Healthy Life Ad
Life Style

ကြောက်စိတ်ကို အနိုင်ယူခြင်း (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စာရေးသူနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ သူနာပြုအေမီက သူခံစားနေရတဲ့ စိုးရိမ်စိတ်လွန်ကဲရောဂါတွေအကြောင်းကို ဆက်လက်မေးမြန်းပါတယ်။

“ကျွန်မခံစားနေရတဲ့ ရောဂါမျိုးက လူတွေထဲမှာ ဖြစ်ပွားမှုနှုန်းများသလား ဒေါက်တာ၊ ကျွန်မကြည့်ရှုနေရတဲ့ လူနာတွေထဲမှာ သိပ်ပြီးမတွေ့ရလို့ မေးကြည့်တာပါ”

“ဒီလိုရှိပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးဌာနက အခမဲ့အစိုးရကျန်းမာရေးဝန်ဆောင်မှုဋ္ဌာန ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကုသပေးရတဲ့ လူနာတွေက စိတ်ကစဉ့်ကလျားရောဂါ၊ စိတ်ကြွစိတ်ကျရောဂါနဲ့ တခြားစိတ္တဇရောဂါရှင်တွေ များပါတယ်။ စိုးရိမ်စိတ်လွန်ကဲရောဂါ ခံစားနေရသူအများစုကတော့ အထွေထွေဆေးကုသခန်းနဲ့ ပုဂ္ဂလိက စိတ်ကျန်းမာရေးဆေးခန်းတွေမှာ ကုသမှုခံယူတတ်ကြပါတယ်။ ဒါပေမဲ့ ပြည်သူလူထုအတွင်းမှာ စိုးရိမ်စိတ်လွန်ကဲရောဂါဖြစ်နှုန်းက မနည်းလှပါဘူး။ တစ်နှစ်အတွင်းတွေ့ရတဲ့ ရောဂါဖြစ်နှုန်းကိုကြည့်ပါ။

“အထွေထွေစိုးရိမ်ပူပင်စိတ်လွန်ကဲရောဂါ (၅ ရာခိုင်နှုန်း)၊ ထိန်းမနိုင်သိမ်းမရ ထိတ်လန့်ကြောက်ရွံ့ရောဂါ (၂ ဒသမ ၃ ရာခိုင်နှုန်း)၊ ကွင်းပြင်ကျယ်နဲ့ ကျဉ်းမြောင်းပိတ်လှောင်နေရာ အကြောက်လွန်ရောဂါ (၂ ရာခိုင်နှုန်း)၊ လူကြောက်လူရှောင်ရောဂါ (၂ ရာခိုင်နှုန်း)နဲ့ သီးသန့်အရာ အကြောက်လွန်ရောဂါ (၇ ဒသမ ၆ ရာခိုင်နှုန်း) ရှိပါတယ်။ နောက်ပြီး စိုးရိမ်ပူပန်စိတ်များတဲ့ ရောဂါနှစ်မျိုးရှိသေးတယ်။ “အစွဲအလန်းလွန်ကဲ ထပ်တလဲလဲပြုမူရောဂါက ဝဒသမ၈ ရာခိုင်နှုန်းနဲ့ ဘေးအန္တရာယ်ရင်ဆိုင်ပြီးဖြစ်တဲ့ စိတ်ဖိစီးမှုရောဂါ (PTSD)က ၁ ဒသမ ၂ ရာခိုင်နှုန်းရှိပါတယ်။

ဒါကြောင့် တစ်နှစ်အတွင်း စိုးရိမ်စိတ်ကြောက် စိတ်လွန်ကဲရောဂါအားလုံးကို တွက်ကြည့်ရင် ရောဂါဖြစ်နှုန်းက ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ စာရေးသူစကားဆုံးတော့ အေမီက သူ့အမြင်ကို ပြောပြပါတယ်။

