Healthy Life Ad
Life Style

ကြောက်စိတ်ကို အနိုင်ယူခြင်း(၄)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိုးရိမ်စိတ်လွန်ကဲခြင်းရောဂါနဲ့ အကြောက်လွန်ကဲခြင်းရောဂါမှာ ကုသတဲ့ စိတ်ကုထုံးတွေအကြောင်းကို သူနာပြုအေမီနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။

စာရေးသူက နိဒါန်းစကားပြောပါတယ်။

“အခုအထိ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ စိုးရိမ်စိတ်လွန်ကဲရောဂါနဲ့ ကြောက်စိတ်လွန်ကဲရောဂါတွေ မှာ လူနာ ခံစားရတဲ့ ခန္ဓာကိုယ်လက္ခဏာတချို့ကတော့ နှလုံးခုန်မြန်တာနဲ့ သွေးတိုးတာတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြောက်စိတ်ကြောင့် နှလုံးခုန်နှုန်းနှေးပြီး သွေးပေါင်ကျသွားတဲ့ အကြောက်လွန်ရောဂါတစ်မျိုးရှိတယ်။ အဲဒါ အေမီ သိလား”

အေမီက အတော်ကြာအောင် စဉ်းစားပြီး အဖြေပေးပါတယ်။

“သွေးအကြောက်လွန်ရောဂါ (Blood Phobia) ကို ပြောတာလား ဒေါက်တာ”

“မှန်ပါတယ်။ ပိုပြီး ပြည့်စုံအောင် ပြောရရင် အဲဒီရောဂါကို “သွေး-ဒဏ်ရာ-ဆေးထိုးအပ်နဲ့ အနာရောဂါ အကြောက်လွန်ကဲရောဂါ”(Blood-Injury- Injection/Illness Phobia)လို့ ခေါ်ပါတယ်။ ဘီအိုင်အိုင်ပီအကြောက်လွန်ရောဂါ (BIIP) လို့ အတိုချုံးပြီး ခေါ်ဆိုပါတယ်။ ဘီအိုင်အိုင်ပီရောဂါ မှာ လူနာအကြောက်လွန်တဲ့ အရာတွေကတော့ သွေး၊ ဒဏ်ရာအနာတရ၊ ဆေးထိုးအပ်၊ ဆရာဝန်၊ သွားဆရာဝန်နဲ့ ဆေးရုံ ဆေးခန်းတို့ ဖြစ်ပါတယ်။ သွေး၊ ဆေးထိုးအပ်တို့နဲ့ဆက်စပ်နေတဲ့ အရာတွေပါ။ သွေးကို မကြည့်ရဲဘူး။ ဒဏ်ရာအနာတရဖြစ်နေတာကို မကြည့်ချင်၊ မကြားချင်ဘူး။ ဆရာဝန်နဲ့ စစ်ဆေးခံဖို့နဲ့ ဆေးရုံဆေးခန်းပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ရှောင်တိမ်းတယ်။ ဆေးထိုးမခံချင်ဘူး စတဲ့ အပြုအမူလက္ခဏာတွေ ရှိပါတယ်။ ဒီရောဂါကို ပြည်သူလူထုထဲမှာ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ဖြစ်ပွားကြောင်း တွေ့ရှိရတယ်။

ဘီအိုင်အိုင်ပီရောဂါမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ သွေးကို မြင်ရင် ဒါမှမဟုတ် ဆေးထိုးခံရမယ် ဆိုရင် အကြောက်လွန်ပြီး မူးဝေလဲကျ ခေတ္တသတိလစ်သွားတတ်တယ်။ အဲဒါ တခြားအကြောက်လွန်ရောဂါတွေနဲ့ မတူတဲ့ အချက်တစ်ခုပဲ”

“သူနာပြုအေမီက စိတ်ဝင်စားတဲ့ အမူအရာနဲ့ မေးမြန်းပါတယ်။”

“ခြားနားချက်ကို ရှင်းပြပါ ဒေါက်တာ”

စာရေးသူက အေမီ သိရှိနားလည်လွယ်အောင် ဆွေးနွေးပါတယ်။

“တခြားအကြောက်လွန်ကဲရောဂါတွေမှာ ကြောက်တဲ့ အရာနဲ့ ရင်ဆိုင်ရရင် ဘယ်လို တုန့်ပြန်မှုရှိသလဲ၊ ခုခံတိုက်ခိုက်ဖို့ ဒါမှမဟုတ် ပြေးလွှားဖို့ခန္ဓာကိုယ်က ပြင်ဆင်ရတယ်။Fight or Flight အနေအထားလို့ ဆိုပါတော့။ ဒီအတွက် “ဆင်ပါတက်သစ်အာရုံကြော အင်္ဂါစု”(Sympathetic Nervous System) လှုံ့ဆော်မှုပြင်းပြလာတယ်။ ဒါကြောင့် နှလုံးခုန်နှုန်းမြန်လာမယ်၊ သွေးတိုးလာမယ်၊ လှုပ်ရှားရုန်းကန်မှုအတွက် အဆင်သင့်ဖြစ်ဖို့ ကြက်သားတွေထဲကို သွေးစီးဝင်မှုများလာအောင် ဖန်တီးပေးတာ ဖြစ်ပါတယ်။

