Healthy Life Ad
Life Style

အရက်ကြောင့်ဖြစ်ပွားသည့် စိတ်ဝေဒနာ(၂) အရက်သောက်ရင် သွေးဆိုးသူ

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

ဆေးကျောင်းသားတွေနဲ့ အရက်ကြောင့်ဖြစ်ပွားတဲ့ စိတ်ဝေဒနာတွေအကြောင်းကို ဆက်လက်ဆွေးနွေးနေပါတယ်။ စာရေးသူက စတင်မေးမြန်းတယ်။

“အရက်မူးလက္ခဏာ (Alcohol Intoxifi-cation) တွေကို ခင်ဗျားတို့ သိသလား”

စာရေးသူရဲ့ မေးခွန်းက ဆေးကျောင်းသားတချို့ကို ရယ်မောစေပါတယ်။ ဆေးကျောင်းသားတစ်ယောက်ကတော့ နောက်ပြောင်တဲ့ လေသံနဲ့ဖြေဆိုတယ်။ “အရက်မူးရင် ကျွဲခိုးပေါ်တာပေါ့ဆရာ”

စာရေးသူက အချက်ကောင်းယူပြီး ရှင်းပြပါတယ်။

“မှန်ပါတယ်။ အရက်မူးရင် မိမိစိတ်ကို ထိန်းချုပ်နိုင်တဲ့စွမ်းအား ကျဆင်းလာပါတယ်။ ဒါကြောင့် မပြောချင်တာကို ပြောမိ၊ မဖြစ်သင့်တာကို လုပ်မိတာပေါ့။ အရက်ရဲ့ အဓိက အာနိသင်က ဦးနှောက် ဇီဝသဘာဝလုပ်ငန်းတွေကို လေးလံထိုင်းမှိုင်းစေပါတယ်။ သွေးထဲမှာရှိတဲ့ အရက်အချိန်အတွယ် ပမာဏပေါ်မူတည်ပြီး အရက်မူးလက္ခဏာ အဆင့်ဆင့်တွေ ရှိရမယ်”

“ရှင်းပြပါ ဆရာ”

“သွေးထဲမှာ အရက် (Ethanol) ပမာဏ ၂၀မှ ၃၀ mg/dl ရှိရင် ခြေလက်လှုပ်ရှားမှု လေးလံလာတယ်။ စိတ်ထဲမှာ သာယာကြည်နူးသလိုခံစားရမယ်”

သွေးထဲမှာ အရက်ပမာဏ ၅၀ mg/dl ရှိလာရင် မျက်နှာနီလာမယ်၊ တစ်ကိုယ်လုံးနွေးထွေးသလို ခံစားရမယ်၊ အသိဉာဏ်က စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တာ အားနည်းလာတယ်။ ဦးနှောက်ရှေ့ပိုင်း (Frontal Lobe) ရဲ့ လုပ်ငန်းတွေ ထုံထိုင်းလေးလံလာလို့ ဖြစ်တာပါ။ ဆင်ခြင်စဉ်းစားဆုံးဖြတ်နိုင်စွမ်းလည်း ကျဆင်းလာပါတယ်။ စကားပြောသွက်လာမယ် . . .

“သွေးထဲမှာ အရက်ပမာဏ ၅၀ mg/dl ရှိလာရင် မျက်နှာနီလာမယ်၊ တစ်ကိုယ်လုံး နွေးထွေးသလိုခံစားရမယ်၊ အသိဉာဏ်က စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တာ အားနည်းလာတယ်။ ဦးနှောက်ရှေ့ပိုင်း (Frontal Lobe) ရဲ့ လုပ်ငန်းတွေ ထုံထိုင်းလေးလံလာလို့ ဖြစ်တာပါ။ ဆင်ခြင်စဉ်းစား ဆုံးဖြတ်နိုင်စွမ်းလည်း ကျဆင်းလာပါတယ်။ စကားပြော သွက်လာမယ်။ သြစတြေးလျနိုင်ငံမှာ သွေးထဲ အရက်ပမာဏ ၅၀ mg/dl ရှိရင် ကားမောင်းခွင့်မရှိဘူး။ အရက်မူးနေစဉ် ကားမောင်းခြင်း (Drink Driving)လို့ သတ်မှတ်ပါတယ်။ ခင်ဗျားတို့သတိထားကြ”