“ဒေါက်တာ ပြောတာမှန်ပါတယ်။ ကျွန်မက အခမဲ့ အစိုးရစိတ်ကျန်းမာရေးဋ္ဌာနမှာပဲ လုပ်ကိုင်ဖူးတော့ စိုးရိမ်စိတ်၊ ကြောက်စိတ်လွန်ကဲရောဂါမှာ အသုံးပြုတဲ့ စိတ်ကုထုံးတေါမှာ အတွေ့အကြုံနည်းပါတယ်။ ဒေါက်တာရှင်းပြနိုင်မလား”

အေမီရဲ့ တောင်းဆိုချက်ကို စာရေးသူ မငြင်းဆန်နိုင်ပါဘူး။

“ကျွန်တော်တို့ဆွေးနွေးနိုင်ပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလိုပေါ့။ အေမီအတွက်လည်း အကျိုးရှိမယ်။ အေမီကြည့်ရှုရမယ့် လူနာတွေအတွက်လည်း အကျိုးရှိမယ်။ ပထမဆုံး အထွေထွေစိုးရိမ်ပူပင်စိတ် လွန်ကဲရောဂါ (Generalised Anx­iety Disorder) (GAD) (ဂျီအေဒီ)မှာ အသုံးပြုတဲ့ စိတ်ကုထုံးများအကြောင်း ပြောပြမယ်”

“ဘာကြောင့်လဲ ဆရာ”

စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

“ဂျီအေဒီရောဂါလက္ခဏာတွေကို တခြားစိုးရိမ်စိတ်လွန်ကဲရောဂါတွေမှာလည်း အမြဲလိုလို တွေ့ရှိရပါတယ်။ ဒါကြောင့် “ဂျီအေဒီ”ရောဂါကုထုံးကို တခြားကြောက်စိတ်၊ စိုးရိမ်စိတ်လွန်ကဲရောဂါတွေကို ကုသတဲ့အခါ ထည့်သွင်းသုံးစွဲနိုင်ပါတယ်”

အေမီက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

“ဂျီအေဒီရောဂါလက္ခဏာတွေ သက်သာဖို့၊ ကြွက်သားပြေလျော့နည်း၊ စိတ်ပြေလျော့နည်း လေ့ကျင့်ခန်းတွေကို အသုံးပြုနိုင်ပါတယ်။ ဟုတ်ပါသလား ဒေါက်တာ”

“မှန်ပါတယ် အေမီ၊ အဲဒါကုထုံးတစ်ခု ဖြစ်ပါတယ်။ ကြွက်သားပြေလျော့လေ့ကျင့်ခန်းလုပ်ရင်၊ စိုးရိမ်ကြောင့်ကြစိတ်ကြောင့် ဖြစ်ပွားလာတဲ့ စိတ်တင်းကျပ်မှုနဲ့ ခန္ဓာကိုယ်လက္ခဏာတွေကို သက်သာစေပါတယ်။ ကျွန်တော်တို့အသုံးပြုတဲ့ တခြားကုထုံး ငါးမျိုးလည်းရှိသေးတယ်”

အေမီက သူရဲ့နေ့စဉ်မှတ်တမ်းစာအုပ်မှာ မှတ်စုရေးဖို့ပြင်ဆင်ပြီး တောင်းဆိုပါတယ်။ “ပြောပြပါ ဒေါက်တာ”

စာရေးသူက လက်ဖက်ရည်ကြမ်းတစ်ကျိုက် သောက်လိုက်ပြီး ရှင်းပြပါတယ်။

“ကုထုံးတွေကတော့- (၁) အတွေးအခေါ်ပြုပြင်ပေးကုထုံး (Cognitive Therapy)၊ (၂) စိုးရိမ်သောကကို ရင်ဆိုင်ပေးကုထုံး (Exposure To worry)၊ (၃) စိုးရိမ်သောက အားပေးအပြုအမူကို တားဆီးပေးကုထုံး (Worry Behavior Prevention)၊ (၄) အချိန်စီမံခန့်ခွဲနည်းလေ့ကျင့်ခန်း (Time Management) နဲ့ (၅) ပြဿနာဖြေရှင်းနည်း လေ့ကျင့်ခန်း (Problem Solving)တို့ ဖြစ်ပါတယ်။ အခုပြောခဲ့တဲ့ ကုထုံးကုနည်းတွေကို အေမီလည်း သိပြီးဖြစ်ပါလိမ့်မယ်။ သူနာပြုအေမီက လေသံနှိမ့်ချပြီး ပြောပါတယ်။

