Healthy Life Ad
International

လျှပ်တပြက်ဓာတ်ပုံကြောင့် ထိတ်လန့်ကာ ကိုယ်အလေးချိန် ၁၇၉ ပေါင်မှ ၁၂၃ ပေါင်အထိ လျှော့ချနိုင်ခဲ့သူ

၊ ကိုထက် ၊

နော်တင်ဟမ်မှ အသက် ၂၃ နှစ်အရွယ် ကလေးတစ်ဦးမိခင် ဆိုဖီဂျူ့ဒ်ဟာ တစ်ညမှာ ကိုယ့်ခန္ဓာကိုယ်ကို လျှပ်တပြက် သတိထားလိုက်မိပြီးနောက် ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

“အဲဒီညမှာ ချစ်သူကားလ်နဲ့ ချိန်းဆိုတုန်း ဝိုင်တစ်ဖန်ခွက်က ကျွန်မကိုယ်ပေါ် ဖိတ်ကျခဲ့ပါတယ်။ အဲဒီအချိန်မှာ ကားလ်နဲ့ မိတ်ဆွေတွေစုပြီး ဖုန်းနဲ့အမှတ်တရရိုက်တဲ့ ဓာတ်ပုံထဲက ကျွန်မရဲ့ ကြီးမားလှတဲ့ ဖိနပ်အပါအဝင် ဘောင်းဘီပွပွကြီးကို အထူးသတိထားမိခဲ့ရာက ကိုယ်အလေးချိန်လျှော့ဖို့ ဆုံးဖြတ်လိုက်တာပါ”လို့ ဆိုဖီက ဆိုပါတယ်။

ဆိုဖီဟာ ငယ်ငယ်ကတည်းက ကျောင်းမှာ စကောလားရှစ်ဆုရအောင် ကြိုးစားရင်း ဖိအားများတဲ့အတွက် အစားအသောက်နဲ့ စိတ်သက်သာရာရအောင် ဖြေလျှော့ရာမှ ကိုယ်အလေးချိန်များလာခဲ့တာ ဖြစ်ပါတယ်။ “ကိုယ်အလေးချိန်များလို့ အကမယ်ဖြစ်ချင်တဲ့ အိပ်မက်ကို စွန့်လွှတ်ခဲ့ရပါတယ်”လို့ ဆိုဖီက ဆိုပါတယ်။ ချစ်သူကားလ်နဲ့ အတူနေထိုင်တဲ့ ဆိုဖီမှာ တစ်နှစ်သမီးလေးရှိနေပြီး ကိုယ်အလေးချိန်လျော့ကျဖို့ အထူးကြိုးစားခဲ့ရပါတယ်။

ဆိုဖီက ၂၀၁၆ စက်တင်ဘာလမှာ “သွယ်လျတဲ့ကမ္ဘာ”အုပ်စုနဲ့ဆက်သွယ်ပြီး ခေါက်ဆွဲ၊ ငါး၊ အဆီနည်းအသားနဲ့ ဟင်းသီးဟင်းရွက်တို့လို ကယ်လိုရီနည်းတဲ့ အစာတွေကို စားသောက်ရင်း ကိုယ်အလေးချိန် စထိန်းခဲ့ပါတယ်။ အဲဒီမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်နိုင်တဲ့အထိ တိုးတက်လာတဲ့ဆိုဖီက အဆင်သင့်အစာတွေအစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ပြောင်းလဲစားသောက်ခဲ့ရင်း ကိုယ်အလေးချိန် ၁၇၉ ပေါင်မှ ၁၂၃ ပေါင်သို့ လျော့ကျသွားခဲ့ပါတယ်။

အရေပြားအထူးကုက တစ်နှစ်ကျော်အတွင်း ကိုယ်အလေးချိန် ၁၇၉ ပေါင်ကနေ ၁၂၃ ပေါင်ကို လျှော့ချနိုင်လိုက်တဲ့ ဆိုဖီကို သွယ်လျတဲ့ကမ္ဘာရဲ့ ၂၀၁၈ အလှမယ် (Slimming World’s Miss Slinky 2018) ဆိုပြီး အမည်ခေါ်တွင်ခဲ့ပါတယ်။ “အရင်က ကင်မရာကိုရှောင်လေ့ရှိပေမယ့် အခုအခါမှာတော့ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ဓာတ်ပုံရိုက်ရာမှာ ဘာစိုးရိမ်သောကမှမရှိဘဲ ယုံကြည်မှုရှိရှိ ပို့စ်ပေးနိုင်နေပါပြီ”လို့ ဆိုဖီက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top