Healthy Life Ad
Life Style

ခရီးသွားစဉ် ဆောင်ထားသင့်သည့်ဆေးများ

ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ ခရီးသွားတဲ့အချိန်မှာ ဘယ်လိုဆေးဝါးတွေကို ဆောင်သွားသင့်ပါသလဲ ဆရာ။
ဖြေ ။ ကိုယ်သွားမယ့် အရပ်ဒေသအပေါ် မူတည်ပြီး ကျန်းမာရေး စောင့်ရှောက်မှုခံယူရပါမယ်။ အေးတဲ့ ဒေသကိုသွားရင် အအေးမိတာ၊ နှာစေးတာနဲ့ ချောင်းဆိုးတာစတဲ့ဝေဒနာတွေ အဖြစ်လွယ်တာကြောင့် ဒီဝေဒနာတွေ သက်သာစေတဲ့ ဆေးတွေကို ဆောင်သွားသင့်ပါတယ်။ ဘာမီတွန်တို့၊ အအေးမိနှာစေးပျောက်ဆေးတို့ အစရှိတဲ့ ဆေးတွေကို ဆောင်သွားသင့်ပါတယ်။ တချို့က ခရီးသွားရင် ကားမူးတာနဲ့ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။ အန်တတ်ပါတယ်။ အဲဒီလို ဝေဒနာတွေ ဖြစ်တတ်သူတွေအနေနဲ့ အအန်ပျောက်စေတဲ့ Dramamine ဆေးကို ကားပေါ်မတက်ခင် နာရီဝက်လောက်အလိုမှာ ကြိုတင်သောက်သွားပေးဖို့ လိုပါလိမ့်မယ်။

ခရီးသွားချိန်မှာ အစားမှားရင် ဝမ်းပျက်ဝမ်း လျှောရောဂါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓာတ်ဆားထုပ်ဆောင်သွားသင့်ပါတယ်။ ခရီးသွားတဲ့အခါ အစာမကြေလည်း ဖြစ်တတ်ပါတယ်။ အစာကြေဆေးကိုလည်း ဆောင်ထားဖို့ လိုပါတယ်။

ရောဂါတစ်ခုခု ရှိတဲ့သူတွေကတော့ ကိုယ့်ဆေးတွေအကုန်ကို ပိုပြီး ယူသွားသင့်ပါတယ်။ ဆေးမှတ်တမ်းတွေကိုလည်း ယူသွားသင့်ပါတယ်။
ဓာတ်မတည့်မှု (Allergy) ဖြစ်တာက တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့အကျင့်ရှိရင်တော့ ဘာမီတွန်၊ Cetrine အစရှိတဲ့ဓာတ်မတည့်မှုပျောက်ဆေးတွေကို ဆောင်ထားလို့ရပါတယ်။

မေး ။ ခရီးသွားတဲ့အချိန်မှာ တချို့က အိပ်မပျော်တာ၊ အိပ်ရာအပြောင်းအလဲကြောင့် မျက်စိကြောင်တာတွေ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေဆိုရင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။
ဖြေ ။ ခရီးသွားတဲ့အခါ တချို့လူတွေက အိပ်မပျော်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အိပ်မပျော်ရင် အိပ်ဆေးသောက်လို့ရပါတယ်။ အိပ်ဆေးမသောက်ဘဲ သဘာဝနည်းနဲ့ အိပ်ပျော်ချင်ရင် မအိပ်ခင် ဗိုက်ဝအောင် အဆာပြေအစာတစ်ခုခုစားလိုက်ပါ။ စားလိုက်ရင် ခန္ဓာကိုယ်ထဲမှာ အချိုဓာတ်တက်သွားပါတယ်။ ဂလူးဂို့စ်အချိုဓာတ်က ဦးနှောက်ကို ရီမှိုင်းပြီး အိပ်သွားစေပါတယ်။ အိပ်ရာဝင်ခါနီး ကော်ဖီနဲ့ လက်ဖက်ရည်ကိုမသောက်ပါနဲ့။ အိပ်မပျော်ရင် အတွေးကိုလည်းလျှော့ချပါ။ နောက်တစ်နည်းကတော့ ကိုယ်အင်မတန်လုပ်ရမှာ ပျင်းတဲ့အရာတစ်ခုခုကို လုပ်ကြည့်ရင်လည်း အိပ်ပျော်သွားနိုင်ပါတယ်။ ကိုယ်က စာဖတ်ရမှာပျင်းတယ်ဆိုရင် စာဖတ်လိုက်ပါ၊ အိပ်ပျော်သွားနိုင်ပါတယ်။

