Healthy Life Ad
Health Tips

အမျိုးသမီးတို့ မောပန်းနုံးချည့်နေလျှင် လျစ်လျူမရှူထားသင့်သည့် အကြောင်းရင်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးတွေ ခံစားရတဲ့ ထိပ်တန်းကျန်းမာရေး ဝေဒနာငါးခုမှာ မောပန်းနုံးချည့်တာက တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ အမျိုးသမီးတွေက မကြာခဏ မောပန်းနုံးချည့်နေရတဲ့ အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) သိုင်းရွိုက်ပြဿနာများ

လည်ပင်းမှာ သိုင်းရွိုက်လို့ခေါ်တဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းငယ်ကနေ ဟော်မုန်းတွေထုတ်ပြီး ခန္ဓာကိုယ်ကစွမ်းအင်ရဖို့ လောင်စာတွေကို ဘယ်လိုအသုံးချရရမယ်ဆိုတာကို ထိန်းညှိပေးပါတယ်။ သိုင်းရွိုက်က အလုပ်လုပ်လွန်တာ ဒါမှမဟုတ် ချို့ယွင်းနေတာကြောင့် သင့်အနေနဲ့ အိပ်ငိုက်တဲ့ခံစားချက်ကို တစ်ချိန်လုံးဖြစ်နေနိုင်ပါတယ်။ သိုင်းရွိုက်ပြဿနာတွေက အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

ဘာလုပ်သင့်သလဲ

သိုင်းရွိုက်ဟော်မုန်းပမာဏနဲ့ သိုင်းရွိုက်အကျိတ်ရဲ့လုပ်ငန်းဆောင်တာတွေကို သိနိုင်ဖို့ စစ်ဆေးမှုခံယူပြီး လိုအပ်သလို ကုသမှုကို ခံယူသင့်ပါတယ်။

(၂) နှလုံးရောဂါ

နှလုံးရောဂါကို အမျိုးသားရောဂါလို့ ထင်နေကြပါတယ်။ တကယ်တော့ နှလုံးရောဂါက အမျိုးသမီးတွေအတွက် ပြင်းထန်တဲ့ ရောဂါဖြစ်ပါတယ်။ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းအရ အမေရိကန်အမျိုးသမီးတွေရဲ့ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ တခြား နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ သေဆုံးနိုင်ခြေက ကင်ဆာရောဂါနဲ့ သေဆုံးနိုင်ခြေထက် နှစ်ဆနီးပါး ပိုမြင့်မားကြောင်း သိရပါတယ်။ နှလုံးရောဂါရှိတဲ့အခါ နှလုံးကနေ သွေးကို အလုံအလောက် မညှစ်ထုတ်နိုင်တော့တာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ သွေးရောက်ရှိမှုနည်းကာ မောပန်းနုံးချည့်မှု အဖြစ်များရပါတယ်။

ဘာလုပ်သင့်သလဲ

အဝလွန်တာ၊ သွေးတိုးတာနဲ့ နှလုံးရောဂါ မျိုးရိုးရှိတာစတဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ အချက်တွေသာ သင့်မှာရှိခဲ့ရင် နှလုံးကျန်းမာရေးစစ်ဆေးမှုကို ခံယူသင့်ပါတယ်။

(၃) ဗီတာမင်ဒီ ချို့တဲ့ခြင်း

လူတွေ ဗီတာမင်ဒီချို့တဲ့ရတဲ့ အဓိက အကြောင်းရင်းက နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းပါးလွန်းတာကြောင့်ပါ။ နို့နဲ့ နို့ထွက်ပစ္စည်း မစားသောက်ရင်လည်း ဗီတာမင်ဒီကို နည်းပါးစေပါတယ်။ တချို့လူတွေအနေနဲ့ သူတို့ရဲ့ အစာခြေလမ်းကြောင်းက ဗီတာမင်ဒီကို ကောင်းကောင်းမစုပ်ယူနိုင်တာကြေင့်လည်း ဗီတာမင်ဒီချို့တဲ့တတ်ပါတယ်။ ဗီတာမင်ဒီချို့တဲ့တာက နာတာရှည် မောပန်းနုံးချည့်တာကို ဖြစ်စေနိုင်သလို အရိုးတွေရဲ့ သန်စွမ်းမှုကိုလည်း လျော့နည်းစေပါတယ်။

ဘာလုပ်သင့်သလဲ

သင့်အနေနဲ့ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်ဒီ ပမာဏကို ရရှိမှု ရှိ၊ မရှိ သိအောင် စစ်ဆေးမှုကို ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ မလုံလောက်ရင် ဖြည့်စွက်ဆေးကို မှီဝဲပါ။ ၂၀၁၁ လမ်းညွှန်ချက်အရ လူကြီးတစ်ဦးဟာ တစ်နေ့မှာ ဗီတာမင်ဒီ ၆၀ဝ အိုင်ယူ လိုအပ်တယ်လို့ သိရပါတယ်။ အသက် ၇၁နှစ် ကျော်သူတွေအနေနဲ့ တစ်နေ့မှာ ဗီတာမင်ဒီ ၈၀ဝ အိုင်ယူလောက် လိုအပ်ပါတယ်။