မိမိစိုးရိမ်ပူပန်နေတဲ့ ကိစ္စကအမှန်တကယ် အန္တရာယ်ရှိတယ်လို့ ထင်မြင်သတ်မှတ်မိကြတယ်။ စွဲစွဲမြဲမြဲယုံကြည်နေတာတော့ မဟုတ်ဘူး။ အဲဒီလို စိုးရိမ်စိတ်လွှမ်းမိုးနေတဲ့ အတွေးတွေကို တန်ဖိုးထားလွန်းတယ်။ လက်ရှိပြင်ပလောကမှာ ဖြစ်နိုင်ခြေထက် ပိုပြီး အန္တရာယ်ကို ပုံကြီးချဲ့စဉ်းစားမိကြပါတယ်။ အဲဒီအတွေးမျိုးကို ပြုပြင်ပေးရပါတယ် . . .

“ကျွန်မလေ့လာဖူးပါတယ်။ ဒေါက်တာရှင်းပြနိုင်ရင် ပိုပြီးကောင်းတာပေါ့”

“ကောင်းပါပြီ။ ပထမ(၁) “အတွေးအခေါ်ပြုပြင်ပေးကုထုံး”အကြောင်းကို ရှင်းပြမယ်။ “ဂျီအေဒီ”ရောဂါရှင်တွေမှာ အတွေးအခေါ်လွဲချော်နေတာရှိပါတယ်။ မိမိစိုးရိမ်ပူပန်နေတဲ့ ကိစ္စက အမှန်တကယ် အန္တရာယ်ရှိတယ်လို့ ထင်မြင်သတ်မှတ်မိကြတယ်။ စွဲစွဲမြဲမြဲ ယုံကြည်နေတာတော့မဟုတ်ဘူး။ အဲဒီလို စိုးရိမ်စိတ်လွှမ်းမိုးနေတဲ့ အတွေးတွေကို တန်ဖိုးထားလွန်းတယ်။ လက်ရှိပြင်ပလောကမှာ ဖြစ်နိုင်ခြေထက်ပိုပြီး အန္တရာယ်ကို ပုံကြီးချဲ့စဉ်းစားမိကြပါတယ်။ အဲဒီအတွေးမျိုးကို ပြုပြင်ပေးရပါတယ်”

အေမီက နှုတ်ခမ်းရွဲ့ပြပြီး ဆင်ခြေတတ်ပါတယ်။

“ဒီလိုဆိုတော့ စိုးရိမ်စိတ်လွန်ကဲလက္ခဏာတွေ ခံစားနေရတာက အမှန်တကယ်မဟုတ်ဘူး။ လူနာက ပုံကြီးချဲ့ပြီး လုပ်ကြံပြောဆိုနေတာလို့ ပြောချင်တာလား”

