Healthy Life Ad
Life Style

၀လို့ လမ်းခွဲသွားတဲ့ ချစ်သူနဲ့ ပြန်အဆင်ပြေဖို့ တစ်လအတွင်း ၂၅ပေါင် လျှော့ချခဲ့တဲ့ ကိုအောင်မြင်ဗိုလ် (Eros)

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

၃-၈-၂၀၁၈ ရက်နေ့က စတင်ဝိတ်လျှော့ခဲ့သည့် ကိုအောင်မြင်ဗိုလ်သည် တစ်လအတွင်းမှာပင် ကိုယ်အလေးချိန်၂၅ ပေါင် လျော့ကျသွားခဲ့ကြောင်း သိရသည်။

“အစတုန်းက ကျွန်တော့်ကိုယ်အလေးချိန်က ၂၂၀ပေါင်ရှိတော့ ကိုယ်အလေးချိန်များရုံမက အဝလွန်တဲ့အဆင့်တောင် ရောက်နေပါပြီ။ ကျွန်တော်အရမ်းဝတော့ ကျွန်တော့်ချစ်သူကလည်း သူငယ်ချင်းတွေစတော့ စိတ်ပျက်လာပါတယ်။ သူကလည်း ဝိတ်ချဖို့ပြောတယ်။ ၃ ရက်နေ့ကျတော့ ပြဿနာတက်ပြီး သူနဲ့အဆင်မပြေဖြစ်သွားတယ်။ ဒါနဲ့ ကျွန်တော်လည်း ဝိတ်ချမယ်လို့ဆုံးဖြတ်လိုက်တယ်”ဟု ကိုအောင်မြင်ဗိုလ်က သူဝိတ်ချဖြစ်ခြင်း၏ အကြောင်းရင်းကို ပြောပြခဲ့သည်။

ဝိတ်လျှော့ချင်စိတ်ဖြင့် ကိုယ်အလေးချိန်လျှော့ချနည်းများကို လိုက်ရှာခဲ့ရာ အအေးလှိုင်းဖြင့် အဆီချနည်းကို တွေ့ရှိခဲ့သည်။ “အအေးလှိုင်းနဲ့အဆီချတယ်။ ဒီနည်းက လေးလက်မလောက် ကျတယ်လို့ပြောပေမယ့် ချက်ချင်းကျတာမဟုတ်ဘူး၊ တစ်လနေမှသိသာမယ်လို့ ပြောတယ်။ အစားတော့ရှောင်ရမယ်၊ ညစာမစားနဲ့လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်မကျေနပ်နိုင်သေးဘူး။ တစ်လအတွင်း အအေးလှိုင်းက ထပ်လုပ်လို့မရဘူးတဲ့။ အဲ့ဒါနဲ့ Gym ထပ်ကစားမယ်ဆိုပြီး Gym ဆော့တယ်။ Gym ကလည်း မနက်အစောမဖွင့်တော့ ရုံးဆင်းချိန်မှ ဆော့လို့ရတယ်။ ၂နာရီပဲဆော့လို့ရတယ်။ ကျွန်တော်ဆရာကိုမေးတယ်။ ဒီအတိုင်း ပုံမှန်ဆော့ရင် ခြောက်လလောက်မှကျမယ်။ ကျွန်တော်မြန်မြန် ကျွန်တော့်ချစ်သူဆီပြန်သွားချင်တယ်။ အဲဒါကြောင့် တခြားထပ်လုပ်လို့ရမယ့်နည်းကို စဉ်းစားတယ်။

မနက်ပိုင်းဆိုရင် ကျွန်တော့်ရုံးက ၉ နာရီတက်ရတယ်။ တောင်ဒဂုံမှာနေတဲ့အတွက် အလုပ်ရှိရာ ရန်ကင်းကိုရောက်ဖို့ မနက်အစောချိန်ဆိုရင် ဘတ်စ်ကားစီးတာနဲ့ အချိန်ကုန်တယ်။ ဒါနဲ့ မနက် ၅ နာရီထပြီး ရုံးကိုလမ်းလျှောက်သွားတယ်။ အပြန်ကျရင်လည်း အားကစားခန်းမကို လမ်းလျှောက်ပြီး ပြန်ပါတယ်”ဟု ကိုအောင်မြင်ဗိုလ်က သူပြုလုပ်ခဲ့သည့် ဝိတ်ချနည်းကို ပြောပြခဲ့သည်။

