Healthy Life Ad
International

သွေးအစစ်နှင့် တစ်ထပ်တည်းတူသည့်သွေးကို ပြင်ပပစ္စည်းများဖြင့် အောင်မြင်စွာဖန်တီးနိုင်ခဲ့

၊ ကိုထက် ၊

သိပံ္ပပညာရှင်တွေက တကယ်သွေးအစစ်နဲ့ တစ်ထပ်တည်း တူညီအောင် ပြုလုပ်ထားတဲ့ သွေးကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ကြောင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီဖန်တီးသွေးဟာ သွေးအစစ် ကဲ့သို့ပင် ဟေမိုဂလိုဘင်ကို အခြေခံထုတ်လုပ်ထားပြီး အောက်ဆီဂျင် သယ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

မျိုးရိုးကြောင့် သွေးတွင်းရောဂါပါလာသူတွေ မှာ ကုသလေ့ရှိတဲ့ သွေးသန့်စင်ကုထုံးကို ကုသရာမှာ များစွာ ပိုမိုအကျိုးများမှာဖြစ်တယ်လို့ သိရပါတယ်။ တခြားသွေးအလှူရှင်တွေဆီကရရှိတဲ့ သွေးတွေမှာ ဖြစ်လေ့ရှိတဲ့ ရောဂါပိုးတွေပါလာတာမျိုးလည်း ဖြစ်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

ဒီဖန်တီးမှုက အမေရိကန်နိုင်ငံရဲ့ ရှာဖွေမှုတစ်ခု ဖြစ်တဲ့ ပင်မဆဲလ်မှတစ်ဆင့် သွေးနီဥတွေကို ဖန်တီးတဲ့နည်းကို အခြေခံ ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့ခေါင်းဆောင်ဒေါက်တာ ဒန်းဝဲလင်းက “လှူဒါန်းထားတဲ့ သွေးနဲ့ သွေးလဲတဲ့ကုထုံး ပြုလုပ်ရတာဟာ များစွာအခက်အခဲတွေ ရှိပါတယ်၊ သွေးအမျိုးအစားတူရတာတွေ၊ သွေးစစ်ရတာတွေ၊ သွေးတွင်း လိုအပ်တဲ့အောက်ဆီဂျင်ပမာဏပါ၊ မပါ စစ်ရတာတွေ လူနာနဲ့ ဓာတ်တည့်၊မတည့်စတာတွေ အကုန်စစ်ဆေးရပါတယ်၊ တချို့မျိုးရိုးလိုက်တဲ့ ရောဂါပိုးတွေဆို သာမန်စစ်ဆေးရုံနဲ့ မသိရှိနိုင်ပါဘူး၊ ဒီလိုစစ်ဆေးမှုတွေလုပ်နေတဲ့အခါ ကုသမှုနှောင့်နှေးပြီး မလိုအပ်တဲ့ ရလဒ်တွေဖြစ်လေ့ရှိပါတယ်” လို့ ပြောပြပါတယ်။

အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ မျိုးရိုးလိုက်တဲ့ သွေးရောဂါတွေကို ကုသဖို့ သွေးအစားထိုး လဲလှယ်တဲ့ ကုထုံးကို ၁၉၈၀ ခုနှစ်ထဲက အသုံးပြုခဲ့ကြပါတယ်။ ဒီကုသမှုအတွက် အခက်အခဲတစ်ခုကတော့ အထက်က ပြောပြခဲ့တဲ့ စစ်ဆေးမှုအဆင့်တွေ များပြားတာပဲဖြစ်တယ်လို့သိရပါတယ်။ အခုဖန်တီးလိုက်တဲ့ သွေးဟာ ဒီအခက်အခဲတွေအကုန်လုံးကို ကျော်လွန်ပြီး အရေးပေါ်သွေးလိုအပ်နေသူတွေ အတွက် ချက်ချင်းဆိုသလို ကုသမှုပေးနိုင်ပြီး ရလဒ်ကောင်းများစွာရရှိလာမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သွေးရရှိဖို့ခက်ခဲ့တဲ့ စစ်မြေပြင်တွေ၊ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာတွေ အစရှိတဲ့ နေရာတွေအတွက် ပိုမိုထိရောက်တဲ့ ကုသမှုတွေ ပေးနိုင်လာမှာဖြစ်ပါတယ်။

နိုင်ငံအများစုမှာ သွေးလှူဒါန်းသူတွေများပြားလာပေမယ့် ရရှိလာတဲ့သွေးတွေကို စစ်ဆေးရတဲ့ စရိတ်တွေများပြားခြင်း၊ နေ့စဉ်စစ်ဆေးမှုတွေ မပြုလုပ်နိုင်ခြင်းနဲ့ သိမ်းဆည်းထားရတဲ အခက်အခဲတွေကြောင့် တစ်ကမ္ဘာလုံးရဲ့ ၈၂ ရာခိုင်နှုန်းဟာ သန့်ရှင်းတဲ့ သွေးတွေမရရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ဒီဖန်တီးထားတဲ့သွေးဟာ ဘယ်သူမဆိုအသုံးပြုနိုင်မှာဖြစ်ပြီး အဆိပ်အတောက်ဖြစ်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ရောဂါကူးစက်ခြင်းတွေနဲ့ ကင်ဆာ ဖြစ်ပွားခြင်းတွေ မရှိနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီတီထွင်မှုကို ၂၀ဝ၇ ခုနှစ်ထဲက အင်္ဂလန်နိုင်ငံအစိုးရမှ ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း စတာလင်ပေါင်း ၁ဒသမ၈ ဘီလီယံခန့် ထောက်ပံ့ပေးထားတယ်လို့ သိရှိရပါတယ်။

(Ref;mirror)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top