Healthy Life Ad
Child

ရက်ပေါင်း တစ်ထောင်နှင့် မိခင်၊ ကလေး ကျန်းမာရေး

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

ကိုယ်ဝန်မဆောင်ခင် ဒါမှမဟုတ် ကလေးယူတော့မယ်ဆိုရင် မိခင်လောင်းတွေရဲ့ အစားအသောက်၊ အနေအထိုင်ကို သေချာဂရုစိုက်ပေးဖို့ အလွန်အရေးကြီးပါတယ်။ မိခင်လောင်းလေးတွေဟာ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ပြည့်ဝတဲ့ သားသားမီးမီးလေးတွေ မွေးဖွားနိုင်ဖို့အတွက် Healthy Eating, Healthy Lifestyle ဖြစ်ဖို့ အလွန်လိုအပ်လှပါတယ်။ မိခင်လောင်းတွေက ကိုယ်ဝန်စဆောင်တဲ့အချိန်ကတည်းက အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ ကိုစားသောက်မှသာလျှင် ဗိုက်တဲ့မှာရှိတဲ့ ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်တိုးတက်ဖွံ့ဖြိုးမှုတွေကို ကောင်းမွန်စေမှာဖြစ်ပါတယ်။

မေမေ့ရဲ့ ဝမ်းဗိုက်ထဲကို ကလေးလေးစတင်ရောက်ရှိလာတဲ့အချိန်ကစပြီး ကိုယ်ဝန်ဆောင်ချိန် ၉ လအပါအဝင် ကလေးငယ်လေးမွေးဖွားပြီးလို့ အသက် ၂နှစ် ပြည့်တဲ့အချိန်အထိ စုစုပေါင်း ရက်ပေါင်း ၁၀ဝ၀ ကို ဆိုလိုတာဖြစ်ပါတယ်။

ရက်ပေါင်း ၁၀ဝ၀ ဆိုတာဘာလဲ

ဒီအတွက်ကြောင့် ယနေ့ကမ္ဘာပေါ်မှာ “ရက်ပေါင်း ၁၀ဝ၀ အာဟာရပြည့်ဝရေး” (1000 Days Nutrition) ဆိုတာဟာ သိပ်ကိုခေတ်စားလာနေပါတယ်။ ရက်ပေါင်းတစ်ထောင်ဆိုတာက မေမေ့ရဲ့ ဝမ်းဗိုက်ထဲကို ကလေးလေးစတင်ရောက်ရှိလာတဲ့ အချိန်ကစပြီး ကိုယ်ဝန်ဆောင်ချိန် ၉ လအပါအဝင် ကလေးငယ်လေးမွေးဖွားပြီးလို့ အသက် ၂နှစ်ပြည့်တဲ့အချိန်အထိ စုစုပေါင်း ရက်ပေါင်း ၁၀ဝ၀ ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီရက်ပေါင်း ၁၀ဝ၀ ကို ကလေး ငယ်လေးဘဝရဲ့ ပထမဦးဆုံးပြတင်းပေါက် (first window for early life nutrition)လို့လည်း တင်စားခေါ်ဆိုနိုင်ပါတယ်။

ဒီရက်ပေါင်း ၁၀ဝ၀ အတွင်းမှာ လိုအပ်တဲ့အာဟာရဓာတ်ကို လုံလောက်ပြည့်ဝစွာရရှိဖို့ဆိုတာ ကလေးငယ်လေးရဲ့ အနာဂတ်ကျန်းမာရေး၊ ပညာရေးနဲ့ ဘဝအောင်မြင်မှုတွေ ရရှိရေးတို့အတွက် အင်မတန်မှအရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါတင်မကသေးပဲ ဒီလိုရက်ပေါင်းတစ်ထောင်လေးအတွင်းမှာ ကိုယ့်ရဲ့ရင်သွေးငယ်လေးကို အာဟာရပြည့်ဝစွာ ကျွေးမွေးခြင်းဟာ ကလေးငယ်လေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ သင်ယူလေ့လာနိုင်စွမ်း မြင့်မားတိုးတက်လာမှုတို့ကို အများကြီး အထောက်အပံ့ပေးနိုင်ကြောင်း လေ့လာဆန်းစစ်ချက်တွေက သက်သေပြလျက်ရှိပါတယ်။

ကလေးငယ်လေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အာဟာရဓာတ်ပြည့်ဝဖို့လိုအပ်တယ်

