Healthy Life Ad
Life Style

ကြောက်စိတ်ကို အနိုင်ယူခြင်း(၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး – အငြိမ်းစား)

အထွေထွေစိုးရိမ်ပူပင်စိတ်လွန်ကဲရောဂါ (ဂျီအေဒီ)မှာ အသုံးပြုတဲ့ စိတ်ကုထုံးတွေနဲ့ပတ်သက်ပြီး သူနာပြုအေမီနဲ့ စာရေးသူ ဆက်လက်ဆွေးနွေးနေပါတယ်။

အေမီက သူ့မှတ်စုစာအုပ်ကိုလှန်ကြည့်ပြီး မေးပါတယ်။

“ဒေါက်တာပြောထားတဲ့ ဂျီအေဒီရောဂါအတွက် စိတ်ကုထုံး နံပါတ် (၅)-“ပြဿနာ ဖြေရှင်းနည်းလေ့ကျင့်ခန်း”က ဘာကြောင့် အကျိုးကျေးဇူးရှိတာလဲ”

စာရေးသူရှင်းပြဖို့ လိုအပ်ပါတယ်။

“ဂျီအေဒီရောဂါရှင်တွေဟာ အခက်အခဲပြဿနာလေးတစ်ခုနဲ့ ကြုံတွေ့လာရရင် ပြဿနာကို ဖြေရှင်းဖို့ထက် အန္တရာယ်ကို ပုံကြီးချဲ့ပြီး စဉ်းစားတတ်ကြပါတယ်။ မရှူနိုင်၊ မကယ်နိုင်၊ ထိန်းမနိုင် သိမ်းမရ စိုးရိမ်စိတ်ပွားများလာတတ်ပါတယ်။ ဒါကြောင့် ပြဿနာတစ်ခု (ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ)နဲ့ ရင်ဆိုင်ရရင် အဲဒီကိစ္စကို အမြင်သစ်နဲ့ စဉ်းစားဆင်ခြင်တတ်အောင် လေ့ကျင့်ပေးရင် ဂျီအေဒီရောဂါကုသရာမှာ အကျိုးရှိပါတယ်”

“ဒီလိုဆိုရင် ကျွန်မလူနာတွေကို ပြဿနာဖြေရှင်းနည်း သင်ကြားပေးရမှာပေါ့”လို့ အေမီက ကြားဖြတ်ပြောပါတယ်။ “နည်းနည်းရှင်းပြပါ ဒေါက်တာ”

စာရေးသူက ပြဿနာဖြေရှင်းနည်းလေ့ကျင့်ခန်းရဲ့ သဘောကို အတိုချုပ်ပြောပါတယ်။

“(က) ပြဿနာက ဘာလဲဆိုတာကို တိတိကျကျနားလည်အောင် စဉ်းစားပါ။ ကြုံတွေ့နေရတဲ့ ပြဿနာအခက်အခဲမှာ အဓိကအချက်က ဘာလဲဆိုတာကို သိရှိအောင်ရှာဖွေပါ။

(ခ) ပြဿနာ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ဆန်းစစ်ဝေဖန်ကြည့်ပါ။ အကြောင်းရင်းတွေကို သုံးသပ်ကြည့်ပါ။

(ဂ) ရှုပ်ထွေးနေတဲ့ ပြဿနာကို လွယ်ကူအောင် အပိုင်းပိုင်းခွဲပြီး စဉ်းစားကြည့်ပါ။ ပြဿနာတစ်ခုကို ဖြစ်ပေါ်စေတဲ့ ကွင်းဆက်ပြဿနာလေးတွေ ရှိပါတယ်။ အဲဒီပြဿနာလေးတွေကို တစ်ခုချင်းရွေးထုတ်ပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။

(ဃ) ပြဿနာတစ်ခုချင်းအတွက် အဖြေရှာဖွေတဲ့အခါ စိတ်ထဲမှာစဉ်းစားမိတဲ့ အဖြေတွေအားလုံးကို စာနဲ့ရေးချကြည့်ရမယ်။ အတွေးကို ထိန်းချုပ်မထားနဲ့၊ ဘောင်အတွင်းကသာမကဘဲ ဘောင်အပြင်က အတွေးတွေကိုပါ ထည့်သွင်းစဉ်းစားရမယ်”