(၄) သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါ

သွေးတွေက သင့်ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင်အလုံအလောက် မသယ်ဆောင်နိုင်ရင် မောပန်းနုံးချည့်နေနိုင်ပါတယ်။ သွေးအားနည်းတာက ရာသီလာစဉ်အတွင်း သွေးထဲကနေ သံဓာတ်များများဆုံးရှုံးတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

ဘာလုပ်သင့်သလဲ

သွေးထဲမှာ သံဓာတ်ချို့တဲ့မှု ရှိ၊ မရှိ သိနိုင်အောင် သွေးစစ်ဆေးမှုကို ပြုလုပ်ပါ။ ချို့တဲ့နေရင် သံဓာတ်အားဖြည့်ဆေးကို မှီဝဲပေးပါ။

(၅) အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူ ရပ်သွားခြင်း

သင်အိပ်တဲ့အခါ ထွက်လာတဲ့ ဟောက်သံက လွှဖြတ်သလိုပဲလို့ သင့်ခင်ပွန်းက စနောက်လေ့ရှိပါသလား။ ဟောက်တာက ရယ်စရာကိစ္စ မဟုတ်ပါဘူး။ အိပ်ပျော်နေစဉ်မှာ ခေတ္တအသက်ရှူရပ်သွားတဲ့ လက္ခဏာဖြစ်ပြီး ပုံမှန်အတိုင်း အသက်ရှူနိုင်ဖို့ ထပ်ခါထပ်ခါ ကြိုးစားနေရတဲ့ အခြေအနေပါ။

ဘာလုပ်သင့်သလဲ

ကိုယ်အလေးချိန်များတာက အိပ်စက်ချိန်မှာ အသက်ရှူလမ်းကြောင်းအပေါ် ဖိအားသက်ရောက်မှု ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရင်း ခဏတာ အသက်ရှူရပ်ရတာဖြစ်ပြီး သက်သာဖို့အတွက်ဆိုရင် ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးဖို့ လိုပါတယ်။

(၆) အိပ်ရေးပျက်ခြင်း

အလုပ်၊ မိသားစုနဲ့ တခြားလူမူရေးကိစ္စတွေကို ဆောင်ရွက်နေရချိန်မှာ ညတိုင်း ရှစ်နာရီလောက် အချိန်ပေးပြီး အိပ်စက်နိုင်ဖို့ခက်ခဲနိုင်ပါတယ်။ အမျိုးသမီးအများစုက အလုပ်ရှုပ်လွန်းတဲ့ နေထိုင်မှုပုံစံတွေရှိတာကြောင့် အိပ်ချိန်အလုံအလောက်ရဖို့ သိပ်မလွယ်ပါဘူး။ အဲဒီလိုအိပ်ရေးမဝတာကြောင့် မောပန်းနုံးချည့်နေတတ်ပါတယ်။

ဘာလုပ်သင့်သလဲ

အိပ်ရေးဝ၀အိပ်ပျော်အောင် နူးညံ့တဲ့ တေးသီချင်းတွေကိုဖွင့်ပြီး နားဆင်ပါ။ ခေါင်းအုံးပေါ်ကို လာဗန်ဒါရနံ့ဆီ စွတ်ပေးပြီး နာ့ဗ်ကြောစနစ်ငြိမ်သက်ပြီး အပန်းပြေအောင်လုပ်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည် ဒါမှမဟုတ် ချာမိုမိုင်းလက်ဖက်ရည်သောက်ပြီး ပူပင်သောကကို လျှော့ချပါ။ အိပ်ရာထဲမှာ တလူးလူးတလိမ့်လိမ့်နဲ့ အိပ်မပျော်နိုင်ဖြစ်နေရင် ထပြီးလမ်းလျှောက်ကာ တခြားအပန်းပြေမယ့်အလုပ်မျိုး လုပ်လိုက်ပါ။ ၁၅မိနစ်လောက်ကြာမှ အိပ်ရာထဲ ပြန်ဝင်ပါ။

(၇) စိတ်ကျရောဂါ

စိတ်ဓာတ်ကျတာနဲ့ မောပန်းနုံးချည့်တာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဝေဒနာတွေပါ။ စိတ်ဓာတ်ကျနေတဲ့ လူတွေက သူများတွေထက် လေးဆလောက် ပိုပြီးမောပန်းနုံးချည့်မှု ဖြစ်စေနိုင်သလို မောပန်းနုံးချည့်တဲ့သူတွေကလည်း စိတ်ဓာတ်ကျနိုင်ခြေ သုံးဆပိုများပါတယ်။

ဘာလုပ်သင့်သလဲ

စိတ်ကျရောဂါကို ကုသမှုခံယူတာက သင့်ကို စွမ်းအင်တွေပိုရှိစေကာ လန်းဆန်းနေပါလိမ့်မယ်။ သင်ဘယ်လိုခံစားရတယ်ဆိုတာကို ဆရာဝန်ကို ပြောပြပါ။ စိတ်ကျကုသဆေးနဲ့ နှစ်သိမ့်ဆွေးနွေးမှုတို့ကို ခံယူလိုက်ရင် စိတ်ကျရောဂါက သက်သာသွားမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top