“သွေးထဲမှာ အရက်ပမာဏ ၁၀ဝ mg/dl ရောက်လာရင် အာလေးလျှာလေးဖြစ်လာမယ်။ ခြေလက်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်မယ်။ လမ်းလျှောက်ရင် ဒယိမ်းဒယိုင်ရှိမယ်။ စဉ်းစားဆုံးဖြတ်နိုင်စွမ်းရည် ကျဆင်းလာတယ်။ စိတ်ခံစားတုန့်ပြန်မှုက တည်တည်ငြိမ်ငြိမ်မရှိတော့ဘူး။ မလိုအပ်ဘဲ ရယ်မောတတ်တာမျိုးကိုတွေ့ရမယ်”

“သွေးထဲမှာ အရက်ပမာဏ ၂၀ဝ mg/dl ရောက်ရှိလာရင်တော့ စကားပြောရင် နားမလည်နိုင်လောက်အောင် ဗလုံးဗထွေးပြောမယ်။ လမ်းလျှောက်ရင် မထိန်းနိုင်ဘဲ ချော်လဲတတ်တယ်။ ထိုင်နေတဲ့ အနေအထားက မတ်တပ်ရပ်ဖို့ခက်ခဲမယ်။ မှတ်ဉာဏ်ပျက်ပြားလာမယ်”

“သွေးထဲမှာ အရက်ပမာဏ ၄၀ဝ mg/dl ရှိရင် သတိမေ့မျောသွားမယ်။ သွေးထဲမှာ အရက်ပမာဏ ၅၀ဝ mg/dl ကျော်ရှိရင် အသက်ရှူရပ်၊ သွေးတိုးကျပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ အဲဒါ အရက်သောက်ရင် လူတိုင်းခံစားရမယ့် အရက်မူးလက္ခဏာ တွေဖြစ်ပါတယ်။ “သာမန်” အရက်မူးလက္ခဏာတွေ ဆိုပါတော့”

စာရေးသူ စကားဆုံးတော့ ဆေးကျောင်းသားတစ်ယောက်က မေးခွန်းထုတ်တယ်။

“အရက်ဘယ်လောက်သောက်ရင် သွေးထဲမှာ အရက်ပမာဏ ၅၀ mg/dl အထိရောက်ရှိနိုင်သလဲ။ ကျွန်တော်က တစ်ခါတစ်ရံ အရက်သောက်ပြီး ကားမောင်းရလို့ပါ”

ဆေးကျောင်းသူတချို့က မဲ့ပြုံးပြုံးကြတယ်။

“အကြမ်းအားဖြင့် ပြောလို့ရပါတယ်။ ကိုယ်အလေးချိန် ပေါင် ၁၅၀ ရှိတဲ့ ယောကျာ်းဆိုပါတော့။ ဘီယာတစ်ဘူး၊ ဝိုင်အရက် ၁၀ဝ ml တစ်ခွက် ဒါမှမဟုတ် အရက်ပြင်းတစ်ပက် (Peg)သောက်ပြီးရင် သွေးထဲမှာ အရက်ပမာဏ ၁၅ မှ ၂၀ mg/dl အထိ တက်သွားပါတယ်။ ကိုယ်အလေးချိန်နည်းရင် အရက်ပမာဏပိုပြီး များသွားနိုင်တယ်။ ဒါကြောင့် တစ်နာရီအတွင်း ဘီယာသုံးဘူးသောက်ထားရင် အရက်ပမာဏ ၅၀ mg/dl အထိ ရောက်ရှိသွားနိုင်ပါတယ်။ ချင့်ချိန်ကြည့်ပေါ့ဗျာ”