စာရေးသူက အပြင်းအထန်ကန့်ကွက်ပြီး ဖြေရှင်းချက်ပေးပါတယ်။

“အဲဒီလို မဟုတ်ပါဘူး။ အေမီရဲ့ လူနာတွေလည်း ဒီလိုအထင်အမြင်လွဲမသွားအောင် သတိပေးရမယ်။ လူနာကြောက်ရွံ့စိုးရိမ်နေတာက ပြင်ပလောကနဲ့ မကိုက်ညီတာ၊ ယုတ္တိမတန်တာတော့ မှန်တယ်။ ဒါပေမဲ့ လူနာက တမင်သက်သက် ပုံကြီးချဲ့ပြီး ကြံဖန်စဉ်းစားညည်းတွားနေတာ မဟုတ်ပါဘူး။ လူနာရဲ့စိတ်ထဲကို “အလိုအလျောက်ဝင်ရောက်လာတဲ့ အဆိုးမြင်အတွေး” (Automatic Negative Thoughts) တွေသာဖြစ်ပါတယ်။ တိုတိုပြောရရင် နောက်ပေါက်က ခိုးဝင်လာတဲ့ အတွေးဆိုးတွေဆိုပါတော့။ အဲဒီအတွေးဆိုးတွေကို လူနာကိုယ်တိုင် သတိထားမိဖို့ လိုအပ်တယ်။ အချိန်မီ သတိစိတ်နဲ့ဖမ်းယူပြီး တန်ပြန်တိုက်ဖျက်ပေးရပါတယ်”

အေမီက ကြားဖြတ်ပြီး မေးမြန်းတယ်။

“ဘယ်လို တွန်းလှန်တိုက်ဖျက်ပေးနိုင်သလဲ ဒေါက်တာ”

“မြန်မာနိုင်ငံမှာ သုံးစွဲလေ့ရှိတဲ့ စကားပုံတစ်ခုရှိပါတယ်။ သတိမမူ ဂူမမြင်၊ သတိမူရင် မြူမှုန်ကိုတောင် မြင်နိုင်တယ်တဲ့။ လူနာကို ဒုက္ခပေးနေတဲ့ စိုးရိမ်လွန်အတွေးဆိုးလေးတွေကို အသိနဲ့ဖမ်းယူပြီး စာရင်းပြုစုရမယ်။ ဥပမာ-အေမီရဲ့ လူနာက အလုပ်ပြုတ်တော့မှာလားလို့ ကြိုတင်ပူပင်တဲ့ စိုးရိမ်လွန်ကဲ စိတ်ရှိနေတယ်ဆိုပါတော့။ အဲဒီစိုးရိမ်ပူပင်စိတ်ကို နောက်ကမီးထိုးပေးနေတဲ့ “အလိုအလျောက်အတွေးဆိုး”လေးတွေကလည်း ရှိနေလိမ့်မယ်။ လူနာကိုယ်တိုင်က အဲဒီအတွေးဆိုးလေးတွေကို ကြံဖန်စဉ်းစားနေတာမဟုတ်ဘူး။ သူ့အလိုအလျောက် နောက်ကပါလာလာ။ “ရုံးမှာ ငါအမှားတွေလုပ်မိတယ်”၊ “သူများတွေလောက် ငါကအလုပ်မှာ မကျွမ်းကျင်ဘူး၊ အထက်အရာရှိရဲ့ အမူအရာက ငါ့ကို မနှစ်မြို့သလိုပဲ” စတဲ့ အတွေးမျိုးတွေ ဖြစ်ပါတယ်။

အသိစိတ်နဲ့အားထုတ်ပြီး သတိထားကြည့်ရင် အဲဒီလိုအတွေးဆိုးလေးတွေကို လူနာက သိမြင်လာနိုင်တယ်။ အဲဒါကို စာရင်းပြုစုခိုင်းတယ်။ လူနာနဲ့ တွေ့ဆုံဆွေးနွေးတဲ့နေ့မှာ အဲဒီအတွေးဆိုးလေးနဲ့ ဆန့်ကျင်တဲ့ ဖြစ်ရပ်မှန်ကိုထောက်ပြပြီး ဆွေးနွေးပါတယ်။ အတွေးဆိုးလေးတွေ ယုတ္တိမတန်တာကို ဆင်ခြင်စဉ်းစားတတ်အောင် လေ့ကျင့်ပေးပါတယ်။ အဲဒါကတော့ “အတွေးအခေါ် ပြုပြင်ပေးကုထုံး”ရဲ့ အခြေခံသဘောပါပဲ။ လူနာကိုယ်တိုင် အကြိမ်ကြိမ်လေ့ကျင့်ဖို့တော့ လိုအပ်ပါတယ်။