မေး ။ ခရီးသွားရင်းမူးဝေတတ်တဲ့သူတွေအနေနဲ့ ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ ။ ဆေးအနေနဲ့ကတော့ Dramamine ဆေးကို ကားပေါ်မတက်ခင်၊ သင်္ဘောပေါ်မတက်ခင်၊ လေယာဉ်ပေါ်မတက်ခင် နာရီဝက်လောက်အလိုမှာ သောက်ထားပေးလို့ရပါတယ်။ ကားပေါ်မှာ၊ လေယာဉ်ပေါ်မှာစာသိပ်မဖတ်ပါနဲ့။ စာဖတ်နေရင် ခေါင်းပိုမူးတတ်ပါတယ်။ ဗိုက်ပြည့်နေရင် အန်တာ သက်သာတယ်ဆိုပြီး ဗိုက်ပြည့်အောင် စားတတ်တဲ့သူတွေ ဆိုရင်လည်း အအီစာတွေ သိပ်မစားတာကောင်းပါတယ်။ ပေါ့ပေါ့ပါးပါးသရေစာ(Snack)လေးတွေပဲ စားပေးတာ ပိုကောင်းပါတယ်။

အေးတဲ့နေရာကိုသွားရင် ဓာတ်မတည့်မှု (Allergy)မျိုးစုံဖြစ်တတ်ပါတယ်။ အေးတဲ့ အခန်းထဲကို ခဏခဏဝင်လိုက်၊ ထွက်လိုက်လုပ်နေတာမျိုး၊ ကားထဲမှာ အဲယားကွန်း ဖွင့်ထားပြီး ဝင်လိုက်၊ ထွက်လိုက်လုပ်တာမျိုး မလုပ်သင့်ပါဘူး။

နောက်တစ်ချက်က ကိုယ့်ကားနဲ့ ခရီးသွားတယ်ဆိုရင် ညဘက်ကားမောင်းချိန်မှာ ကားပြတင်းပေါက်မှန်ဖွင့်ထားပြီး လေစိမ်းက တည့်တည့် တိုက်နေရင် နည်းနည်းသတိထားရပါတယ်။ နှာစေးတာနဲ့ ချောင်းဆိုးတာတွေ ဖြစ်တတ်လို့ပါ။ အအေးမိတတ်ရင် လည်ပင်းကို မာဖလာပတ်ထားတာ၊ အနွေးထည်ဝတ်တာတို့လို နွေးနွေးထွေးထွေးနေတာမျိုး လုပ်ပေးရပါမယ်။

မေး ။ ဝေးတဲ့ အရပ်တွေကို လေယာဉ်စီးပြီး ခရီးသွားတဲ့အချိန်မှာ ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲဆရာ။
ဖြေ ။ အင်မတန်ဝေးလံတဲ့ နိုင်ငံခြားခရီးတွေ သွားလို့ နေ့နဲ့ည မှားတာကို Jet Lag ဖြစ်တယ်လို့ ခေါ်ပါ တယ်။ Jet Lag မဖြစ်အောင် ကာကွယ်မယ်ဆိုရင်တော့ အိပ်ချင်လာတဲ့အချိန်မှာ ခဏလောက် ဖြစ်ဖြစ် အိပ်ပေးလိုက်ဖို့လိုပါတယ်။ တခြားနိုင်ငံမှာ နေ့ဖြစ်နေပြီး ကိုယ့်နိုင်ငံကို ပြန်ရောက်တဲ့အခါ ညဖြစ်နေရင် အိပ်မပျော်တာမျိုးဖြစ်ပြီး ပင်ပန်းတတ်ပါတယ်။ ကိုယ့်နိုင်ငံကို ပြန်ရောက်တဲ့အခါ ကိုယ့်ဒေသအချိန်နဲ့ လိုက်ပြီးတော့ တစ်ရက်-နှစ်ရက်လောက် ညှိလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်။ Jet Lag ဖြစ်တာကြောင့် ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ မသက်မသာဝေဒနာပဲ ခံစားရနိုင်ပါတယ်။ နည်းနည်းလောက် အနားယူလိုက်ရင် သက်သာသွားပါလိမ့်မယ်။

မေး ။ အပန်းဖြေခရီးသွားတဲ့အချိန်မှာကော ဘယ်လို ကျန်းမာရေးစောင့်ရှောက်မှုကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ ။ အပန်းဖြေခရီးသွားတာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ခရီးကို ရွေးချယ်တဲ့အခါမှာတော့ ပင်ပန်းတဲ့ ခရီးကို မရွေးပါနဲ့။ ကိုယ်သွားချင်တာက တောင်တက်ချင်တာမျိုးတွေလို ခရီးဆိုရင် အဲဒီခရီး နဲ့ အပန်းဖြေဖို့မရွေးပါနဲ့။ အချိန်တို ခဏလေးအတွင်းမှာ နေရာအများကြီးကို အတင်းသွားတာကလည်း ကိုယ့်ကိုယ်ကိုယ်နှိပ်စက်ရာရောက်ပါတယ်။ ကိုယ့်အတွက် အပန်းပြေနိုင်မယ့် ပင်လယ်ကမ်းခြေလို နေရာကို သွားတာကတော့ ဒေသလည်း ပြောင်းသွားတဲ့အတွက်ကြောင့် စိတ်က လန်းဆန်းသွားပါတယ်။ ပင်လယ်ကမ်းခြေကိုသွားတာက လေကောင်းလေသန့်လည်း ရတယ်၊ စိတ်ကိုလည်း အပန်းပြေစေတယ်၊ ကျန်းမာရေးကိုလည်း ပိုကောင်းမွန်စေတယ်ဆိုတာ မှန်ပါတယ်။ အရမ်းစိတ်ဖိစီးလာရင် ခရီးသွားပေးဖို့ လိုပါတယ်။ တခြားနိုင်ငံကြီးတချို့မှာ ဆိုရင် တစ်နှစ်ကိုမဖြစ်မနေ တစ်လလောက် ခွင့်ယူပြီး ခရီးသွားခိုင်းပါတယ်။ နေ့ရော ညရော တောက်လျှောက် အလုပ်လုပ်နေရင် လူက စိတ်ဖိစီးလာပြီး စိတ်တိုလွယ်တာတွေ ဖြစ်လာတတ်ပါတယ်။ တစ်နှစ်မှာ အနည်းဆုံး တစ်ခါလောက်တော့ ခရီးသွားသင့်ပါတယ်။

