Healthy Life Ad
Life Style

လေဖြတ်ပြီးချိန် ပြန်လည်သန်စွမ်းရေး

ပါမောက္ခဦးနေဝင်း(အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ လေဖြတ်ထားတဲ့သူတွေမှာ ပြန်လည်သန်စွမ်းလာအောင် ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ ဆရာ။
ဖြေ ။ လေဖြတ်လိုက်တဲ့အခါ ရုတ်တရက် ကိုယ်တစ်ခြမ်း သေသွားတာကို Hemepresis လို့ခေါ်ပါတယ်။ ဒီလိုဖြစ်ရင် ကြွက်သားတွေ အားမရှိတော့ဘူး၊ အစပိုင်းမှာ ကိုယ်တစ်ခြမ်းသေသွားပေမယ့် နောက်ပိုင်းမှာ ျRecovery(ပြန်လည်ကောင်းမွန်မှု) နည်းနည်း ပြန်ရလာတယ်။ ဒါပေမဲ့ ပုံမှန်အတိုင်းတော့ မကောင်းတော့ပါဘူး။ ဒါကြောင့် လေဖြတ်ထားတဲ့ သူတွေက ထော့နဲ့ထော့နဲ့ လမ်းလျှောက်ရတာ၊ တချို့ကျတော့ လေးချောင်းထောက်တုတ်နဲ့ လျှောက်ရတာတွေကိုတွေ့ရပါတယ်။ သူတို့အနေနဲ့ လုံးဝပြန်ကောင်းအောင်လည်း ကုလို့မရဘူး။

ဦးနှောက်ရဲ့ ဗဟိုအာရုံကြောစနစ် CNS (Central Nervous System) ကတစ်ခါထိခိုက်ပြီးသွားရင်၊ ဆဲလ်တွေက တစ်ခါသေသွားပြီးရင် ပြန်မကောင်းနိုင်တော့ပါဘူး။ Regeneration မရှိတော့ပါဘူး။ တခြားတစ်သျှူးတွေ၊ ဥပမာ- အရိုးက ကျိုးပြီးသွားရင်ပြန်ဆက်နိုင်တယ်၊ ပြန်ကောင်းနိုင်တယ်။ အာရုံကြောမကြီးကထွက်တဲ့ အာရုံကြောအသေးလေးတွေ (Peripheral Nerves)က ပြန်ကောင်းနိုင်တယ်။ ဒါပေမဲ့ CNS နဲ့ ကျောရိုးမကြီး (Spinal Cord)က တစ်ခါထိခိုက်ပြီးရင် ပြန်မကောင်းနိုင်တော့ပါဘူး။ သွေးကြောထိခိုက်လို့ပဲ ဖြစ်ဖြစ်၊ သွေးခဲပိတ်ဆို့လို့ပဲဖြစ်ဖြစ်၊ သွေးမလျှောက်လို့ပဲဖြစ်ဖြစ် ဦးနှောက်ကို ထိခိုက်သွားရင် သေသွားတဲ့ ဆဲလ်တွေက ပြန်မကောင်းတော့ပါဘူး။ ဒါက ဘဝတစ်သက်တာလုံး ပြန်မကောင်းနိုင်တော့ပါဘူး။

မေး ။ ြပန်လည်သန်စွမ်းရေးလုပ်လို့ရတဲ့ အခြေအနေကိုလည်း ပြောပြပေးပါဦး ဆရာ။
ဖြေ ။ ဒီနေရာမှာ ပြန်လည်သန်စွမ်းရေးဆိုတဲ့ Rehabilitation က အရေးပါလာပါတယ်။ ဘယ်လို အရေးပါလာသလဲဆိုတော့ တစ်စိတ်တစ်ပိုင်း လေဖြတ်တာမျိုး (Partial Presis)ကြောင့်ကြွက်သား ၁၀မျိုးထဲက ငါးမျိုးလောက် သေသွားရင် ကျန်တဲ့ ကောင်းတဲ့ကြွက်သားငါးမျိုးကို ပိုပြီး အားရှိလာအောင် လုပ်ပေးတာဖြစ်ပါတယ်။ အဲဒီလို လုပ်ပေးတဲ့အတွက်ကြွက်သားငါးမျိုးရဲ့ ထောက်ပံ့မှုကြောင့် ပုံမှန်နီးပါးလှုပ်ရှားနိုင်လာတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လေဖြတ်ပြီး အောက်ပိုင်းသေသွားတဲ့အခါ ဖြစ်ခါစမှာ ဘယ်သူမှပြန်ပြီး လှုပ်ရှားလို့မရပါဘူး။ ဘာမှလုပ်လို့မရတဲ့ အချိန်အတောအတွင်းမှာ အဆစ်တွေ တောင့်တင်းမှု(Joint Stiffness) မဖြစ်သွားအောင်၊ ကြွက်သားတွေ သိမ်မသွားအောင် ကြွက်သားတွေကို လျှပ်စစ်နည်းနဲ့ လှုံ့ဆော်မှု(Electro- stimulation) လုပ်ပေးပါတယ်။

