Healthy Life Ad
Life Style

ကြောက်စိတ်ကို အနိုင်ယူခြင်း(၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

ယခင်တစ်ပတ်မှအဆက်

စိတ်ကျန်းမာရေးသူနာပြုအေမီနဲ့ “အထွေထွေ စိုးရိမ်ပူပင်စိတ်လွန်ကဲရောဂါ”(ဂျီအေဒီ)မှာ အသုံးပြုတဲ့ စိတ်ကုထုံးတွေအကြောင်းကို စာရေးသူ ဆက်လက်ပညာပေးဆွေးနွေးနေပါတယ်။

အေမီက စတင်မေးမြန်းတယ်။

“ဂျီအေဒီရောဂါမှာ အသုံးပြုတဲ့ (၁) အတွေးအခေါ်ပြုပြင်ပေးကုထုံးနဲ့ (၂) စိုးရိမ်သောကကို ရင်ဆိုင်စေတဲ့ ကုထုံးတွေကို ဒေါက်တာရှင်းပြလို့ ကျွန်မပိုမိုနားလည်လာပါပြီ။ ဒေါက်တာပြောခဲ့တဲ့ နံပါတ် (၃) “စိုးရိမ်သောကကို အားပေးတဲ့ အပြုအမူတားဆီးပေးကုထုံး”(Worry Behavior Prevention) အကြောင်းကို နည်းနည်း ရှင်းပြပါ ဆရာ”

စာရေးသူက အဖြေမပေးသေးဘဲ မေးခွန်းတစ်ခုနဲ့ အစပျိုးလိုက်တယ်။
“အေမီ တစ်ခုခုကို စိုးရိမ်ပူပင်စိတ်များလာရင် ဘာလုပ်လေ့ရှိသလဲ”
အေမီက အနည်းငယ် စဉ်းစားပြီး အဖြေပေးပါတယ်။

“ကျွန်မရဲ့ ကျန်းမာရေးအတွက် တစ်ခါတလေ အလွန်အမင်း စိုးရိမ်ပူပင်တတ်ပါတယ်။ “ငါ့မှာ နှလုံးရောဂါများရှိသလား”၊ “ငါ မူးဝေလဲကျသွားတာက နှလုံးလေဖြတ်ချင်လို့လား” . . စတဲ့ အတွေးတွေပေါ်ပေါက်လာပါတယ်။ အဲဒီလိုဖြစ်လာရင် အကြောင်းအရာတစ်ခုခုကို ကျွန်မစိတ်ကူးလိုက်ပါတယ်။ သာယာတဲ့ ရှုခင်းကိုဖြစ်ဖြစ်၊ အပျော်ခရီးသွားတုန်းက ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံကိုဖြစ်ဖြစ် တစ်ခုခုကို စဉ်းစားရှုမြင်ကြည့်လိုက်တယ်။

ဒါမှမဟုတ်ရင် အနားမှာရှိတဲ့ အိမ်သားတစ်ဦးဦးကို ပြောပြပြီး ဖျောင်းဖျမှုခံယူတတ်ပါတယ်။ အဲဒီလိုပြုမူလိုက်ရင် စိုးရိမ်စိတ်သက်သာသွားတယ်။ ဒါကြောင့် ကျွန်မကြည့်ရှုနေတဲ့ လူနာကိုလည်း စိုးရိမ်စိတ်တွေ ပေါ်ပေါက်လာရင် အတွေးပြောင်းပြီး စဉ်းစားလိုက်ဖို့ ကျွန်မပညာပေးညွှန်ကြားပါတယ်။ အဲဒီလို ပြုလုပ်တာ မှန်ကန်တယ်မဟုတ်ဘူးလား ဒေါက်တာ”

စာရေးသူက မျက်မှောင်ကြုတ်ပြီး ဘယ်လို အဖြေပေးရမလဲလို့ ခေတ္တ စဉ်းစားလိုက်ပါတယ်။
“အေမီပြောတဲ့နည်းကို အတွေးလွှဲပြောင်းပစ်တဲ့နည်း (Distraction Technique) လို့ ခေါ်တယ်။ မှားတယ်လို့ မပြောနိုင်ပေမယ့် လုံးဝဥဿုံမှန်ကန်တယ်လို့လည်း မဆိုနိုင်ဘူး”
“ဘာကြောင့်လဲ ဒေါက်တာ”