မေး ။ ခရီးသွားတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံအကြံပြုလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ ။

ဆရာတို့ မြန်မာနိုင်ငံမှာ ခရီးသွားရတာ ပိုကောင်းပါတယ်။ တစ်နေရာနဲ့ တစ်နေရာ ဒေသန္တရ မတူတဲ့အတွက် စိတ်ကို အပန်းပြေစေပါတယ်။ ဒါပေမဲ့ ခရီးသွားရင် မခန့်မှန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒါတွေကို ကြိုတင်စဉ်းစားထားပါ။ ကြိုတင်ကာကွယ်ထားပါ။ အရေးကြုံမှ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်ရင် ဘာလုပ်လို့လုပ်ရမှန်း မသိတဲ့အတွက် ပိုပြီးတော့ စိတ်ညစ်ရတတ်ပါတယ်။

ပင်လယ်ကမ်းခြေကို သွားတဲ့အခါ အထူး ဂရုစိုက်သင့်တာက နေလောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသားအရေ မပျက်စီးအောင် နေရောင်ကာခရင်တွေ လိမ်းပေးပါ။ ပြီးတော့ အအေးမိနိုင်တာကြောင့် နွေးနွေးထွေးထွေးနေပါ။ ပင်လယ်စာတွေစားရင် သတိထားစားပါ။ ဘယ်အရာကိုမဆို အလွန်အကျွံ မဖြစ်အောင် သတိထားပါ။ ရေထဲအကြာကြီး နေရင်လည်း နေမကောင်း ဖြစ်နိုင်ပါတယ်။ အကြာကြီး လေစိမ်းအတိုက်ခံရရင်လည်း နေမကောင်းဖြစ်တတ်ပါတယ်။ အဲဒါတွေကို သတိထားပေးပါ။

ခရီးပန်းပြီး အစာစားလို့ မဝင်တာက ခရီးက ပင်ပန်းတဲ့အတွက် စိတ်ပင်ပန်းပြီး အစာစားချင်စိတ်မရှိတော့တာ ဖြစ်တတ်ပါတယ်။ လူပင်ပန်းရင်လည်း လူက နုံးနေပြီး အိပ်ချင်တာပဲ ရှိတယ်၊ မစားချင်တော့တာလည်း ဖြစ်တတ်ပါတယ်။ ခရီးသွားရင် ပေါ့ပေါ့ပါးပါးပဲ စားပေးပါ။ စိတ်ရောလူရော ပင်ပန်းတဲ့အတွက် အစာမကြေတာတွေ ဖြစ်တတ်ပါတယ်။ ခရီးက ပင်ပန်းတဲ့အခါ အစာမကြေတာက ပိုဆိုးတတ်ပါတယ်။

ခရီးသွားတဲ့အခါမှာ ဗိုက်ကို ပြည့်တင်းနေအောင် စားသွားရင် အများအားဖြင့် ကားမူးတယ်၊ တောက်တယ်၊ အန်တာတွေ ဖြစ်တတ်ပါတယ်။ အစာရှိလေလေ အန်လေလေ ဖြစ်တတ်ပါတယ်။ လမ်းတစ်လျှောက်မှာလည်း ပေါ့ပေါ့ပါးပါး အစာ(Light Food)လေးတွေပဲ စားပေးသင့်ပါတယ်။ အစားအစာအနေနဲ့ အများအားဖြင့် လူအတော်များများက ပင်လယ်စာနဲ့ မတည့်တာများပါတယ်။ ပင်လယ်စာစားရင် သတိထားပါ။ နောက်ပြီးတော့ ပူပူနွေးနွေး အစားအသောက်ကိုပဲစားပါ။ ဝမ်းသွားတာ ဖြစ်လွယ်ရင် ဝမ်းနူးစာတွေနဲ့ ပဲဟင်းတွေ စားတာမျိုးကို သတိထားပြီးရှောင်ပါ။ ဓာတ်ဆားရည်ကို ဆောင်ထားပြီးတော့ ဝမ်းသွားတယ်ဆိုရင် သောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top