Healthy Life Ad
Life Style

အစာအဆိပ်သင့်ခြင်း သုံးမျိုး (Food Poisoning)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. အစာအဆိပ်သင့်ခြင်း ဘယ်နှမျိုးလောက်ရှိပါသလဲ ဆရာ။

ဖြေ. အစာအဆိပ်သင့်တာက အမျိုးအစား သုံးမျိုးရှိပါတယ်။

(၁) ဓာတုပစ္စည်း အဆိပ်သင့်တာ (Chemical Poisoning)၊

(၂) ဘက်တီးရီးယား အဆိပ်သင့်တာ (Bacteria Poisoning)နဲ့

(၃) အစာနဲ့ဓာတ်မတည့်တာ (Food Allergy)ဆိုပြီး သုံးမျိုးရှိပါတယ်။

ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ စည်သွပ်ဘူးအစာ၊ အသားတွေက ရက်လွန်နေတာကိုမသိဘဲ စားမိလို့ဓာတ်တုံ့ပြန်မှု (Chemical Reaction)ရပြီး အဆိပ်သင့်တာကို ဓာတုပစ္စည်း အဆိပ်သင့်တယ်လို့ ခေါ်ပါတယ်။ ပိုးရှိပြီး မလတ်ဆတ်တဲ့အစားအသောက်တွေကို စားမိလို့ ဘက်တီးရီးယားပိုးဝင်ရာကဖြစ်တဲ့ အဆိပ်သင့်မှုကိုတော့ ဘက်တီရီးယားအဆိပ်သင့်တယ်လို့ ခေါ်ပါတယ်။ အစာနဲ့ဓာတ်မတည့်တာကတော့ ဥပမာ- ချောင်းသာ၊ ငွေဆောင်စတဲ့ ကမ်းခြေတွေကိုသွားပြီး ပင်လယ်စာတွေကိုစားမိရာက ဖြစ်တာမျိုးကို ဆိုလိုပါတယ်။

မေး.အစာအဆိပ်သင့်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

ဖြေ. အစာအဆိပ်သင့်တဲ့အခါ ပြလေ့ရှိတဲ့ လက္ခဏာတွေကတော့ ပျို့တာ၊ အန်တာ၊ ဗိုက်အောင့်တာနဲ့ ဝမ်းလျှောတာတွေပဲ ဖြစ်ပါတယ်။

မေး. အစာအဆိပ်သင့်တဲ့အခါ ဘယ်လိုအခြေအနေကြောင့် ဖြစ်ရတယ်ဆိုတာ ခွဲခြားနိုင်မယ့် နည်းရှိပါသလား ဆရာ။

ဖြေ. မသန့်ရှင်းတဲ့အစာနဲ့ မသန့်ရှင်းတဲ့ရေတွေ စားသောက်မိလို့ဖြစ်ရင် ဘက်တီးရီးယားအဆိပ်သင့်တယ်လို့ သိနိုင်ပါတယ်။ ဘက်တီးရီးယားပိုးတွေကတော့ အများကြီးရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုးရှိနေတဲ့ အစာကိုစားပြီး ခန္ဓာကိုယ်ထဲမှာ ၂၄-၄၈ နာရီအတွင်း အဆိပ်သင့်တဲ့ လက္ခဏာပြတတ်ပါတယ်။

ဓာတုပစ္စည်း အဆိပ်သင့်တာကျတော့ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ စည်သွပ်ဘူးတွေ၊ မလတ်ဆတ်တော့တဲ့ အသားတွေ စားတာကြောင့် ဖြစ်တာများတယ်။ ဖြစ်ရင်လည်း လက္ခဏာက ချက်ချင်းပြတတ်ပါတယ်။ အစာနဲ့ ဓာတ်မတည့်လို့ ဖြစ်တာကတော့ ရှင်းပါတယ်။ ဖြစ်ရင် အန်တတ်ပါတယ်။ နောက်တစ်ခုက ဘက်တီးရီးယား အဆိပ်သင့်ရင် ဖျားနိုင်ပါတယ်။

