Healthy Life Ad
International

၀က်ခြံဖုပေါ်သွားတိုက်ဆေးတို့ခြင်းဖြင့် အရေပြားခြောက်သွေ့ခြင်းနှင့် ဝက်ခြံပိုဆိုးခြင်း ဖြစ်စေနိုင်

၊ ကိုထက် ၊

ဝက်ခြံဖုပေါ် သွားတိုက်ဆေးတို့ပေးတာကြောင့် အရေပြားခြောက်သွေ့တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ ဝက်ခြံအဖုအပိမ့် ပိုဆိုးတာတွေကို ဖြစ်စေနိုင်တယ်လို့ အရေပြားအထူးကု ဆရာဝန်တွေက ဆိုလိုက်ပါတယ်။

အရေပြားက အဆီပြန်တဲ့အခါ ဆီကြည်ထွက်လာပြီး အရေပြားဆဲလ်သေနဲ့ပေါင်းကာ ချွေးပေါက်ပိတ်ဆို့ရာက ဝက်ခြံဖုထွက်လာပါတယ်။ P acne အမည်ရှိ ဘက်တီးရီးယားပိုးတွေက အရေပြားမျက် နှာပြင်ပေါ်မှာ ပုံမှန်အားဖြင့်ရှိပြီး ချွေးပေါက်ထဲက အဆီပိုတွေကိုအားဖြည့်ပေးပါတယ်။ ယင်းဘက်တီးရီးယားတွေ ပေါက်ပွားမှုများလာတဲ့အခါ ချွေးပေါက်ရောင်ရမ်းလာပြီး ဝက်ခြံဖုက နီမြန်းကြီးထွားလာပါတော့တယ်။ ဆယ်ကျော်သက်အရွယ်အတွင်း ဟော်မုန်း အဆင့်မြင့်တက်တာကြောင့် ဆီကြည်ထွက်ရှိမှု အမြင့်ဆုံးဖြစ်တဲ့အတွက် ဝက်ခြံက အဖြစ်များဆုံး ဖြစ်ပါတယ်။

“သွားတိုက်ဆေးကို နှစ်ပေါင်းများစွာကတည်းက ဝက်ခြံကုဖို့နည်းတစ်ခုအဖြစ် သုံးခဲ့ကြပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ဆော်ဒါမှုန့်ပါတဲ့အတွက် ဝက်ခြံဖုကိုခြောက်သွေ့စေပါတယ်။ ဒါပေမဲ့ ပါဝင်ပစ္စည်းတွေက မျက်နှာအတွက် ကြမ်းလွန်းပါတယ်။ အရေပြားခြောက်တာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတို့ကို ဖြစ်စေနိုင်ပါတယ်။ မန်သော်ပါတဲ့ သွားတိုက်ဆေးဆိုရင် အရေပြားယားယံတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်စေနိုင်ပါတယ်”လို့ အရေပြားအထူးကု ဒေါက်တာအယ်လ်ချက်က ဆိုပါတယ်။

မျက်နှာရှိ ဝက်ခြံအဖုအပိမ့်တွေပေါ် သွားတိုက်ဆေးတို့တာက မျက်နှာကို ဘက်တီးရီးယားပိုးတွေဝင်အောင် ပိုတွန်းပို့သလို ဖြစ်စေတယ်လို့ သိရပါတယ်။ ဝက်ခြံကို သွားတိုက်ဆေးတို့မယ့်အစား ရက်တီးနွိုက်ခရင်မ်လိမ်းတာ၊ ဂလိုင်ကောလစ်အက်စစ်ပါတဲ့ ဆေးလိမ်းတာ၊ ဆလီးဆလစ်အက်စစ်ပါတဲ့ ဆေးလိမ်းတာတို့ကို လုပ်ဆောင်သင့်ကြောင်း အရေပြားအထူးကုဆရာဝန်တွေက အကြံပြုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top