Healthy Life Ad
Life Style

ရေအများကြီးသောက်ခြင်းနှင့် ကျန်းမာရေး (၃) (Drinking too much water : ‘can it be beneficial or harmful for your health’)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

သွေးတွင်းဆိုဒီယမ်နည်းခြင်းရဲ့ ကုထုံးကတော့ ရေကိုတစ်လီတာထက်ပိုမသောက်ဖို့ တားမြစ်ခြင်း၊ လိုအပ်ပါက ဆားခဲများပြန်ကျွေးခြင်း၊ သတိလစ်နေပါက ၃% ဆားငန်ရည်အပြစ်ကို သွင်းပေးခြင်းဖြင့် သွေးတွင်းဆိုဒီယမ်ပြန်တက်လာပါက ပကတိအတိုင်းပြန်ကောင်းသွားစေနိုင်ပါမယ်။ ဒီရောဂါကိုကုသရာမှာ အထူးသတိထားရမှာကတော့ ဆိုဒီယမ်တက်အောင် ဆားရည်အပြင်းစား ၃% ကိုပေးပြီး ကုသရတဲ့အခါ သွေးတွင်းဆိုဒီယမ်ဓာတ်ကို သင့်လျော်တာထက်လျင်မြန်စွာ ပြုပြင်လိုက်ရင် ဘေးထွက်ဆိုးကျိုးအဖြစ် Central Pontine Mylinolysis လို့ခေါ်တဲ့ ဦးနှောက်ထိခိုက်ခြင်း ရောဂါတစ်ခုကို ထပ်ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါက Hyponatremia သွေးတွင်းဆိုဒီယမ်နည်းခြင်းထက် ပိုဆိုးနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အထူးသတိထားပြီး ကျွမ်းကျင်စွာကုသဖို့လိုအပ်ပါတယ်။

ရေအများကြီးသောက်ရင် ဖြစ်နိုင်တဲ့ တခြားဆိုးကျိုးတွေကတော့ နှလုံးကိုလည်း ပိုပြီးအလုပ်ပေးတာပဲဖြစ်ပါတယ်။ နှလုံးရောဂါရှိနေရင် သွေးထဲမှာ ရေပြည့်လျှံပြီး အမောဖောက်တတ်ပါတယ်။ ကျောက်ကပ်ရဲ့ ရေစစ်အပိုင်း Glomeruli ကို ထိခိုက်စေနိုင်တယ်လို့ဆိုပါတယ်။ ကျောက်ကပ်ရဲ့ ရေစစ်ဖြစ်တဲ့ ဂလိုမယ်ရူလိုင် (Glomeruli) တွေကို အလုပ်အလွန်အကျွံပေးခြင်းကို ဖြစ်စေပါတယ်။ သာမန်အားဖြင့် ကျောက်ကပ်ဟာ တစ်နာရီအတွင်းမှာ တစ်လီတာ (ရေသန့်ဘူးကြီး တစ်ဘူးစာ)သာ ရေစစ်ထုတ်ပေးနိုင်တဲ့ အင်အားရှိပါတယ်။ ရေသောက်နှုန်း ဒီထက်မများသင့်ပါဘူး။