(၂) စာရေးသူ စကားဆုံးတော့ အေမီက “စိုးရိမ်သောကကို ရင်ဆိုင်ပေးကုထုံး” အကြောင်း မေးမြန်းပါတယ်။

“ကြောက်တာကို ရင်ဆိုင်စေတဲ့ကုထုံး (Exposure Therapy)က တစ်စုံတစ်ခုကို အကြောက်လွန်ရောဂါ (Phobia)မှာ အသုံးပြုတာ မဟုတ်ဘူးလား။ “ဂျီဒီအေ” ရောဂါမှာလည်းအသုံးပြုပါသလား”

အေမီခွဲခြားနားလည်နိုင်အောင် ရှင်းပြဖို့ လိုပါတယ်။

“အကြောက်လွန်ရောဂါမှာ လူနာကြောက်တဲ့အရာက ပြင်ပလောကမှာ အကောင်အထည်နဲ့ ရှိနေပါတယ်။ ဒါကြောင့် ကိုယ်ထိလက်ရောက် ထိတွေ့ပေးတဲ့ ကုသနည်းကိုသုံးတယ်။ “ဂျီအေဒီ”ရောဂါ မှာတော့ ပြင်ပလောကမှာ “အမှန်တကယ်ရှိနေတဲ့အရာ”ကို လူနာက ကြောက်တာမဟုတ်ပါဘူး။ အနာဂတ်မှာဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင်ပူပန်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် လူနာစိုးရိမ်သောက ပွားများနေတဲ့ကိစ္စကို စိတ်ကူးထဲမှာ ရင်ဆိုင်စေပါတယ်။

ဥပမာ-အေမီရဲ့ လူနာက အလုပ်ပြုတ်မှာကို (မလိုအပ်ဘဲ) စိုးရိမ်ပူပင်စိတ်များနေတယ် ဆိုပါတော့။ ကုသနည်းက ဒီလိုပါ။ လူနာကို အလုပ်ဖြုတ်ခံရတဲ့ နေ့တစ်နေ့အကြောင်း စိတ်ကူးယဉ်စဉ်းစားခိုင်းရမယ်။ အရာရှိက ခေါ်ယူတွေ့ဆုံတာ၊ အပြစ်တင် ကြိမ်းမောင်းတာ၊ အမှားတွေကိုထောက်ပြတာ၊ အလုပ်ထွက်တော့လို့ပြောတာ . .စတဲ့ မြင်ကွင်းကို စိတ်ထဲမှာ ထင်ထင်ရှားရှားမြင်လာအောင် စိတ်ကူးစေမယ်။ အဲဒီမြင်ကွင်းနဲ့အတူ ခံစားလာရမယ့်ကြောက်စိတ်နဲ့ ခန္ဓာကိုယ်လက္ခဏာတွေကိုလည်း အာရုံပြုနေဖို့ တိုက်တွန်းမယ်။ ကြောက်စိတ်ဒဏ်ကိုမခံနိုင်လို့ အဲဒီအတွေးအာရုံတွေကို ဖျောက်မပစ်ရဘူး။ စိတ်ထဲမှာအာရုံစိုက်ပြီး မြင်အောင်ရှုနေရမယ်”

အေမီက ကြားဖြတ်မေးတယ်။

“ဘယ်လောက်ကြာအောင် အဲဒီလိုစဉ်းစားခိုင်းရမှာလဲ”

“တစ်ကြိမ် အနည်းဆုံး နာရီဝက်လေ့ကျင့်ရမယ်။ တစ်နာရီအထိလေ့ကျင့်နိုင်ရင် ပိုပြီးထိရောက်ပါတယ်။ နေ့စဉ် အကြိမ်ကြိမ်လေ့ကျင့်နိုင်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top