အေမီက ကြားဖြတ်မေးပါတယ်။

“Brainstroming “ဦးနှောက်ကို ပြင်းပြင်းထန်ထန်အလုပ်ပေးခြင်း”လား ဒေါက်တာ”

“ဟုတ်ပါတယ်။ (ဃ) ရရှိလာတဲ့ အဖြေတွေထဲက အသင့်တော်ဆုံး၊ အဖြစ်နိုင်ဆုံးအဖြေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အဲဒီလို ပြဿနာဖြေရှင်းနည်းကို ကျွမ်းကျွမ်းကျင်ကျင်အသုံးချရင် ဂျီအေဒီရောဂါရှင်တွေအဖို့ အကျိုးကျေးဇူးရှိပါတယ်။ အခုအထိ ဂျီအေဒီရောဂါကို ကုသရာမှာ အသုံးပြုတဲ့ စိတ်ကုထုံး (၅)မျိုးကို ဆွေးနွေးပြီးပါပြီ” (Healthy Life ဂျာနယ် အမှတ်(၁၀၈)၊ (၁၀၉)၊ (၁၁၀)။

စာရေးသူစကားဆုံးတော့ အေမီက သူနဲ့သက်ဆိုင်တဲ့ ရောဂါကုထုံးကို မေးမြန်းပါတယ်။

“ကျွန်မကိုယ်တိုင် ထိန်းမနိုင်သိမ်းမရ အကြောက်လွန်ကဲရောဂါ (Panic Disorder) ပီအေဒီခံစားရတယ်ဆိုတာကို ကျွန်မပြောဖူးတယ် မဟုတ်လား”

“ဟုတ်တယ်လေ”

“ကျွန်မသိချင်တာကတော့ ပီအေဒီရောဂါကို ကုသတဲ့ တခြားစိတ်ကုထုံးတွေ ရှိသေးသလားဆိုတာပါပဲ”

“ရှိပါတယ် အေမီ၊ ပီအေဒီရောဂါကို ကုသနည်းက အခြေခံအားဖြင့် အထွေထွေစိုးရိမ်ပူပင်စိတ်လွန်ကဲရောဂါ (ဂျီအေဒီ)ကုထုံးနဲ့ တူညီပါတယ်။ ဒါပေမဲ့ လုပ်နည်းလုပ်ဟန်နဲ့ ပစ်မှတ်တချို့မှာ ကွာခြားချက်ရှိပါတယ်”

အေမီက မျက်စိမှေးစဉ်းစားပြီး မေးမြန်းပါတယ်။

“နည်းနည်းရှင်းပြပါ ဒေါက်တာ”

စာရေးသူက အခုလိုရှင်းပြပါတယ်။

“(၁) ပီအေဒီရောဂါအတွက်လည်း အတွေးအခေါ်ပြုပြင်ပေးခြင်းကုထုံး (Cognitive Therapy)ကို အသုံးပြုပါတယ်။ ဒါပေမဲ့ ဦးတည်ပြုပြင်ပေးရမယ့် လူနာရဲ့ မူမမှန်တဲ့အတွေးအခေါ် ခံယူချက်ကတော့မတူပါဘူး။ အေမီကိုယ်တိုင်စဉ်းစားကြည့်ရင် ပိုမိုသဘောပေါက်မှာပါ။ ပီအေဒီရောဂါမှာ ပုံကြီးချဲ့ပြီး လူနာစိုးရိမ်နေတာက ပြင်ပပြဿနာမဟုတ်ဘူး။ သူခံစားနေရတဲ့ ခန္ဓာကိုယ်လက္ခဏာတွေပေါ်မှာ “အတွက်မှား” ပြီး အကြောက်လွန်နေတာ ဖြစ်ပါတယ်။ စိုးရိမ်စိတ်နဲ့အတူ ခံစားလာရတဲ့ နှလုံးခုန်မြန်တာ၊ အသက်ရှူကျပ်တာ စတဲ့လက္ခဏာတွေက နှလုံးလေဖြတ်တဲ့ ရောဂါလက္ခဏာလို့ ထင်မြင်ယူဆလိုက်တယ်။ ဒီတော့ ဘာဖြစ်သလဲ၊ ကြောက်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်လက္ခဏာတွေကြောင့် ပိုပြီးကြောက်စိတ်ဝင်လာတယ်။ အကြောက်ဝဲသြဃ စက်ဝန်းက အရှိန်ပြင်းသထက် ပြင်းထန်လာတယ်။ နောက်ဆုံးမှာ ထိန်းမနိုင်သိမ်းမရ အကြောက်လွန်ကဲ စိတ် (Panic Attack) ခံစားလာရမယ်။

