Healthy Life Ad
Health Tips

ဆောင်းတွင်းတစ်လျှောက်လုံးအသားအရေတောက်ပစိုပြေနေစေရန်

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ဆောင်းရာသီထဲ ချည်းနင်းဝင်ရောက်လာတဲ့အခါ တိုက်ခတ်လာတဲ့ လေပြေလေညှင်းတွေက အေးမြနေတာကြောင့် အသားအရေရဲ့ အစိုဓာတ်က လျော့ကျသွားပါတယ်။ ရာသီဥတုပိုမို အေးမြလာတာနဲ့အမျှ အသားအရေက ပိုမိုခြောက်လာတဲ့အပြင် ကြမ်းတမ်းတာ၊ အက်တာနဲ့ယားယံတာတို့လည်း ဖြစ်လာပါတယ်။

အသားအရေ ခြောက်သွေ့မှုကို တွန်းလှန်ပါ
ဆောင်းရာသီမှာ အေးမြတဲ့ လေထုက အသားအရေရဲ့ အစိုဓာတ်ကို ဖယ်ရှားလိုက်တာကြောင့် ပင်ကိုယ် အသားအရေ ခြောက်သွေ့သူနဲ့ အသက်ကြီးသူတွေဆိုရင် ပိုပြီး ဒဏ်ခံရတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ အရေပြားရဲ့ သဘာဝအစိုဓာတ်ထုတ်နိုင်စွမ်းက တဖြည်းဖြည်း လျော့ကျလာပါတယ်။ ဒါ့အပြင် အရေပြားဆဲလ် အသစ်ဖြစ်နှုန်းက လျော့ကျလာတာကြောင့် ခြောက်သွေ့နေတဲ့ အရေပြားဆဲလ်မျက်နှာပြင်ဟာ ကွာကျနိုင်ဖို့ ပိုမိုခက်ခဲလာပါတယ်။ ဒါကြောင့် အသားပပ်နေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစိုဓာတ်ကောင်းကောင်းပါဝင်တဲ့ အသားအလှဆီတွေကို ရွေးချယ်အသုံးပြုပါ။

ရေချိုးချိန်ကို ကန့်သတ်ပါ
ဆောင်းရာသီမှာ ရေကို စိမ်ပြေနပြေမချိုးသင့်ပါဘူး။ အထူးသဖြင့် ကြက်သီးနွေးရေနဲ့ ရေချိုးတဲ့အခါ အချိန်ကာလကို လျှော့ချဖို့ လိုအပ်ပါတယ်။ အေးမြတဲ့ နံနက်ခင်းမှာ ကြက်သီးနွေးရေဟာ သက်သောင့်သက်သာရှိစေပေမယ့် အရေပြားရဲ့ သဘာဝအဆီဓာတ်ကိုကွာကျစေပြီး အသားအရေ ခြောက်သွေ့ကာ ယားယံစေနိုင်ပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ် မှီဝဲပါ
တူနာငါး၊ ဆယ်လ်မွန်ငါး၊ သစ်ကြားသီး အစရှိတဲ့ အစာတွေထဲမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ အသားအရေ ခြောက်သွေ့မှုကို လျော့ကျစေပါတယ်။ သင်စားတဲ့ အစာကနေ အိုမီဂါ ၃ ဖက်တီးအက်စစ် အလုံအလောက်မရရင် အားဆေးကို မှီဝဲသင့်ပါတယ်။

ခရင်မ်အမျိုးအစား သန့်စင်ဆေး သုံးပါ
ဆောင်းရာသီမှာ မျက်နှာနဲ့ ခန္ဓာကိုယ်အတွက် သုံးတဲ့ သန့်စင်ဆေးဟာ နို့အမျိုးအစားဖြစ်လေ၊ ပိုကောင်းလေပါ။ ကြမ်းတမ်းတဲ့ ကြေးချွတ်ပစ္စည်းပါတဲ့ အမျိုးအစားကိုရှောင်ပြီး နူးညံ့တဲ့ သန့်စင်ဆေးတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

