Healthy Life Ad
International

သွားဆရာဝန်များ အဖြေရှာရခက်နေသည့် အမြွှာညီအစ်မတစ်ဦး၏ သွားပြဿနာ

၊ ကိုထက် ၊

ဆယ်ကျော်သက် အမြွှာညီအစ်မနှစ်ယောက်ဖြစ်သူ ကင်ဘာလီနဲ့ နီကိုလဲ့ဟာ ရုပ်ချင်းလည်းတူ၊ စိတ်ချင်းလည်းတူပြီး သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ညီအမလိုရော သူငယ်ချင်းလိုပါ အရမ်းကိုချစ်ခင်ကြပါတယ်။

ခန္ဓာကိုယ်ပုံစံ၊ မျက်နှာအနေအထားသာမက အစစအရာရာတူနေတဲ့ အမြွှာညီအမနှစ်ဦးအနက် တစ်ဦးဖြစ်သူ နီကိုလဲ့က သွားပြဿနာတစ်ခုကို လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က စတင်ခံစားခဲ့ရပါတယ်။ သူရဲ့သွားတွေဟာ အရည်ပျော်ကျနေသလိုမျိုး ချိုင့်တွေ၊ အပေါက်တွေဖြစ်လာပါတယ်။ အစပိုင်းမှာ သွားဆရာဝန်က ပြန်လည်ပြုပြင်လိုက်ရင် အဆင်ပြေသွားမယ်လို့ မျှော်လင့်ခဲ့ပြီး သွားအပေါက်တွေကို ပြန်လည်ဖာထေးပြုပြင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့သွားတွေဟာ ပိုပိုပြီးသာ ဆိုးရွားလာခဲ့ပါတယ်။ သွားတွေက အပေါက်ကြီးတွေဖြစ်လာပြီး နီကိုလဲ့ဟာ သွားပေါ်မှာစိုးတဲ့အတွက် အရယ်အပြုံးတောင် မပြုလုပ်ဖြစ်တော့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ “နီကိုလဲ့ရဲ့ အပြုံးတွေပျောက်ကွယ်သွားပါပြီ၊ ဒါတကယ့်ကို ကြောက်စရာ အခြေအနေကြီးတစ်ခုပဲ”လို့ အမြွှာညီမဖြစ်သူ ကင်ဘာလီက ပြောပြခဲ့ပါတယ်။

နီကိုလဲ့ရဲ့သွားတွေကို သွားဆရာဝန်ပေါင်းများစွာက နည်းပေါင်းများစွာနဲ့ စစ်ဆေးခဲ့ကြပါတယ်။ သွားအမြစ်တွေ၊ အာရုံကြောတွေ၊ သွားပဲ့သွားတဲ့ အစအနတွေကအစ အလုံးစုံကို စစ်ဆေးခဲ့ကြပေမယ့် ဘာကြောင့် ဒီလိုသွားတွေ ဆွေးမြေ့သလို ပဲ့ထွက်နေသလဲဆိုတာကို မပြောပြနိုင်ခဲ့ကြပါဘူး။ တချို့က သွားတိုက်ဆေးတွေမှာပါတဲ့ သွားဖြူစေတဲ့ဓာတ်တွေနဲ့မတည့်လို့၊ တချို့ကလည်း ဖလိုရိုက်နဲ့ ဓာတ်မတည့်လို့ စသဖြင့် မှတ်ချက်မျိုးစုံ ပေးခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်ခန့်မှာတော့ သွားအလှပြုပြင်ရေးဆရာဝန် ဒေါက်တာဂျိုးဝယ်ဒါဆန်နဲ့ လုပ်ဖော်ကိုင်ဖက် အီဆန်အလီတို့က စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက် နီကိုလဲ့ရဲ့ သွားပြဿနာအဖြေကို တွေ့ရှိခဲ့ကြပါတယ်။ နီကိုလဲ့ဟာ တကယ်တော့ သွားပြဿနာဖြစ်နေတာမဟုတ်ဘဲ ကိုယ်ခံအားစံလွဲရောဂါတစ်မျိုး ဖြစ်နေတာဖြစ်ပါတယ်။ ဒီရောဂါကို ရှာတွေ့ခဲ့တဲ့အတွက် နီကိုလဲ့ဟာ သွားတစ်ခုထဲမှာသာ ပြဿနာရှိနေတာမဟုတ်ပဲ တခြားမျက်လုံးနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာပါ ချို့ယွင်းမှုတွေရှိနေတာကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။

ဒီရောဂါကြောင့် နီကိုလဲ့ဟာ တံတွေးမထွက်တာ၊ မျက်ရည်မထွက်တာတွေဖြစ်နေပေမယ့် သတိမထားခဲ့ကြပါဘူး။ “တံထွေးဟာ ပါးစပ်အတွက် အထိက ခံတပ်ကြီးတစ်ခုပါပဲ၊ ပါးစပ်ထဲက ဘက်တီးရီးယားတွေကို တံထွေးကရှင်းထုတ်ပေးပါတယ်၊ အခုလို တံထွေးမထွက်တော့တဲ့အတွက် သူရဲ့သွားတွေက ပိုးတွေကြောင့် ဆွေးမြေ့လာတာပါ” လို့ ဆရာဝန်က ရှင်းပြခဲ့ပါတယ်။

ဆရာဝန်တွေက ညီအမနှစ်ယောက်လုံးကို စစ်ဆေးမှုပြလုပ်ခဲ့တာဖြစ်ပြီး ကင်ဘာလီမှာတော့ အာလုံးပုံမှန်ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ “ရောဂါကို ရှာတွေ့လိုက်ရတာက ပိုပြီးစိတ်ချမ်းသာပါတယ်၊ ဘာပဲပြောပြော အခုမှ ကျွန်မမှာ ပုံမှန်ပြန်ဖြစ်လာနိုင်မှာပါဆိုတဲ့ မျှော်လင့်ချက်ကို ထားလို့ရလာတာပါ”လို့ နီကိုလဲ့က ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top