အဲဒီလို အတွေးချော်နေတာကို ပြုပြင်ပေးနိုင်ပါတယ်။ လူနာက သူနှလုံးလေဖြတ်ရောဂါ ဖြစ်နေပြီလို့ ဘာကြောင့်ထင်မြင်ယူဆနေတာလဲ။ အကြောင်းရင်းတွေကို မေးကြည့်ရမယ်။ လူနာပြောတဲ့ အကြောင်းရင်းတွေကို ပံ့ပိုးပေးနိုင်တဲ့ အချက်အလက်မရှိဘူး၊ ယုတ္တိမတန်ဘူးဆိုတာကို တန်ပြန်အထောက်အထားတွေတင်ပြပြီး ချေပဆွေးနွေးပါတယ်။ လူနာကိုယ်တိုင် အဲဒီလိုဆင်ခြင်သုံးသပ်ဖို့ အားပေးပါတယ်။ အဲဒီလိုလေ့ကျင့်ရင် Panic Attack ကို ကာကွယ်နိုင်တယ်။ အေမီကိုယ်တိုင် အသုံးပြုနိုင်တဲ့ ကုသနည်းတစ်ခုပါ”

“ဟုတ်ပါပြီ ဒေါက်တာ”

စာရေးသူက ဒုတိယအချက်ကို ဆက်လက်ဆွေးနွေးပါတယ်။

“(၂) ဒုတိယကုထုံးကို ကြောက်ရွံ့ထိတ်လန့်တဲ့အခါ ခံစားရတဲ့ “ခန္ဓာကိုယ်လက္ခဏာများနဲ့ ရင်ဆိုင်စေခြင်း” (Interoceptive Exposure) လို့ ခေါ်ပါတယ်။ ဒီကုထုံးမှာ ကြောက်ရွံ့ထိတ်လန့်တဲ့အခါ ခံစားရတဲ့လက္ခဏာတွေကို လူနာခံစားလာရအောင် တမင်သက်သက်ဖန်တီးစေတယ်။ နောက်ပြီး အဲဒီလက္ခဏာတွေကို ကြောက်နေမယ့်အစား အကျင့်ရသွားအောင်၊ “ရိုး”သွားအောင် လေ့ကျင့်ပေးပါတယ်”

အေမီက ကြားဖြတ်ပြီး မေးခွန်းထုတ်တယ်။

“ကြောက်ရွံ့ထိတ်လန့်တဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ ခန္ဓာကိုယ်လက္ခဏာတွေကို ဘယ်လိုဖန်တီးယူမလဲ ဒေါက်တာ”

စာရေးသူ ရှင်းပြဖို့လိုပါတယ်။

“အများသုံးစွဲလေ့ရှိတဲ့ နည်းသုံးမျိုးရှိပါတယ်။ လူနာနဲ့ သင့်တော်မယ့်နည်းကို ရွေးချယ်အသုံးပြုနိုင်တယ်။

(က) လူနာမောပန်းပြီး အသက်ရှူမြန်လာတဲ့အထိ အခန်းထဲမှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်စေခြင်း၊

(ခ) လူနာကို ပြင်းပြင်းထန်ထန် မြန်မြန်အသက်ရှူခိုင်းခြင်း၊

(ဂ) ကုသခန်းထဲမှာ ကာဘွန်ဒိုင်အောက်ဆိုက် (CO2)ကို ရှူရှိုက်ခိုင်းခြင်းတို့ ဖြစ်ပါတယ်။ အဲဒီနည်းတွေကို အသုံးပြုရင် လူနာဘယ်လိုခံစားလာရသလဲ။ မူးဝေဝေဖြစ်လာမယ်၊ လဲကျချင်သလို ဖြစ်လာမယ်၊ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်တဲ့အခါ ခံစားရတဲ့ လက္ခဏာမျိုးဖြစ်ပါတယ်။ အဲဒီလိုဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်လက္ခဏာတွေကို လူနာနားလည်အောင် ရှင်းပြပါတယ်။ လူနာရဲ့အတွေးကို ပြုပြင်ပေးနိုင်တယ်။ အဲဒီလက္ခဏာတွေနဲ့ ထိတွေ့ချိန်များလာရင် “ရိုး”လာလိမ့်မယ်။ ဒီလိုနည်းနဲ့ “ကြောက်စိတ်ကိုပြန်ပြီး ကြောက်နေတဲ့ကြောက်စိတ” (Fear of fear) ကို ထိန်းချုပ်နိုင်ပါတယ်”

