပေမယ့်လည်း ထိရောက်မှုမရှိခဲ့ပါဘူး။ ရှားစောင်းလက်ပပ်နဲ့ အရေပြားကို ကုသဖို့ စမ်းသပ်ခဲ့သေးပေမယ့် ရှားစောင်းလက်ပပ်ရဲ့အရည်နဲ့ သူ့အရေပြားက ဓာတ်မတည့်မှုဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ သာမန်ရေကိုချိုးရင်တောင် ရေပူတွေနဲ့ ချိုးနေရသလိုပါပဲလို့ပြောပြခဲ့ပါတယ်။ ရေချိုးရင်ဖြစ်ဖြစ်၊ ချွေးထွက်လာရင်ဖြစ်ဖြစ်၊ ငိုမိရင်ဖြစ်ဖြစ် နှစ်မိနစ်အတွင်းစိုနေတာကို ချက်ချင်း ခြောက်သွားအောင် အမြန်သုတ်ပစ်ရတယ်လို့ သိရပါတယ်။ ဒီလိုမလုပ်ရင် စိုသွားတဲ့နေရာတိုင်းမှာ ရေနွေးပူလောင်သလိုမျိုး အနီပြင်တွေနဲ့ အဖုအပိမ့်တွေထွက်လာပါတယ်။ ရာသီဥတုအရမ်းအေးတဲ့အချိန်တွေမှာတော့ သူရဲ့ ဝေဒနာဟာ အနည်းငယ်ပိုသက်သာတယ်လို့လည်း သိရပါတယ်။

“ရေတွေ၊ ချွေးတွေတင်မကပါဘူး။ တံတွေးတွေ၊ မျက်ရည်တွေကိုပါ ကျွန်မဂရုစိုက်ရပါတယ်၊ ရေပိုက်ခေါင်းတွေ၊ အရည်ရွှမ်းတဲ့အသီးတွေကိုတတ်နိုင်သမျှ ဝေးဝေးကရှောင်နေရတယ်၊ အားကစားတွေ၊ လေ့ကျင့်ခန်းတွေနဲ့ ချွေးထွက်စေမယ့် အရာတွေကိုလည်း လုံးဝမလုပ်ပါဘူး”လို့ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုဂရုစိုက်ရကြောင်းကို ဗက်လက်တီနာ ကပြောပြခဲ့ပါတယ်။ “မိုးရာသီဆို လုံးဝ အပြင်မ ထွက်တော့ဘဲနေပါတယ်၊ ရေကိုလည်း ရေအေးနဲ့ မိနစ်ပိုင်းအတွင်းပြီးအောင် အမြန်ချိုးပြီး ရေသုတ်ဖို့ အဆင်သင့်ပြင်ဆင်ထားရတယ်၊ ခေါင်းလျှော်ချင်တယ် ဆိုရင်တော့ ရေချိုးပြီးမှ ဆံပင်တွေကို ဇလုံထဲထည့်ပြီး ဦးရေပြားရေမစိုအောင် သေသေချာချာလျှော်ရတယ်”လို့ သူက ပြောပြခဲ့ပါသေးတယ်။

နေ့ပိုင်းမှာ ရာသီဥတုကပူပြီး ချွေးထွက်လွယ်တဲ့အတွက် ညကျောင်းသာတက်ခဲ့တဲ့ ဗက်လက်တီနာဟာ သူ့လိုတခြားရှားပါးဝေဒနာခံစားနေရသူတွေကို လူမှုကွန်ရက်တွေကနေ တဆင့်အားပေး ကူညီလျက်ရှိပြီး အခုအချိန်မှာတော့ သူမဘဝနဲ့အခြေအနေကိုလည်း ကောင်းကောင်းထိန်းချုပ်ပြီး နေသားကျလာပြီဖြစ်တဲ့အတွက် သူရဲ့အဖြစ်ကို အများကို ပြောပြပြီး တခြားသူတွေအတွက် ကူညီမှုတွေကို ပိုပြီးအားစိုက်ပြုလုပ်တော့မှာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ “ရေနဲ့ ဓာတ်မတည့်တာလောက်ရှောင်ရခက်တာ မရှိလောက်တော့ပါဘူး၊ တခြားဓာတ်မတည့်တဲ့သူတွေလည်း ကိုယ်နဲ့မတည့်တာကို ဘယ်လိုရှောင်မယ်ဆိုတာကို သေသေချာချာ တွေးပြီးစီစဉ်ထားရင် ဘဝကသာမန်ပါပဲ”လို့သူက အကြံပြုထားပါတယ်။

(Ref;DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top