ဆေးကျောင်းသူတစ်ယောက်က အရက်မူးရင် သွေးတိုးတတ်တဲ့အကြောင်းကို မေးမြန်းပါတယ်။

“ကျွန်မတို့ ရပ်ကွက်ထဲမှာ နေထိုင်တဲ့ လူတစ်ယောက်ကိစ္စပါ။ သူက အရက်မူးတိုင်း အိမ်နီးနားချင်းတွေကို ရန်ထောင်ပါတယ်။ သူ့ဇနီးကိုလည်း အပြစ်မရှိ အပြစ်ရှာပြီး ရိုက်နှက်တတ်တယ်ဆရာ။ အဲဒါ အရက်မူးလက္ခဏာလား၊ ဒါမှမဟုတ် အရက်ရူးလက္ခဏာလား”

စာရေးသူက အနည်းငယ်အချိန်ယူစဉ်းစားပြီး ပြည့်ပြည့်စုံစုံဖြေကြားပေးပါတယ်။

“အရက်မူးလာရင် သွေးဆိုးတဲ့ အပြုအမူဟာ သာမန်အရက်မူးတာမဟုတ်ပါဘူး။ ကာယကံရှင်မှာ မူလချို့ယွင်းချက်တစ်ခုခု ရှိနိုင်ပါတယ်။

နံပါတ် (၁) အရက်မူးရင် သွေးဆိုးတဲ့ အပြုအမူတွေကို ဦးနှောက်ဒဏ်ရာရရှိထားသူ၊ စိတ်တည်ငြိမ်မှုအားနည်းပြီး ဒေါသထွက်လွယ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူနဲ့ လူမှုဆန့်ကျင်ကိုယ်ရည်ကိုယ်သွေး (Anti-social Personality) ရှိသူတွေမှာ ပိုမိုတွေ့ရှိရတယ်။ အရက်အရှိန်ရလာရင် အလွယ်တကူ ဒေါသအိုး ပေါက်ကွဲတတ်သူမျိုးဖြစ်ပါတယ်။

နံပါတ် (၂) စိတ်ရောဂါတစ်ခုခုနဲ့ အရက်စွဲရောဂါ ပူးတွဲခံစားနေရသူတွေမှာလည်း တွေ့ရှိရနိုင်တယ်။ ဥပမာ-စိတ်ကြွရောဂါ၊ စိတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျား စိတ္တဇရောဂါနဲ့ သံသယစိတ်လွန်ကဲရောဂါ ခံစားနေရသူတွေ အရက်မူးရင် ကြမ်းတမ်းခက်ထန်လာတတ်တယ်”

စာရေးသူက ခုနကမေးခွန်းမေးတဲ့ ဆေးကျောင်းသူကို ကြည့်ပြီးစူးစမ်းပါတယ်။

“ခင်ဗျားပြောတဲ့ အရက်မူးလာရင် သူ့မိန်းမကို ရိုက်နှက်တတ်သူက သူ့မိန်းမအပေါ်မှာ သဝန်တိုစိတ် လွန်ကဲနေတာရှိသလား”

“အဲဒါတော့ ကျွန်မ မသိပါဘူး။ ဘာကြောင့် မေးတာလဲ ဆရာ”

နံပါတ် (၃) အရက်စွဲရောဂါရှိသူတွေမှာ ဖြစ်ပွားတတ်တဲ့ စိတ်ရောဂါတစ်ခုရှိတယ်။ “သဝန်တို စိတ္တဇရောဂါ” (Pathological Jealousy) လို့ ခေါ်တယ်။ အဲဒီရောဂါရဲ့ လက္ခဏာတွေကို ပြောပြမယ်။ မိမိရဲ့ဇနီးက တခြားယောကျာ်းတွေကို ကြည့်ရှုပုံက မရိုးဘူး၊ တခြားယောကျာ်းတွေကို အရေးပေးလွန်းတယ် စသဖြင့် စွပ်စွဲမယ်။ လမ်းထိပ်မှာ နင့်ကို ပြုံးပြသွားတဲ့ ယောကျာ်းက နင်နဲ့ ဘယ်လိုစပ်ယှက်နေသလဲလို့ စပ်စုမေးမြန်းမယ်။ မိမိဇနီးကို ဟိုမသွားရဘူး၊ ဒီမလာရဘူး စသဖြင့် လူမှုရေးကိစ္စတွေမှာ ချုပ်ချယ်မယ်။ မိမိဇနီးရဲ့ ဈေးဝယ်အိတ်ကို ရှာဖွေစစ်ဆေးမယ်။ မိမိဇနီးရဲ့ အဝတ်အစားတွေမှာ မသင်္ကာဖွယ်ရာ အနံ့အသက်၊ အစွန်းအကွက်တွေ ရှိ၊ မရှိ စူးစမ်းလေ့လာမယ်။