သွေးအကြောက်လွန်ရောဂါ(ဘီအိုင်အိုင်ပီ)မှာတော့ အဲဒီလို တုန့်ပြန်မှုနဲ့ ကွဲပြားတာကို တွေ့ရှိရတယ်။ ရောဂါရှင်က သွေးကို မြင်လိုက်ရင် ဒါမှမဟုတ် ဆေးထိုးခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရရင် ဒါမှမဟုတ် ထိတ်လန့်စရာ မတော်တဆ ဖြစ်ပွားတာကို ကြားမြင်ရရင် အာရုံကြောတုန့်ပြန်မှု ခြားနားချက် ရှိတယ်။ “ဆင်ပါတက်သစ်အာရုံကြောအင်္ဂါစု”လှုံ့ဆော်မှုထက် “ပါရာဆင်ပါတက်သစ်အာရုံကြောအင်္ဂါ စု”(Parasympathetic Nervous System)ရဲ့ လှုံ့ဆော်မှုက ပိုမိုပြင်းထန်လာတယ်။ “ပါရာဆင်ပါ တက်သစ်အာရုံကြောအင်္ဂါစု”ရဲ့ အာရုံကြောမကြီး (Vagus Nerve) လှုံ့ဆော်မှုများပြားလာပါတယ်။ ဒါကြောင့် ပျို့အန်ချင်သလို ခံစားရမယ်၊ နှလုံးခုန်နှုန်း နှေးလာမယ်၊ သွေးပေါင်ကျသွားမယ်၊ သွေးပေါင်ကျသွားတော့ ဦးနှောက်ထဲကို သွေးစီးဝင်မှု လျော့နည်းသွားတယ်။ ဒါကြောင့် မူးဝေလဲကျတာ၊ ခေတ္တသတိလစ်သွားတာကိုတွေ့ရှိရပါတယ်။ သွေးအကြောက်လွန်ရောဂါ (ဘီအိုင်အိုင်ပီ)ရှင် သွေးကိုမြင်ရင် မူး ဝေလဲကျသွားရတဲ့ အကြောင်းရင်းဆိုပါတော့”

စာရေးသူစကားဆုံးတော့ အေမီက နဖူးတွန့် စဉ်းစားပြီး စူးစမ်းမေးမြန်းတယ်။

“အဲဒီလို ကွဲပြားမှုရှိတော့ “ဘီအိုင်အိုင်ပီ”ရောဂါမှာ အသုံးပြုတဲ့ စိတ်ကုထုံးက ဘယ်လို ခြားနားချက်ရှိသလဲ”

စာရေးသူ ရေရေလည်လည် ရှင်းပြဖို့ လိုအပ်ပါတယ်။

“အတွေးအမြင်ကို ပြုပြင်ပြောင်းလဲပေးနည်း၊ ကြောက်တဲ့အရာနဲ့ ရင်ဆိုင်ထိတွေ့စေခြင်း၊ စိတ်ဖိစီးမှုလျော့နည်းအောင် လေ့ကျင့်စေခြင်း စတဲ့ ကုထုံးတွေကတော့ တခြားအကြောက်လွန်ရောဂါမှာ ကုသ သလိုပါပဲ။ အခြေခံသဘောက တူညီပါတယ်။ သွေးအကြောက်လွန်ရောဂါ (ဘီအိုင်အိုင်ပီ)ကုသရာမှာ ခြားနားချက်တစ်ခုရှိတယ်။ ကြောက်တဲ့အရာနဲ့ ရင်ဆိုင်ထိတွေ့တဲ့အချိန်အခါမှာ “ကြွက်သားတင်းလေ့ကျင့်ခန်း”(Applied Tension)ကို အသုံးပြုပါတယ်”

“ဘာကြောင့်လဲ ဒေါက်တာ”လို့ အေမီက မေးမြန်းပါတယ်။”