နောက်တစ်ချက်အနေနဲ့ ခြေထောက်တွေ ထုံနေရင် ဖိအားကြောင့် အနာ(Pressure Sore) မဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။ လေဖြတ်ထားတဲ့ သူတွေမှာ အသင့်အတင့် ပြန်ကောင်းလာနေပြီဆိုရင် လူကောင်းလို လမ်းမလျှောက်နိုင်ပေမယ့်လည်း လမ်းလျှောက်နိုင်အောင် သင်ပေးရပါတယ်။ သူတို့ တတ်နိုင်တဲ့ အတိုင်းအတာအထိ လှုပ်ရှားသွားလာလို့ရအောင် လုပ်ပေးတာကို ပြန်လည်သန်စွမ်းရေး ဆောင်ရွက်ပေးတယ်လို့ ခေါ်ပါတယ်။

မေး ။ လေဖြတ်ပြီးချိန်မှာ လှုပ်ရှားသွားလာနိုင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်ပေးနိုင်ပါသလဲ ဆရာ။
ဖြေ ။

လူတစ်ယောက်က တစ်စိတ်တစ်ပိုင်း လေဖြတ်ပြီး အောက်ပိုင်းမလှုပ်နိုင်တော့ဘူးဆိုရင် ချိုင်းထောက်နဲ့လျှောက်မှာလား၊ တုတ်ကောက်နဲ့ လျှောက်မှာလား၊ လေးချောင်းထောက်နဲ့ လျှောက်မှာလားဆိုတာ ရွေးချယ်ပြီး ဖြစ်နိုင်သမျှ လှုပ်ရှားသွားလာလို့ရအောင် ဆောင်ရွက်ပေးရပါတယ်။ ဆရာတို့ရဲ့ Moto အရ ”Life is Movement. Movement is life.” ဆိုတာပဲ ဖြစ်တယ်။

လူတွေရဲ့ ဘဝက လှုပ်ရှားသွားလာနေမှ ဘဝဆိုတာ ပီပြင်တယ်။ ဒါကြောင့် လေဖြတ်ထားတဲ့ လူနာတွေမှာ လေးချောင်းထောက်၊ ချိုင်းထောက် စတာတွေနဲ့ မသွားနိုင်ဘူးဆိုရင်တောင် ဝှီးချဲနဲ့ သွားခိုင်းရပါမယ်။ ဝှီးချဲနဲ့ ကမ္ဘာလှည့်လို့တောင် ရပါတယ်။ အောက်ပိုင်းသေပေမယ့် လက်ကောင်းနေသေးတယ်ဆိုရင် အများကြီး စွမ်းဆောင်နိုင်ပါသေးတယ်။ တချို့လူနာတွေဆိုရင် အောက်ပိုင်းမသေခင်က ခပ်ပေပေနေခဲ့ပေမယ့် အောက်ပိုင်းသေပြီးမှ လက်တွေနဲ့ ရသလောက် လုပ်ကိုင်ဆောင်ရွက်ရင်း လူလို သူလိုဖြစ်ပြီး ကြီးပွားလာတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ လက်ကောင်းနေရင် ဝှီးချဲကို ကိုယ့်ဘာသာ တွန်းသွားလို့ရပါတယ်။ C6ဆိုတဲ့ လက်ကောက်ဝတ်အဆစ် ကောင်းနေသေးရင် ဝှီးချဲနဲ့ ကိုယ့်ဘာသာ သွားလို့ရပါတယ်။

နေ့စဉ် သွားတိုက်တာ၊ မျက်နှာသစ်တာ၊ ခေါင်းဖြီးတာစတဲ့ နိစ္စဓူဝအလုပ်တွေ အများကြီးကိုလည်း ကိုယ့်ဘာသာ လုပ်လို့ရအောင် နည်းပညာသစ်တွေ ရှိပါတယ်။ ပခုံးတောင် မတွန့်နိုင်တဲ့သူတွေမှာဆိုရင် မော်တာတပ်ထားတဲ့ ဝှီးချဲနဲ့ သွားလို့ရအောင် ပါးစပ်ထဲစက်ထည့်ပြီး ထိန်းချုပ်သွားနိုင်အောင် တခြားနိုင်ငံတွေမှာ ဆောင်ရွက်ပေးထားပါတယ်။ အခုခေတ်မှာ လေဖြတ်ထားသူတွေအတွက် သွားလာလှုပ်ရှားနိုင်အောင် စီစဉ်ထားတာတွေ ရှိပါတယ်။ ဒါကြောင့် ဘာမှ အားငယ်စရာမလိုပါဘူး။ လူတစ်ယောက်မှာ ရုပ်ခန္ဓာထက် စိတ်နဲ့ ဦးနှောက်ကပို အရေးကြီးပါတယ်။ စိတ်နဲ့ ဦးနှောက်သာ ကောင်းနေရင် အများကြီး စွမ်းဆောင်နိုင်ပါတယ်။ အဲဒီလို စွမ်းဆောင်နိုင်သူတွေလည်း အများကြီးပဲ ရှိနေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top