အရက်သမား လင်ယောကျာ်းရဲ့ဒဏ်ကြောင့် စိတ်ညစ်ညူးပြီး စိတ်မပါဖြစ်နေလို့ အတူအိပ်ဖို့ ငြင်းဆန်ရင် ဘယ်နေရာမှာ ကျေနပ်မှုရခဲ့သလဲ၊ ဘယ်သူနဲ့ ပျော်ပါးခဲ့လို့ ဒီလိုဖြစ်နေတာလဲ စသဖြင့် ရန်ငြှိုးဖွဲ့မယ်။ နောက်တစ်ချက် ရှိသေးတယ်။ အရက်စွဲရောဂါကြောင့် ယောကျာ်းပန်းသေပန်းညှိုးရောဂါ ရရှိနိုင်တယ်။ ကိုယ်မစွမ်းဆောင်နိုင်တာကို အပြစ်မမြင်ဘဲ နင့်ကြောင့် ငါဒီလိုဖြစ်ရတာလို့ ဇနီးကိုစွပ်စွဲမယ်။ အဲဒီလို သဝန်တို သံသယစိတ်လွန်ကဲနေပေမယ့် အရက်မသောက်တဲ့အချိန်မှာ စိတ်ထိန်းနိုင်သေးတယ်။ အရက်မူးလာရင်တော့ မီးခဲပေါ်ကို ဓာတ်ဆီလောင်းလိုက်သလိုဖြစ်လာတယ်။ တအုံနွေးနွေးခံစားနေရတဲ့ အမျက်ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ အကြမ်းဖက်လာတတ်ပါတယ်။

အရက်စွဲရောဂါခံစားရသူက မိမိဇနီးအပေါ် သဝန်တိုစိတ်ပွားများလာရင် “သဝန်တိုစိတ္တဇရောဂါ” ရှိ၊ မရှိစစ်ဆေးသင့်ပါတယ်။ အချိန်မီ ဆေးကုသမှု ခံယူရမယ်” ဆေးကျောင်းသားတစ်ယောက်က လက်ထောင်ပြပြီးမေးမြန်းတယ်။

“အရက်စွဲသူတွေထဲမှာ သဝန်တိုစိတ္တဇရောဂါ ခံစားလာရသူ ဘယ်လောက်များပြားသလဲ ဆရာ”

“ဖြစ်ပွားမှုနှုန်းများတယ်လို့တော့ မပြောနိုင်ပါဘူး။ အရက်စွဲရောဂါရှိသူ ၃ ရာခိုင်နှုန်းမှာ စိတ္တဇရောဂါ (Psychosis) ခံစားလာရတာကို တွေ့ရှိရတယ်။ အဲဒီအထဲက ၁၀ ရာခိုင်နှုန်းလောက်က သဝန်တို စိတ္တဇရောဂါရရှိပါတယ်။ အရက်စွဲရောဂါရှိသူတစ်ထောင်မှာ ၃ ယောက်နှုန်းပေါ့ဗျာ”

နံပါတ် (၄) အရက်စွဲရောဂါကြောင့် နားထ မှာ စကားပြောသံတွေကြားတဲ့ စိတ္တဇရောဂါတစ်မျိုး ရရှိနိုင်တယ်။ ဘယ်သူ သိသလဲ”

ဆေးကျောင်းသားတစ်ယောက်က လေသံပျော့စိစိနဲ့ အဖြေပေးပါတယ်။

“အရက်စွဲ လှုံ့ဆော်မှုမဲ့အာရုံမှားရောဂါ (Alcoholic Hallucinosis) ကို ပြောတာလား ဆရာ”