တစ်နေ့တာ အစားအသောက်အနေဖြင့်-

“မနက်မိုးလင်းတာနဲ့ ရေတစ်ဘူးအပြည့် သောက်ပါတယ်။ မနက်စာကို ကြက်ဥပြုတ်တစ်လုံး စားတယ်၊
နေ့လယ်စာကို ၅၀း၂၅း၂၅ ဆိုတဲ့အချိုးအတိုင်း ဟင်းသီးဟင်းရွက် ၅၀၊ ထမင်း ၂၅၊ အသား ၂၅ ဆိုတဲ့ အချိုးအတိုင်း စားပါတယ်။ ထမင်းကို ထမင်းစားဇွန်း ငါးဇွန်းလောက်ပဲစားပြီး အသားနှစ်တုံးစားတယ်၊ အရွက်များများစားပါတယ်။

ညစာကိုတော့ လုံးဝမစားဘဲနေတယ်။ ညဘက် Gym ဆော့တော့ မောရင် ဆန်ဆေးရေကို သန့်အောင်စစ်ထားပြီး သောက်ပါတယ်။ ညဘက်ဆိုရင်လည်း အဆီကျအောင် လိမ်းဆေးလိမ်းပြီး Six Pack ဝတ်စုံဝတ်တယ်။ မျက်နှာကျအောင် လိမ်းဆေးလိမ်းပြီး V Shape ပတ်တဲ့အရာကို ပတ်ပြီး အိပ်ပါတယ်။ ဒီအတိုင်း တစ်လလောက် လုပ်လိုက်တဲ့အခါမှာ ကိုယ်အလေးချိန်က သိသိသာသာကျသွားပါတယ်” တစ်လအတွင်း ထိုနည်းဖြင့် ကိုယ်အလေးချိန် ၂၅ ပေါင်ကျခဲ့သည့် ကိုအောင်မြင်ဗိုလ်က သူ့အရပ်နှင့် လိုက်ဖက်သည့် ကိုယ်အလေးချိန် ၁၅၀ ပေါင်ခန့်အထိရောက်ရှိသွားအောင် လျှော့ချသွားမည်ဟု ဆုံးဖြတ်ထားကြောင်း သိရသည်။

ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အဓိက ဇွဲရှိဖို့လိုပါတယ်။ အရင်က ကျွန်တော်ပိန်ချင်လို့ ဆေးဘာဘာညာညာတွေသောက်တယ်။ ဒါပေမဲ့ ခဏပဲ။ ကျွန်တော်ရဲ့ အဓိကအားနည်းချက်က အစားအသောက်ပဲ။ ဒီနေ့ တစ်ရက်တည်းစားလိုက်တာ အကြောင်းမဟုတ်ပါဘူးလို့ တွေးလိုက်ရင် စပြီးပျက်စီးတာပဲ . . .

“ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အဓိက ဇွဲရှိဖို့လိုပါတယ်။ အရင်က ကျွန်တော်ပိန်ချင်လို့ ဆေးဘာဘာညာညာတွေ သောက်တယ်။ ဒါပေမဲ့ ခဏပဲ။ ကျွန်တော်ရဲ့ အဓိကအားနည်းချက်က အစားအသောက်ပဲ။ ဒီနေ့ တစ်ရက်တည်း စားလိုက်တာ အကြောင်းမဟုတ်ပါဘူးလို့ တွေးလိုက်ရင် စပြီး ပျက်စီးတာပဲ။ အဲဒီစိတ်တွေးဖြစ်ရင် နောက်နေ့လည်း ဒီတစ်ရက်လောက် ဘာမှမဖြစ်ဘူးလို့ ထပ်တွေးမိပြန်ရော။