မသန့်ရှင်းတဲ့ ရေနဲ့အစာကို ရှောင်ကြဉ်ဖို့ပဲဖြစ်ပါတယ်။ ရေခဲသေတ္တာထဲကို အစာတွေ သိမ်းဆည်းထားတတ်တဲ့ အကျင့်ရှိရင်လည်း ရက်လွန်နေပြီလား၊ လတ်ဆတ်မှုရှိသေးရဲ့လား စတဲ့ အချက်တွေကိုကြည့်ပြီး ကြာနေရင် လွှင့်ပစ်ရပါမယ်။ နောက်တစ်ချက်က အစာမပြင်ဆင်ခင်မှာ လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောရပါမယ် . . .

မေး. အစာအဆိပ်သင့်တာမဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ဆရာ။

ဖြေ. ကာကွယ်မှုအနေနဲ့ကတော့ မသန့်ရှင်းတဲ့ရေနဲ့ အစာကို ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲကို အစာတွေ သိမ်းဆည်းထားတတ်တဲ့ အကျင့်ရှိရင်လည်း ရက်လွန်နေပြီလား၊ လတ်ဆတ်မှုရှိသေးရဲ့လားစတဲ့ အချက်တွေကိုကြည့်ပြီး ကြာနေရင် လွှင့်ပစ်ရပါမယ်။ နောက်တစ်ချက်က အစာမပြင်ဆင်ခင်မှာ လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောရပါမယ်။ အစာနဲ့ ဓာတ်မတည့်မှု မဖြစ်အောင် အစာတွေကို ကိုယ်နဲ့မတည့်ရင် မစားသင့်ပါဘူး။ ကိုယ်တစ်ခါမှ မစားဖူးတဲ့အစာဆိုရင် နည်းနည်းလေး မြည်းစမ်းကြည့်ပြီး တည့်တယ်ဆိုမှ စားသင့်ပါတယ်။

မေး. အစာအဆိပ်သင့်တာကို ဘယ်လိုကုသလေ့ရှိပါ သလဲ ဆရာ။

ဖြေ. ဘက်တီးရီးယားကြောင့် အစာအဆိပ်သင့်ရင် အများအားဖြင့် ဖျားတတ်တော့ ပဋိဇီဝပိုးသတ်ဆေး လိုအပ်ပါတယ်။ ဘက်တီးရီးယားကြောင့် အစာအဆိပ်သင့်တာက အခန့်မသန့်ရင် သွေးဆိပ်သင့်တာ (Septicaemia) ရနိုင်လို့ သတိထားသင့်ပါတယ်။ ဓာတုပစ္စည်းကြောင့် အစာအဆိပ်သင့်ရင်တော့ ယေဘုယျအားဖြင့် ပဋိဇီဝပိုးသတ်ဆေးသိပ်မလိုပါဘူး။ ပျို့တာ၊ အန်တာနဲ့ ဝမ်းလျှောတာကြောင့် အားပြတ်နေရင် Drip ချိတ်ပေးတာလောက်ပဲ လုပ်ပေးရပါတယ်။

မေး. အလှူတွေမှာ မကြာခဏ အစာအဆိပ်သင့်တာတွေ ကြားနေရပါတယ်။ အဲဒါဘာကြောင့်ပါလဲဆရာ။

ဖြေ. ဒါက အချက်သုံးချက်ကြောင့် ဖြစ်နိုင်ပါတယ်။ ဝယ်လာတဲ့ အသားနဲ့ တခြားပါဝင်ပစ္စည်းတွေက သန့်ရှင်းမှုမရှိတာလား၊ ချက်ပြုတ်ပြင်ဆင်တဲ့ လက်တွေက မသန့်လို့လား ဒါမှမဟုတ် အဲဒီချက်ပြီးသားအစာကို ထည့်ပေးတဲ့ လက်တွေက မသန့်လို့လားဆိုတဲ့ အချက်သုံးချက်ထဲက တစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top