“တိုတိုနဲ့ လိုရင်းကို ပြောရရင် သွေးတိုးကျပြီး မူးဝေလဲကျသွားတာကို ကာကွယ်ဖို့ ဖြစ်ပါတယ် အေမီ ခြေထောက်၊ လက်မောင်းနဲ့ နောက်ကျောကြွက်သားတွေကို ဖျစ်ညှစ်တင်းကျပ်ထားလိုက်ရင် သွေးတိုးလာပြီး ခန္ဓာကိုယ်ထဲက သွေးကို ဦးနှောက်ထဲ ရောက်အောင် ညှစ်သွင်းလိုက်သလို ဖြစ်လာပါတယ်။ ဦးနှောက်ထဲကို သွေးလုံလုံလောက်လောက် စီးဝင်သွားတဲ့အတွက် မူးဝေလဲကျတာကို ကာကွယ်နိုင်ပါတယ်။
ဒါကြောင့်သွေးအကြောက်လွန်ရောဂါ (ဘီအိုင်အိုင်ပီ)ကို ကုသဖို့ ပထမအဆင့်အနေနဲ့ လူနာကို “ကြွက်သားတင်း လေ့ကျင့်ခန်း” သင်ကြားပေးရမယ်။ ကြွက်သားတင်း လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်းကို နည်းနည်း ရှင်းပြမယ်။

အဲဒီလေ့ကျင့်ခန်းကို သင်ကြားမပေးခင် လူနာမှာ နှလုံးခုန်နှုန်း ပုံမမှန်တဲ့ ရောဂါနဲ့ သွေးတိုးရောဂါ ရှိ၊ မရှိ ရှေးဦးစွာ စစ်ဆေးသင့်ပါတယ်”

“ဘာကြောင့်လဲ ဒေါက်တာ”

“ကြွက်သားတင်းလေ့ကျင့်ခန်း ပြုလုပ်နေစဉ်မှာ သွေးပေါင်တက်ပြီး နှလုံးကို ဖိစီးမှု ဖြစ်စေနိုင်တာကြောင့်ပါ။ ကြွက်သားတင်း လေ့ကျင့်ခန်း လုပ်ပုံလုပ်နည်းကို ပြောပြမယ်။ ကုလားထိုင်ပေါ်မှာ သက်သက်သာသာထိုင်ပါ။ လက်မောင်း၊ လက်ဖျံ၊ ပေါင်တံ၊ ခြေသလုံးနဲ့ နောက်ကျောကြွက်သားတွေကို အာရုံပြုပြီး တင်းတင်းကျပ်ကျပ် ဖျစ်ညှစ်ထားလိုက်ပါ။ ဦးခေါင်းထဲမှာ ပူနွေးလာတဲ့ခံစားရမှုရရှိလာတဲ့အထိ တင်းကျပ်ထားပါ။ ၁၀ စက္ကန့်-၁၅စက္ကန့်ကြာတဲ့အထိ ဖြစ်ပါတယ်။ ပြီးရင် မူလအနေအထားရောက်အောင် ကြွက်သားတွေကို ပြန်လည် ဖြေလျှော့ချလိုက်ပါ။ (ကြွက်သားပြေလျော့နည်း လေ့ကျင့်ခန်း လုပ်သလို မဟုတ်ပါဘူး။ တင်းကျပ်နေတဲ့ ကြွက်သားတွေကို မူလ အနေအထားရောက်အောင် ဖြေလျှော့ပေးတာပဲ ဖြစ်ပါတယ်)

တစ်ခါတလေကျရင် ၁၀ စက္ကန့်-၁၅ စက္ကန့် ငါးကြိမ်လေ့ကျင့်ပါ။ တစ်နေ့လုံး အကြိမ်ကြိမ် လေ့ကျင့်နိုင်ပါတယ်။ အဲဒီလို ရက်သတ္တပတ် တစ်ပတ်-နှစ်ပတ်ကြာ လေ့ကျင့်ရင် “လိုအပ်တဲ့အချိန် မှာ ခန္ဓာကိုယ်ကြွက်သားတွေကို တင်းကျပ်လာအောင်ပြုလုပ်နိုင်တဲ့ အကျင့်ရရှိလာပါလိမ့်မယ်”

အေမီက မရေရာလို့ သေချာအောင် မေးပါတယ်။

“အဲဒီကြွက်သားတင်းလေ့ကျင့်ခန်းကို နေ့စဉ် လေ့ကျင့်ပေးရင် သွေးအကြောက်လွန်ရောဂါ (ဘီအိုင်အိုင်ပီ) သက်သာလာနိုင်သလား ဒေါက်တာ”