ရှစ်တန်းတုန်းက တိုက်ကွမ်ဒိုကစားတယ်။ အဲဒါကို နားလိုက်ပြီး ဘာအားကစားမှ မလုပ်ဖြစ်တော့ဘူး၊ လမ်းလည်း မလျှောက်ဖြစ်တော့ဘူး၊ ကျွန်တော့်မျိုးရိုးကလည်း ဝလွယ်တယ်၊ ညစာဆိုရင်လည်း ကျွန်တော်ကြက်ကြော်တို့၊ ဟမ်ဘာဂါတို့ စားဖြစ်တာများတယ်။ ယောကျာ်းလေးလည်းဖြစ်တော့ ပွဲကနည်းနည်းများတယ်။ အဲဒီမှာ သောက်တာ၊ စားတာရှိတဲ့အခါ ကျွန်တော်ကအမြည်းအရမ်းစားတယ်။ အလုပ်ကလည်း ဒီဇိုင်းဆွဲတာဆိုတော့ ညဉ့်နက်တဲ့အထိလုပ်ရတယ်။ အဲဒီအချိန်မှာ အဆာပြေတွေလည်း စားဖြစ်သွားတယ်။ ဒီလိုနည်းနဲ့ ပေါင်ချိန်က ဘယ်လိုတိုးမှန်းမသိဘဲ တိုးတိုးလာတယ်။ အင်္ကျီကျပ်တာကို သတိထားမိပေမယ့် အဝတ်အစားကလည်း အပွတွေပဲဝတ်တာများတော့ သိပ်ဂရုမပြုမိဘူး။ အရင်က ရီးစားလည်းမရှိတော့ သိပ်ဂရုမစိုက်ဖြစ်ခဲ့ဘူး”ဟု ကိုအောင်မြင်ဗိုလ်က သူဝလာရသည့် အကြောင်းရင်းကို ပြောပြခဲ့သည်။

“ကျွန်တော်ကတော့ ပေါင်ချိန် ၁၄၀လောက်အထိ လျှော့ချင်ပေမယ့် ဆရာဝန်တစ်ဦးနဲ့ တိုင်ပင်တော့ သူက ၁၅၀ လောက်ပဲ လျှော့ပါလို့ အကြံပေးပါတယ်။ ကျွန်တော်ကတော့ Gym မှာ ပုံမှန်ကစားရင်း Six Pack ထွက်တဲ့အထိ ကြိုးစားသွားမှာပါ။ ကျွန်တော် အဲဒီလောက်အထိ ကိုယ်ရေစစ်ပြီး သန်စွမ်းကျန်းမာသွားရင်လည်း တခြား ဘဝတူ ကိုယ်အလေးချိန်များနေတဲ့သူတွေကို ထပ်မံမျှဝေသွားဦးမှာပါ”

စားချင်ရာစား၊ သောက်ချင်ရာသောက်ပြီး လူငယ်ဆန်ဆန်လွတ်လပ်ပေါ့ပါးစွာ နေထိုင်ခဲ့သည့် ကိုအောင်မြင်ဗိုလ်အတွက် ကိုယ်အလေးချိန် လျှော့ချရာတွင် အစားအသောက်၊ အနေအထိုင်တို့ကို ခြိုးခြံထိန်းသိမ်းရာ၌ အခက်အခဲများစွာ ကြုံခဲ့ရသည်။ “အဓိကကတော့ မနက်လမ်းလျှောက်တဲ့အခါ စစချင်းမောတယ်။ လမ်းတစ်ဝက်လောက်ရောက်တော့ ငါကားစီးလိုက်ရင် ကောင်းမယ်၊ တက္ကစီငှားစီးလိုက်ရင် ကောင်းမယ်လို့ အရမ်းတွေးမိတယ်။ ပထမဆုံးရက်ကတော့ တောင်ဒဂုံကနေ လျှောက်တဲ့အခါ လမ်းတစ်ဝက်မှာတင် ဘယ်လိုမှ မလျှောက်နိုင်ဘဲ အရမ်းညောင်းလို့ တက္ကစီငှားစီးလိုက်သေးတယ်။ နောက်ပိုင်းကျတော့ စိတ်ကိုဆုံးဖြတ်ပြီး ကားမငှားတော့ဘဲ လမ်းလျှောက်ပြီး ရုံးကိုရောက်အောင် သွားလိုက်တယ်။ ဒါကလည်း တော်တော်ကို စိတ်ပင်ပန်းခဲ့ရပါတယ်။