ကိုယ်ဝန်ဆောင်နေချိန် သန္ဓေသားဘဝနဲ့ မွေးပြီးပြီးချင်း ၁နှစ် ၂နှစ်အချိန်ဟာ ကလေးငယ်လေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိကအကျဆုံးအချိန် ကာလတွေပါ။ ဒါကြောင့် ဒီလိုအဓိကအကျဆုံး အချိန်ကတည်းက မိခင်ရော ကလေးငယ်လေးအတွက် ပါကောင်းမွန်မျှတတဲ့အာဟာရတွေကို စားသောက်ပြီး ကလေးငယ်လေးရဲ့ဦးနှောက်ဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးလာစေဖို့၊ ကျောင်းနေစဉ်အရွယ်မှာ ကျောင်းစာတွေကောင်းကောင်းလိုက်နိုင်စေဖို့နဲ့ အရွယ်ရောက်လာတဲ့အခါမှာ ပေါင်းသင်းဆက်ဆံရေးတွေ ကောင်းမွန်လာစေဖို့အတွက် အခြေခံအုတ်မြစ်ချပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးအချိန်မှာ အာဟာရပြည့်ဝစွာ မရရှိခဲ့ပါက ကလေးငယ်လေးရဲ့ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပြီး နောက်အနာဂတ်မှာ ကလေးရဲ့ ဉာဏ်ပညာပိုင်းဆိုင်ရာချို့ယွင်းခြင်း၊ ကျောင်းစာတွေမလိုက်နိုင်ခြင်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ရခြင်း စတာတွေသာမက အသက်အရွယ်ကြီးပြင်းလာလို့ အလုပ်အကိုင်ရရှိတဲ့ အခါမှာလည်း အလုပ်လုပ်ကိုင်နိုင်စွမ်းညံ့ဖျင်းခြင်း၊ ကိုယ့်ရဲ့မိသားစု၊ သားသမီးတွေကို ကြည့်ရှုစောင့်ရှောက်နိုင်စွမ်းအားနည်းခြင်း စတာတွေအထိ နောက်ဆက်တွဲထိခိုက်ဆုံးရှုံးမှုတွေ အများကြီး ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီရက်ပေါင်း ၁၀ဝ၀ မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေချို့တဲ့ခဲ့ရင် ဘာတွေထပ်ဖြစ်မှာလဲ

မိခင်လောင်းက ကိုယ်ဝန်ဆောင်နေချိန်မှာ အစားအသောက်အရမ်းရှောင်ရင် ဒါမှမဟုတ် လိုအပ်တဲ့အာဟာရဓာတ်တွေကို ပြည့်စုံမျှတအောင် မစားသောက်ဘူးဆိုရင် ဗိုက်ထဲမှာရှိတဲ့ သန္ဓေသားလေးဆီကိုပြည့်ဝမှန်ကန်တဲ့ အာဟာရဓာတ်တွေ ရောက်နိုင်မှာမဟုတ်ပါဘူး။ သန္ဓေသားလေးရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောင်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်စုံလုံလောက်စွာ မရရှိဘူးဆိုရင် သူတို့လေးတွေရဲ့ ကိုယ်ခန္ဓာနဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုတွေကို နှေးကွေးရပ်တန့်သွားစေနိုင်သလို မွေးဖွားလာတဲ့အခါမှာလည်း ပေါင်ချိန်မပြည့်ဘဲ မွေးဖွားလာတာ၊ နေ့မစေ့လမစေ့ဘဲမွေးဖွားလာတာ၊ နေ့စေ့လစေ့ပေမယ့်လည်း မေမေ့ဗိုက်ထဲမှာ အာဟာရပြည့်ဝစွာမရခဲ့လို့ အရွယ်အစားသေးကွေးကြုံလှီနေတာ စတဲ့ ဆိုးကျိုးတွေနဲ့ ကြုံတွေ့နေရပါတယ်။

တချို့ကလေးငယ်လေးတွေကျတော့လည်း သန္ဓေသားဘဝမှာ မိခင်ကအစားအသောက် ဂရုမစိုက်မိလို့ ရောဂါပိုးဝင်သွားတာကြောင့် ဒါမှမဟုတ် မွေးဖွားချိန်မှာ အာဟာရပြည့်ဝတဲ့မိခင်နို့ကို မစို့ရတာကြောင့်၊ နောက်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်မရရှိတာတွေကြောင့် အာဟာရမလုံလောက်မှုတွေ ခံစားရနိုင်ပါတယ်။ အသက် ၂ နှစ်အောက် ကလေးငယ်လေးတွေဟာ အရမ်းကို နုနယ်ပြီး ဂရုစိုက်ဖို့အထူးလိုအပ်တာကြောင့် ဒီအသက်အရွယ်မှာ အာဟာရသာပြည့်စုံစွာမရခဲ့ဘူးဆိုရင် နောက်ဆက်တွဲပြဿနာတွေ အများကြီးဖြစ်ပွားစေနိုင်ပါတယ်။ ဒီအရွယ်မှာ အာဟာရလုံလောက်မှုမရှိခြင်းဟာ ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်ကို များစွာအားနည်းစေပြီး သာမန်ဖျားနာမှုတွေဖြစ်တဲ့ ချောင်းဆိုးခြင်း၊ ဝမ်းလျှောခြင်းတွေကြောင့်ပင် ကလေးငယ်တွေရဲ့ အသက်အန္တရာယ်အထိ ထိခိုက်စေနိုင်ပါတယ်။

ဒီအာဟာရမပြည့်ဝတဲ့ပြဿနာဟာ အရမ်းကြီးပါတယ်။ မိခင်ဝမ်းဗိုက်ထဲမှာရှိနေစဉ်နဲ့ မွေးဖွားပြီးစအချိန်တွေမှာ သူတို့လေးတွေအတွက် လုံလောက်တဲ့ အာဟာရဓာတ်တွေမရခဲ့ဘူးဆိုရင် အခုပြောပြခဲ့တဲ့အတိုင်း ငယ်ရွယ်စဉ်မှာရောဂါပြဿနာတွေနဲ့ ရင် ဆိုင်ရနိုင်သလို အသက်အရွယ်ကြီးပြင်းလာတဲ့ အခါမှာလည်း ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေအထိ ဖြစ်ပွားနိုင်တာကြောင့် ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ မိမိကိုယ်တိုင်ရော သားသားမီးမီးငယ်လေးတွေအတွက်ပါ အာဟာရအသိရှိပြီး နေ့စဉ်လည်း အာဟာရဓာတ်တွေပြည့်စုံလုံလောက်အောင် စားသောက်ပေးဖို့ အထူးလိုအပ်ကြောင်း ပြောလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top