“အေမီအသုံးပြုတဲ့နည်းက စိတ်အာရုံကို လွှဲပြောင်းပေးတဲ့နည်းဖြစ်တယ်။ ဒါပေမဲ့ အတွေးကို ပြုပြင်ပေးတဲ့ နည်းတော့မဟုတ်ပါဘူး။ ဒီနည်းက စိုးရိမ်ပူပင်စိတ်ကို တဒင်္ဂသက်သာစေတဲ့နည်းဖြစ်ပါတယ်။ ဒါကြောင့် လူနာအတွက် ခေတ္တခဏအကျိုးရှိနိုင်ပါတယ်။ ဥပမာတစ်ခုနဲ့ယှဉ်ပြီး ရှင်းပြမယ်။ အဆုတ်ရောင်ရောဂါကြောင့် အဖျားတက်နေတဲ့ လူနာကို အဖျားကျဆေး တိုက်ကျွေးသလိုပေါ့။ ကိုယ်ပူတော့ကျသွားမယ်။ ဒါပေမဲ့ အဆုတ်ရောင်နေတာကို ပျောက်ကင်းအောင် ကုသတဲ့နည်း မဟုတ်ဘူး။ အဲဒီသဘောပါပဲ။ စိတ်အာရုံပြောင်းလဲနည်းကလည်း စိုးရိမ်စိတ်ကို လက်ရှိအချိန်မှာ ခေတ္တခဏသက်သာစေပါတယ်။ ဒါပေမဲ့ စိုးရိတ်တတ်တဲ့ အကျင့်နဲ့ စိုးရိမ်စိတ်လွန်ကဲရောဂါကို ဖျောက်ဖျက်မပစ်နိုင်ဘူး”

အေမီက အမြင်သစ်ရရှိလိုက်သလို ရွှင်ပြတဲ့ အမူအရာနဲ့ ပြောပါတယ်။

“ကျွန်မနားလည်ပြီဆရာ၊ စိုးရိမ်စိတ် ဖြစ်ပေါ်လာရင် အာရုံလွှဲပြောင်းပေးတဲ့နည်းက ရေရှည်မှာ စိုးရိမ်စိတ်ကိုစွဲမြဲစေတယ်။ စိုးရိမ်ပူပင်စိတ်လွန်ကဲရောဂါကို အမြစ်တွယ်စေတယ်ပေါ့”

“ဒါကြောင့် တတိယစိတ်ကုထုံးက စိုးရိမ်သောကကို အမြစ်တွယ်အောင်အားပေးတဲ့ အပြုအမူတွေကိုတားဆီးရမယ်လို့ ညွှန်ကြားထားတာလား”
စာရေးသူက အေမီကို ထောက်ခံပြောကြားပြီး ဆက်လက်ရှင်းပြပါတယ်။

“မှန်ပါတယ်။ “ဂျီအေဒီ”ရောဂါကို ကုသတဲ့အခါ စိုးရိမ်စိတ်ကို အမြစ်တွယ်စေတဲ့ အပြုအမူတွေ ကိုလေ့လာစေပါတယ်။ အဲဒီအပြုအမူတွေကို ရှောင်ကြဉ်ဖို့ အားပေးတိုက်တွန်းတယ်”

အေမီက ကြားဖြတ်မေးပါတယ်။
“ဒီတော့ ဘာလုပ်ရမလဲ ဒေါက်တာ”
စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

“ခုနက ပြောခဲ့သလို စိုးရိမ်စိတ်လို တဒင်္ဂသက်သာစေတဲ့ စိတ်အာရုံပြောင်းလွှဲပေးတဲ့ အပြုအမူတွေကိုရှောင်ရမယ်။ ဆောင်ရမယ့် အပြုအမူတွေကတော့ ဂျီအေဒီစိတ်ကုထုံး နံပါတ် (၁)နဲ့ (၂) လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ (ယခင်အပတ် Healthy Life ဂျာနယ်တွင်ကြည့်ပါ)။ အတိုချုံးပြီး ပြောမယ်။ စိုးရိမ်ပူပင်စိတ်ကနေပြီး ရှောင်မပြေးနဲ့။ စိတ်ထဲမှာ ထိပ်တိုက်တွေ့ထား။ အလိုအလျောက် ပေါ်ပေါက်လာတဲ့ အတွေးဆိုးတွေကိုဖမ်းယူပြီးကျိုးကြောင်း ဆင်ခြင်ကြည့်။ ချေပတိုက်ဖျက်။ မိမိပူပင်သောက ရောက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အဆိုးဆုံးဖြစ်လာနိုင်တဲ့ အန္တရာယ်ကို စဉ်းစားကြည့်။ အမှန်တကယ် ဖြစ်ပွားနေသလို မြင်ယောင်ကြည့်။ အဲဒီလို လေ့ကျင့်ရမယ်”