“မှန်ပါတယ်။ အရက်စွဲရောဂါ နှစ်ကြာလာရင် ဖြစ်ပွားတတ်တယ်။ အရက်အလွန်အကျွံသောက်နေတဲ့ အချိန်ကာလပိုင်းမှာဖြစ်ဖြစ်၊ အရက်ဖြတ်လိုက် စအချိန်ပိုင်းမှာ ဖြစ်ဖြစ်တွေ့ရှိရပါတယ်။ အရက်စွဲသူ တစ်ထောင်မှာ ၇ ယောက်နှုန်းလောက် ဖြစ်ပွားတတ်ပါတယ်။ ရောဂါလက္ခဏာတွေကို ပြောပြမယ်။ လူနာက ကယောင်ကတမ်းဖြစ်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ နားထဲမှာ သူ့ကို ဝေဖန်တဲ့အသံ၊ သူ့ကို အမိန့်ပေးတဲ့ အသံတွေကို ကြားနေရတယ်။ အသံတွေ စေခိုင်းတဲ့အတိုင်း ပြုလုပ်မိမယ်။ အသံတွေကြားနေလို့ ဘေးက လူတွေအပေါ်မှာ သံသယဖြစ်လာမယ်။ ဒါကြောင့် အကြမ်းဖက်တဲ့ အပြုအမူတွေကို တွေ့ရှိရတယ်”

စာရေးသူက စကားထာဝှက်ပါတယ်။

“အရက်စွဲရောဂါလည်း မရှိဘူး။ အရက်သောက်တာများပြီး အရက်မူးတဲ့ လက္ခဏာတွေလည်း မရှိဘူး။ ဒါပေမဲ့ အရက်နည်းနည်းသောက်ပြီး သွေးဆိုးတဲ့ ဝေဒနာတစ်မျိုးရှိသေးတယ်။ အဲဒါဘာလဲ”

“မသိပါဘူးဆရာ”

နံပါတ် (၅) “ထူးထူးခြားခြား အရက်မူးခြင်း (Idiocyncratic Intoxication) ဒါမှမဟုတ် “ရောဂါဆန်တဲ့ အရက်မူးခြင်း” (Pathological Intoxication) လို့ ခေါ်တယ်။

အရက်အနည်းငယ် (ဥပမာ ဘီယာတစ်ဘူး၊ ဝိုင်ခွက်တစ်ဝက်)လောက် သောက်လိုက်ပြီးတာနဲ့ ဝေဒနာရှင်က ကယောင်ကတမ်းဖြစ်လာတယ်။ ထကြွလှုပ်ရှားလာတယ်။ ပတ်ဝန်းကျင်ကို အမှန်အတိုင်းသိရှိဝေခွဲနိုင်စွမ်းမရှိဖြစ်နေမယ်။ အမြင်အာရုံမှားတွေကို ခံစားရမယ်။ မျက်စိထဲမှာ ရုပ်ပုံကားချပ်တွေကို မြင်ယောင်နေတယ်။ ဘေးက လူတွေအပေါ်မှာ မယုံသင်္ကာစိတ်ဖြစ်ပေါ်လာမယ်။ ဒါပေမဲ့ ဝေဒနာရှင်မှာ တခြားအရက်မူးလက္ခဏာ (ဥပမာ-စကားပြောရင် အာလေးလျှာလေးတာ၊ ဒယီးဒယိုင်လမ်းလျှောက်တာ)တွေကို မတွေ့ရှိရဘူး။ သွေးစစ်ကြည့်ရင်လည်းသွေးထဲမှာ အရက်ပမာဏက နည်းနည်းလေးပဲရှိမယ်။ အဲဒီလို ထူးထူးခြားခြား အရက်မူးလက္ခဏာတွေက နာရီအနည်းငယ် ကြာရှည်နိုင်တယ်။ နောက်ပြီး အိပ်ပျော်သွားတယ်။ အိပ်ရာကနိုးရင် အဲဒီအဖြစ်အပျက်ကို ဝေဒနာရှင်က မမှတ်မိတော့ဘူး။ အရက်သောက်ပြီးရင် သွေးဆိုးတဲ့ဝေဒနာတစ်မျိုးပေါ့ဗျာ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top