စာရေးသူက ကုသနည်းကို ရှင်းပြပါတယ်။

“ကြောက်တဲ့ အရာနဲ့ ရင်ဆိုင်ထိတွေ့စေတဲ့ ကုထုံးမှာ အသုံးပြုတာပါ။ ပထမ

လူနာ ကြောက်တဲ့ အရာဝတ္ထုနဲ့ အခြေအနေတွေကို စာရင်းပြုစုခိုင်းပါတယ်။ အကြောက်ဆုံးအရာကနေပြီး ကြောက်စိတ် အနည်းဆုံးအရာအထိ စာရင်းပြုစုစေပါတယ်။ ပြီးရင် လူနာကြောက်စိတ်အနည်းဆုံးအရာနဲ့ လူနာကို ထိတွေ့ရင်ဆိုင်စေပါတယ်။

ဥပမာ-သွေးအကြောက်လွန်ရောဂါ ရှိသူကို သွေးထွက်သံယိုဖြစ်နေတဲ့ လူတစ်ဦးရဲ့ဓာတ်ပုံကို စိုက်ကြည့်ခိုင်းမယ်။ သွေးအကြောက်လွန်ရောဂါရှိတဲ့လူနာဖြစ်လို့ မူးဝေသလို၊ ပျို့ချင်သလို ခံစား လာရလိမ့်မယ်။ အဲဒီအချိန်မှာ လူနာကို ကြွက်သားတင်းလေ့ကျင့်ခန်းကို ပြုလုပ်စေပါတယ်။ ဒီတော့ ဘာဖြစ်လာမလဲ။ နှလုံးခုန်နှုန်းနှေးပြီး သွေးတိုးကျလာတဲ့ တုန့်ပြန်မှုကို ဆန့်ကျင်နိုင်မယ်။ မူးဝေလဲကျ မလိုဖြစ်တာ သက်သာလာလိမ့်မယ်။ ကြောက်စရာအရာနဲ့ ထိတွေ့နေရပေမယ့် လူနာဟာ မူးဝေလဲကျ သတိလစ်မသွားဘူး။ အဲဒီလို ခံနိုင်ရည်ရှိလာရင် လူနာပိုမိုကြောက်တဲ့အရာတွေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ထိတွေ့ရင်ဆိုင်စေပါတယ်။ ဒီနည်းအားဖြင့် သွေးအကြောက်လွန်စိတ်ကို ထိန်းချုပ်နိုင်မယ်။ သွေးကို “ရိုး”လာလိမ့်မယ်။ အေမီ ရတယ်နော်”

_ _ _

အေမီက ခေါင်းငြိမ့်ပြီး မဝံ့မရဲအမူအရာနဲ့ ဆွေး နွေးပါတယ်။

“စိုးရိမ်စိတ်လွန်ရောဂါနဲ့ အကြောက်လွန်ရောဂါတွေမှာ အသုံးပြုတဲ့ “အတွေးအမြင်နဲ့ အပြုအမူ ပေးကုထုံး”(Cognitive-Behaviour Therapy)ကို ကျွန်မ နားလည်ပါပြီ။ ဒါပေမဲ့ ကျွန်မ မေးချင်တာ ရှိတယ်။ ဒေါက်တာကို မလေးစားသလိုများ ဖြစ်နေမလားလို့ပါ”

“ပြောသာပြောပါ အေမီ”

“ကျွန်မနဲ့အတူ လုပ်ကိုင်ဖူးတဲ့ စိတ်ကျန်းမာ ရေးဆရာဝန်ကြီးတစ်ဦးကတော့ စိုးရိမ်စိတ်ကြောက်စိတ်လွန်ကဲရောဂါရှိသူကို စိတ်ကုထုံးတစ်မျိုးနဲ့ ကုတယ်။ ဒေါက်တာပြောတဲ့ စိတ်ကုထုံးမျိုးတွေကို အသုံးမပြုဘူး”

အေမီပြောတာကို စာရေးသူ သဘောပေါက်ပါတယ်။

“ခွဲခြမ်းစိတ်ဖြာစိတ်ကုထုံး”(Psychoanalysis) နဲ့ “စိတ်တွန်းကန်လှုပ်ရှားမှုဖြစ်စဉ်ကုထုံး” (Dynamic Psychotherapy) တွေကို ပြောတာလား အေမီ”

“ဟုတ်ပါတယ် ဒေါက်တာ”

“မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီတော့ အဲဒီစိတ်ကုထုံးတွေအကြောင်းနဲ့ စိုးရိမ်စိတ် ကြောက်စိတ်လွန်ကဲရောဂါတွေမှာ အသုံးပြုတဲ့ ဆေးတွေအကြောင်းကို ဆက်ဆွေးနွေးကြတာပေါ့ . . ဟုတ်ပြီလား”

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top