အေမီက ဘဝင်မကျသလို အမူအရာနဲ့ ဆင်ခြေတက်ပါတယ်။

“အဲဒီလို ပြုမူတုန့်ပြန်ရင် စိုးရိမ်ပူပင်စိတ်တွေက ပိုပြီး မကြီးထွားလာဘူးလား ဆရာ”
စာရေးသူ ရှင်းပြဖို့ လိုလာပါပြီ။

“တကယ့်လက်တွေ့မှာအေမီထင်သလို စိုးရိမ်စိတ်ကကြီးထွားမလာပါဘူး။ အကြောင်းရင်းနှစ်မျိုးရှိပါတယ်။ စိုးရိမ်စိတ်၊ ကြောက်စိတ်က ရှောင်မပြေးဘဲ ထိပ်တိုက်အချိန်ကြာကြာရင်ဆိုင်ထားရင် လူနာက ကြောက်စိတ်ကို ရိုးလာပါတယ်။ စိတ်ပညာစကားနဲ့ပြောရရင် သင်ယူတတ်မြောက်ထားတဲ့ အပြုအမူချုပ်ငြိမ်းခြင်း (Extinction)လို့ ခေါ်ပါတယ်။

အကျိုးရှိတဲ့ ဒုတိယအကြောင်းရင်းကို ရှင်းပြပါမယ်။ ပုံကြီးချဲ့တွေးတောတတ်တဲ့ အတွေးဆိုးကလေးတွေကို လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့၊ ယုတ္တိတန်တဲ့၊ ဓမ္မဓိဋ္ဌာန်ကျတဲ့ဆင်ခြင်တုံတရားနဲ့ ချေဖျက်နိုင်လို့ပါပဲ။ အဲဒီအကျိုးကျေးဇူးနှစ်ခုကြောင့် စိုးရိမ်ပူပင်စိတ်လွန်ကဲခြင်းရောဂါ သက်သာပျောက်ကင်းနိုင်ပါတယ်။ အဆုတ်ရောင်ရောဂါကုထုံးနဲ့ နှိုင်းယှဉ်ပြောရမယ်ဆိုရင် ဂျီအေဒီကုထုံး နံပါတ်(၁)နဲ့ (၂) က အဖျားကျဆေးမဟုတ်ပါဘူး။ ပဋိဇီဝဆေး ဖြစ်ပါတယ်။ ဟုတ်ပြီနော်”
အေမီက နားလည်သဘောတူတဲ့ အမူအရာပြပြီး နောက်အချက်တစ်ခုကို ဆက်လက်ဆွေးနွေးပါတယ်။

“ဂျီအေဒီရောဂါကုထုံး နံပါတ် (၄) က “အချိန်စီမံခန့်ခွဲခြင်း လေ့ကျင့်ခန်း”(Time Management) လို့ ဒေါက်တာပြောခဲ့ပါတယ်”
“ဟုတ်တယ်လေ၊ အေမီ ဘာသိချင်လို့လဲ”

“ကျွန်မ စဉ်းစားမိတယ်။ အချိန်စီမံခန့်ခွဲခြင်း လေ့ကျင့်ခန်းက ရုံးအုပ်ချုပ်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တယ်။ စိုးရိမ်စိတ်လွန်ကဲ ရောဂါကုသတာနဲ့ ဘယ်လို သက်ဆိုင်သလဲ၊ အဲဒါ သိချင်တာပါ”

အေမီရဲ့ မေးခွန်းဟာမေးသင့်မေးထိုက်တဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒါကြောင့် စာရေးသူက အချိန်ယူ ရှင်းပြပါတယ်။