ညဘက်ကျတော့ ထမင်းမစားတဲ့အတွက် တော်တော်ပင်ပန်းတယ်။ တစ်ရက်ကျတော့ အမေက ကြက်အသည်းအမြစ်နဲ့ အုန်းထမင်းချက်ထားတော့ စားချင်တာနဲ့ ဒီနေ့တစ်ရက်တော့ စားလိုက်ပါမယ်ဆိုပြီး စားလိုက်တယ်။ နောက်နေ့ကျတော့လည်း အဲဒီအချိန်ကျရင် ဗိုက်က အရမ်းဆာလာရော။ ဒါနဲ့ ဘယ်လိုမှမဖြစ်တော့ဘူးဆိုပြီး မစားဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျွန်တော်ဖတ်တဲ့ စာအုပ်လေး တစ်အုပ်ရှိတယ်။ “စိတ်သောကကင်းကင်းနဲ့ ဝိတ်အဆီချနည်း”ဆိုတဲ့ စာအုပ်လေးမှာ ယောဂနည်းလေးပါတယ်။ စားချင်စိတ်ပေါ်လာရင် နှုတ်ခမ်းပေါ်မှာရှိတဲ့ နေရာလေးကို နှိပ်ပေးရမယ်၊ ပြီးရင် နားဘေးက နားသန်သီးလေးကို နှိပ်ချေပေးရမယ်လို့ ရေးထားတာနဲ့ ကျွန်တော် အဲဒီနည်းအတိုင်း နှိပ်ပေးတယ်။ တစ်ပတ်လောက် သည်းခံလိုက်တော့ နောက်ပိုင်း စားချင်စိတ်မဖြစ်ဘဲ နေနိုင်သွားတယ်။

နောက်တစ်ခုက လမ်းလျှောက်တဲ့အခါ လမ်းမှာမုန့်ဆိုင်တွေက အများကြီး၊ အနံ့ပေါင်းစုံက နှိပ်စက်နေတာကို တော်တော်လေး သည်းခံရတယ်။ တစ်ပတ်အတွင်းတော့ စားချင်စိတ်ရှိနေတဲ့အတွက် တော်တော်ချုပ်တီးရတယ်။ တစ်ပတ်ကျော်သွားတဲ့ အခါမှာ လုံးဝစားချင်စိတ်မရှိတော့ဘူး။ စားချင်စိတ်ကို ထိန်းရတဲ့ ဒုက္ခကတော့ တော်တော်ဆိုးတယ်။ ညဘက်ဆိုရင် အရွက်ပြုတ်တို့ဘာတို့ စားလို့ရပေမယ့် ကျွန်တော်က ထမင်းတစ်ဇွန်း၊ နှစ်ဇွန်းလောက်စားရင်ကို ဝိတ်ကချက်ချင်းတက်တာ။ ဒါကြောင့် စားတဲ့အကျင့်ကို မလုပ်ဘဲနေလိုက်တာပါ”ဟု ကိုအောင်မြင်ဗိုလ်က ဆိုသည်။

အရင်က ကျွန်တော်ဆေးလိပ်သောက်တော့ လမ်းလျှောက်ရင်မောတယ်၊ အသက်ရှူမဝဖြစ်တယ်။ ဝလည်းဝတော့ စကားပြောရင်လည်း သွက်သွက်လက်လက် မပြောနိုင်ဘူး။ Rap သီချင်းကိုလည်း အမြန်မဆိုနိုင်ဘူး။ အခုကျတော့ အမောခံနိုင်လာတယ်၊ စကားပြောရတာ သွက်သွက်လက်လက်ပြောနိုင်လာတယ်၊ သွားတဲ့အခါ မောတာ၊ ဟိုက်တာမရှိတော့ဘဲ ကျန်းကျန်းမာမာဖြစ်လာတယ်။