တစ်နေ့တာအတွက် ရေဘယ်လောက်သောက်သင့်ပါသလဲ

သာမန်နေကောင်းတဲ့သူတွေအဖို့ ရေကို ရှစ်အောင်စ (၂၃၀ စီစီ)ဖန်ခွက်နဲ့ ၆ ခွက်မှ ၈ ခွက် ဒါမှမဟုတ် တစ်နေ့လုံးမှာ နှစ်လီတာမှ သုံးလီတာခန့် သောက်ကြပါတယ်။ သောက်သင့်ပါတယ်။ ရေသောက်တာ နည်းတာများတာက တစ်ဦးချင်းရဲ့ နေထိုင်မှုပုံစံ၊ ရာသီဥတု၊ ပတ်ဝန်းကျင်၊ စားသောက် ပုံအလေ့အထ စတဲ့ အချက်တွေပေါ် မူတည်ပါတယ်။ ရေကို ရေငတ်ပြေတဲ့အထိသောက်ပါ။ အငန်ဓာတ်တွေပိုစားရင် ရေပိုဆာပြီး ပိုသောက်ရပါမယ်။ ဆီးအရောင်ရင့်နေရင် ကိုယ်ထဲမှာ ရေခမ်းပြီး ရေပိုသောက်ဖို့ လိုအပ်ကြောင်း သိနိုင်ပါတယ်။ ရေခမ်းနေရင် ကိုယ်အလေးချိန်ကျတာတွေ့ရတတ်ပါတယ်။

သတိလစ်နေသူတွေအဖို့ ဆီးအထွက်ကိုကြည့်ပြီး အစာပိုက်မှ သို့မဟုတ် သွေးကြောတွင်းမှ ရေသွင်းပေးရပါမယ်။ ဆီးနဲ့ဝမ်းမှ ရေပမာဏအပြင် ချွေးနဲ့အဆုတ်မှ အငွေ့ပြန်တဲ့ ရေပမာဏ (in-sensible water loss)ကို ပေါင်းပြီးပြန်ထည့်ပေးရပါမယ်။ ရေအငွေ့ပြန်တာက အကြမ်းအားဖြင့် ၅၀ဝ စီစီမှ ၈၀ဝ စီစီခန့်ရှိပါတယ်။ နှလုံးရောဂါ၊ အသည်းခြောက်ရောဂါနဲ့ ကျောက်ကပ်ရောဂါရှိသူတွေမှာ ဆီးဆေးသုံးပြီး ပိုနေတဲ့ရေကိုတောင် ထုတ်ပစ်ရတဲ့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ရေလျှော့သောက်ရပါမယ်။

ရေကိုလိုအပ်သလောက် လုံလောက်အောင်သောက်မှ ကျန်းမာရေးနဲ့ ညီညွတ်မည်ဖြစ်သော်လည်း ရေကို အလွန်အကျွံ အများကြီးပိုသောက်ရင် အန္တရာယ်ရှိတတ်ပါတယ်။ ရေအများကြီးပိုသောက်ရင် ရောဂါတွေကိုကာကွယ်ပြီး ပိုကျန်းမာစေတယ်ဆိုတဲ့ တရားသေ အယူအဆသည် မမှန်ကန်ကြောင်းကို ပညာရှင်များက သတိပေးထားပါတယ်။

နိဂုံးချုပ်ပြောလိုတာကတော့ ရေကို လိုအပ်သလောက် လုံလောက်အောင်သောက်မှ ကျန်းမာရေးနဲ့ ညီညွတ်မည်ဖြစ်သော်လည်း ရေကိုအလွန်အကျွံ အများကြီးပိုသောက်ရင် အန္တရာယ်ရှိတတ်ပါတယ်။ ရေအများကြီး ပိုသောက်ရင် ရောဂါတွေကို ကာကွယ်ပြီး ပိုကျန်းမာစေတယ်ဆိုတဲ့ တရားသေ အယူအဆသည် မမှန်ကန်ကြောင်းကို ပညာရှင်များက သတိပေးထားပါတယ်။ လိုအပ်တာထက် ရေကိုအများကြီးသောက်ရင် Hyponatremia လို့ခေါ်တဲ့ သွေးတွင်းဆိုဒီယမ်လျော့ကျခြင်းကြောင့် အသက်အန္တရာယ်ရှိကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

စာဖတ်သူများ ရေသောက်ခြင်းနှင့် ပတ်သက်ပြီး ဗဟုသုတများရရှိကာ ရေ၏အကျိုးများရရှိပြီး ရေ၏အန္တရာယ်တွေကို ရှောင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top