စာရေးသူ စကားဆုံးတော့ အေမီက ကြားဖြတ်ဆွေးနွေးပါတယ်။

“ပီအေဒီရောဂါမှာ အသုံးပြုနိုင်တဲ့ ကုသနည်းတစ်မျိုးရှိသေးတယ်”

“ပြောပြပါ အေမ”

“(၃) တတိယကုသနည်းလို့ ခေါ်ဆိုမလားပဲ။ ကျွန်မလူနာတွေကို ကြွက်သားဖြေလျှော့နည်းကို လေ့ကျင့်စေပါတယ်။ နောက်ပြီး ဖြည်းဖြည်းလေးလေးနဲ့ နှေးနှေးအသက်ရှူလေ့ကျင့်နည်းကိုလည်း သင်ကြားပေးပါတယ်။ ထိတ်လန့်ကြောက်ရွံ့မယ့် နိမိတ်လက္ခဏာပြလာရင် အဲဒီနည်းတွေကို အသုံးပြုခိုင်းပါတယ်။ အဲဒီလိုကြိုတင်ကာကွယ်ရင် ကြောက်ရွံ့ထိတ်လန့်စိတ်က အထွဋ်အထိပ်မရောက်တော့ဘဲ အရှိန်သေသွားနိုင်ပါတယ်။ ကျွန်မပြောတာမှန်တယ်နော် ဒေါက်တာ”

ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်ခံစားလာရတဲ့ လက္ခဏာတွေကို ‘သိတယ်လို့ သတိနဲ့ မှတ်ရုံသာမှတ်’စေတဲ့ လေ့ကျင့်နည်းဖြစ်ပါတယ်။ မိမိခံစားရတဲ့ ခန္ဓာကိုယ်ရောဂါလက္ခဏာအကြောင်းကို ရှေ့ဆက်ပြီးမတွေးနဲ့၊ သူ့အကြောင်းကို ပုံကြီးချဲ့ပြီး အကြောက်ဝေဒနာလည်း မဝင်စေနဲ့၊ သိတယ်လို့သာ သတိနဲ့မှတ်လိုက်။

စာရေးသူက အေမီပြောတာကိုထောက်ခံပြီး ဖြည့်စွက်ဆွေးနွေးပါတယ်။

“ဗုဒ္ဓဘာသာမှာ ဝေနာကိုရှူတဲ့ ကမ္မဋ္ဌာန်းထိုင်နည်းတစ်မျိုးရှိတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်ခံစားလာရတဲ့ လက္ခဏာတွေကို “သိတယ်လို့ သတိနဲ့မှတ်ရုံသာမှတ်”စေတဲ့ လေ့ကျင့်နည်းဖြစ်ပါတယ်။ မိမိခံစားရတဲ့ ခန္ဓာကိုယ်ရောဂါလက္ခဏာအကြောင်းကို ရှေ့ဆက်ပြီး မတွေးနဲ့၊ သူ့အကြောင်းကို ပုံကြီးချဲ့ပြီး အကြောက်ဝေဒနာလည်း မဝင်စေနဲ့၊ သိတယ်လို့သာ သတိနဲ့မှတ်လိုက်။ နောက်တစ်မျိုး ခံစားလာရရင် အဲဒီအတိုင်းသာလေ့ကျင့်။ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ် လက္ခဏာတွေအပေါ်မှာ အဲဒီလိုနည်းနဲ့ လေ့ကျင့်ရင်လည်း အကျိုးရှိနိုင်ပါတယ်”

အေမီက အားနာပါးနာအမူအရာနဲ့ အတွန့်တက်ပါတယ်။

“ကျွန်မက ဗုဒ္ဓဘာသာဝင်မှ မဟုတ်တာပဲ ဒေါက်တာ”

“ဝေဒနာကို ချုပ်ငြိမ်းစေတဲ့နည်း၊ စိတ်အေးချမ်းစေတဲ့နည်းဖြစ်လို့ လူသားတိုင်း အသုံးပြုနိုင်ပါတယ် အေမီ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top