အသက် ၂၇ နှစ်အရွယ် ကိုအောင်မြင်ဗိုလ်က မီဒီယာကုမ္ပဏီတစ်ခုတွင် Sales&Marketing အဖြစ် တာဝန်ယူလုပ်ဆောင်ရင်း ဝါသနာအရ သီချင်းဆိုခြင်း၊ MTV ရိုက်ကူးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ တစ်လအတွင်း ကိုယ်အလေးချိန် ၂၅ ပေါင်လျော့ကျခဲ့ပြီးနောက် ကျန်းမာရေး ကောင်းကျိုးသိသာစွာ ရရှိခဲ့ကြောင်းကို ကိုအောင်မြင်ဗိုလ်က-“အရင်က ကျွန်တော်ဆေးလိပ်သောက်တော့ လမ်းလျှောက်ရင် မောတယ်၊ အသက်ရှူမဝဖြစ်တယ်။ ဝလည်းဝတော့ စကားပြောရင်လည်း သွက်သွက်လက်လက် မပြောနိုင်ဘူး။ Rap သီချင်းကိုလည်း အမြန်မဆိုနိုင်ဘူး။ အခုကျတော့ အမောခံနိုင်လာတယ်၊ စကားပြောရတာ သွက်သွက်လက်လက်ပြောနိုင်လာတယ်၊ သွားတဲ့အခါမောတာ၊ ဟိုက်တာမရှိတော့ဘဲ ကျန်းကျန်းမာမာ ဖြစ်လာတယ်။ ကိုယ်ရေစစ်သွားတဲ့အတွက် အင်္ကျီတွေကို အဆင်ပြေပြေ အလွယ်တကူ ဝယ်လို့ရလာတယ်။ အရင်ကတော့ အင်္ကျီဆိုင်ရောက်ရင် ဆိုက်အကြီးဆုံးကို ရှာရတော့ တော်တော် မျက်နှာငယ်ရတယ်။ အခုတော့ Large Size ဝယ်လို့ရသွားပါပြီ”ဟု ပြောပြခဲ့သည်။

အခြားဘဝတူ ကိုယ်အလေးချိန်များနေသူတို့အား သူ့ကဲ့သို့ ကိုယ်အလေးချိန်လျှော့ချနိုင်ရေးအတွက် –

“ဝတဲ့သူတွေကို စိတ်ဓာတ်ခွန်အားပေးချင်တာက ကျွန်တော်တို့ဝတဲ့သူတွေမှာ အဓိကဖြစ်တဲ့အရာက ဇွဲမရှိတာပဲ။ ဇွဲရှိစေချင်တယ်၊ ပိန်ချင်တဲ့စိတ်နဲ့ တွန်းအားလေးရှိစေချင်တယ်။ အဲဒီလို တွန်းအားသာမရှိရင် ဝတဲ့သူတွေလျှော့ဖို့ သိပ်မလွယ်ပါဘူး။ နောက်တစ်ခုက ကိုယ်ဝတာကို ကိုယ့်ကိုယ်ကိုယ် မုန်းနိုင်အောင် ကြိုးစားသင့်တယ်။ မုန်းတယ်ဆိုရင်တော့ ဝိတ်ချဖို့ရာခိုင်နှုန်း ပိုများလာပါတယ်။ “ငါ တစ်ရက်လောက်စားလိုက်ရင် ဘာမှမဖြစ်လောက်ပါဘူး”၊ “ငါတစ်ရက်လောက် မကစားဘဲနေရင် ဘာမှမဖြစ်လောက်ပါဘူး”လို့ မတွေးစေချင်ပါဘူး။

ကျွန်တော်လည်း ဆက်ပြီး ဝိတ်လျှော့သွားမှာပါ။ အဓိကကတော့ ကျွန်တော့်ချစ်သူ ကျွန်တော့်ဆီပြန်လာအောင် သူလိုချင်တဲ့ ကိုယ်အလေးချိန် အနေအထားမျိုးရောက်အောင် ကြိုးစားသွားပါမယ်”ဟု ကိုအောင်မြင်ဗိုလ်က သူ့အတွေ့အကြုံကို အခြေခံ၍ အားပေးစကားပြောကြားထားပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top