“ကျွန်တော်တို့ ကုသပေးနေတဲ့ လူနာတွေကလည်း အေမီပြောသလို မေးမြန်းတာရှိပါတယ်။ ကျွန်တော် ဆွေးနွေးကြည့်မယ်။ စိုးရိမ်ပူပင်စိတ်ကြီးမားတဲ့ ဝေဒနာရှင်တွေက ဘာကိစ္စမဆို အန္တရာယ်ကို ပုံကြီးချဲ့ပြီး စဉ်းစားလေ့ရှိပါတယ်။ လုပ်ကိုင်စရာကိစ္စလေးတွေ ပေါ်ပေါက်လာရင် ဘယ်ကစရမယ်ဆိုတာ မသိသလိုဖြစ်တတ်တယ်။ ပြဿနာက မနိုင်မနင်း ရှုပ်ထွေးနေသလိုခံစားရတယ်။ ဘယ်ကိစ္စက အရေးကြီးတယ်၊ ဘယ်ကိစ္စကို ဘေးဖယ်ထားလို့ရတယ် စသဖြင့် သုံးသပ်စဉ်းစားနိုင်မှု အားနည်းတယ်။ အဲဒီလိုအလေ့အထရှိလို့ နေ့စဉ်လုပ်ကိုင်စရာကိစ္စလေးတွေထဲမှာ နစ်မွန်းပြီး စိုးရိမ်စိတ်က ဒီဂရီတက်နေတတ်ပါတယ်။ ဒါကြောင့် “အချိန်စီမံခန့်ခွဲတတ်တဲ့ အလေ့အကျင့်”ရှိလာရင် အခြေအနေကို ထိန်းချုပ်နိုင်တယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိလာတယ်၊ စိတ်ဖိစီးတင်းကျပ်မှု လျော့နည်းစေပါတယ်။ ကိုယ်ခံစွမ်းရည်နဲ့ စိတ်စွမ်းအား သန်မာဖို့ အထောက်အကူပြုပါတယ်။ အဆုတ်ရောင်ရောဂါကုသမှုနဲ့ ယှဉ်ပြီး ပြောရရင် လူနာကို အသက်ပြင်းပြင်းရှူခိုင်းတာမျိုးပေါ့”

အေမီက စာရေးသူ ရှင်းပြတာကို သဘောတူလက်ခံပြီး ဆက်လက်မေးမြန်းပါတယ်။

“ဒီလိုဆိုရင် အချိန်စီမံခန့်ခွဲခြင်းလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး လူနာကို ဘယ်လို သင်ကြားပေးမလဲ”

စာရေးသူက အချိန်စီမံခန့်ခွဲတတ်ဖို့ သင်ကြားပေးတဲ့ နည်းပရိယာယ်တွေကို ပြောပြပါတယ်။

“အများစု လက်ခံထားတဲ့ နည်းပရိယာယ်တွေကို ပြောပြမယ်။ (က) ရည်မှန်းချက်ပန်းတိုင်ကို အတိအကျသိရှိထားရမယ်။ ဒီနေ့အတွက်၊ ဒီတစ်ပတ်အတွက်၊ ဒီလအတွက် လုပ်ကိုင်စရာရှိတဲ့ ကိစ္စတွေကို ရေတိုရေရှည်စီမံကိန်းအဖြစ် သတ်သတ်မှတ်မှတ် ခွဲခြားထားရမယ်။ (ခ) နံနက်အိပ်ရာထရင် ၁၀ မိနစ်လောက် အချိန်ယူပြီး တစ်နေ့တာ လုပ်ကိုင်ရမယ့် ကိစ္စတွေကို စာရင်းပြုစုရင် ကောင်းတယ်။ (ဂ) လုပ်ကိုင်ရမယ့် ကိစ္စတွေထဲကအရေးကြီးတဲ့ကိစ္စကို ဦးစားပေးပြီး ဆောင်ရွက်ရမယ်။ (ဃ) အရေးကြီးတဲ့ကိစ္စနဲ့ အရေးမကြီးတဲ့ ကိစ္စကို ကြီးစဉ်ငယ်လိုက် ဆောင်ရွက်ဖို့ နေ့စဉ်အချိန်ဇယားချထားရမယ်။ (င) အချိန်ဇယားအတိုင်း လုပ်ကိုင်စရာရှိတာကို ပြီးစီးအောင် ကြိုးစားလုပ်ရမယ်။ အချိန်ဆွဲတတ်တဲ့ အကျင့်ရှိရင် ရှောင်ရမယ်။ (စ) နေ့စဉ် ဇယားအတိုင်း လုပ်ကိုင်စရာရှိတာကို ဆောင်ရွက်နေချိန်မှာ အနှောင့်အယှက်တွေပေါ်လာရင် အာရုံမပျက်စေနဲ့၊ အချိန်မပေးနဲ့။ (ဆ) အလုပ်တစ်ခုနဲ့ တစ်ခုအကြားမှာ အနားယူရမယ်၊ ပြန်လည်သုံးသပ်ဖို့ အချိန်ပေးရမယ်။ (ဇ) ကိစ္စတစ်ခုဆောင်ရွက်ဖို့ အမှန်တကယ် အကူအညီလိုလာရင် သင့်တော်သလို အကူအညီတောင်းဖို့ ဝန်မလေးရဘူး။ အဲဒါ အချိန်စီမံခန့်ခွဲမှု ကျွမ်းကျင်လာအောင် လေ့ကျင့်ရမယ့်နည်းပရိယာယ်တွေပါပဲ”

ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top