အစိုဓာတ်ထိန်းခရင်မ် များများ လိမ်းပါ
ရေချိုးပြီးစအချိန်မှာ မျက်နှာနဲ့ ခန္ဓာကိုယ်အရေပြားကိုခြောက်သွေ့အောင် သုတ်ရင်း တစ်ပြိုင်တည်းမှာအဆီအခြေခံခရင်မ်ကို လိမ်းပေးပါ။ ရာသီဥတု အေးမြမှုကြောင့် အသားအရေ မခြောက်သွေ့စေဖို့ အစိုဓာတ်များများပါတဲ့ လိုးရှင်းကို လိမ်းပေးဖို့ လိုပါတယ်။ အရေပြားကနေ အစိုဓာတ် စုပ်ယူနိုင်စွမ်း ကောင်းမွန်စေဖို့ ကြက်သီးနွေးရေထည့်ထားတဲ့ ရေစိမ်ကန်ထဲ ခရင်မ်အနည်းငယ်ထည့်ကာ ရေစိမ်ချိုးပေးပါ။

အိပ်ရာမဝင်မီ အစိုဓာတ် ထိန်းပါ
တစ်နေ့မှာ အနည်းဆုံး နှစ်ကြိမ် အသားအရေကို အစိုဓာတ်ထိန်းပေးတာ အကောင်းဆုံးပါ။ မနက်ရေချိုးပြီးချိန်နဲ့ ညကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ခါနီးအချိန်တွေမှာ အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် လိုးရှင်းကိုလိမ်းပေးပါ။ အိပ်နေစဉ် ခန္ဓာကိုယ် အပူချိန်အနည်းငယ် မြင့်တက်နေတဲ့အတွက် အစိုဓာတ်ထိန်းခရင်မ်ထဲက ပါဝင်ပစ္စည်းတွေက အရေပြားထဲ ကောင်းကောင်းစိမ့်ဝင်ရောက်ရှိသွားစေပါတယ်။

လက်အိတ်၊ ခြေအိတ်ဝတ်ပြီး အိပ်ပါ
အိပ်ရာဝင်ခါနီး အချိန်မှာ လက်နဲ့ခြေထောက်တွေကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းပြီး ချည်သားလက်အိတ်၊ ခြေအိတ်ဝတ်ကာ အိပ်စက်ပါ။ ဒါဆိုရင် အစိုဓာတ်အငွေ့ပျံမှာကို ဟန့်တားပေးနိုင်ပြီး အရေပြားထဲ ခရင်မ်ကို ပိုမိုထိ ထိရောက်ရောက် စိမ့်ဝင်ရောက်ရှိကာ အသားအရေ စိုပြည်နူးညံ့စေပါတယ်။

မျက်ဝန်းများကို ကာကွယ်ပါ
အသက် ၄၀ ဝန်းကျင်မှာ မျက်ရည်ထွက်နှုန်း လျော့ကျလာပါတယ်။ သွေးဆုံးချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် အမျိုးသမီးတွေက မျက်စိခြောက်သွေ့နိုင်ခြေ ပိုများပါတယ်။ သွေးတိုးကျဆေးနဲ့ ကိုလက်စထရောကျဆေး စတေတင်အပါအဝင် တချို့ဆေးဝါးတွေဟာ မျက်စိခြောက်သွေ့နိုင်ခြေ များစေပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ မျက်စိခြောက်သွေ့မှု သက်သာစေဖို့ လေထုစိုထိုင်းဆများ တဲ့နေရာမှာနေပါ။ အပြင်သွားတဲ့အခါ မျက်စိတွေကို လေထုဒဏ်မခံရအောင် ကာကွယ်နိုင်ဖို့ နေကာမျက်မှန်တပ်ပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောမှီဝဲမှုကို တတ်နိုင်သမျှ လျှော့ချပါ။

ဆံပင်သား စိုပြည်ကျန်းမာပါစေ
အေးမြတဲ့ ရာသီဥတုအတွင်း လေထုစိုထိုင်းဆလျော့ကျစေပြီး ဆံပင်သားခြောက်သွေ့ကြမ်းတမ်းရတတ်ပါတယ်။ ဒါကြောင့် သံလွင်ဆီ၊ အုန်းဆီအစရှိတဲ့ ဆံပင်လိမ်းအဆီကို ဦးရေပြားမှာလိမ်းရင်း ဆံပင်သားခြောက်သွေ့ကြမ်းတမ်းမှု လျော့ကျအောင် ကာကွယ်သင့်ပါတယ်။

နေ့စဉ် ခေါင်းမလျှော်ပါနှင့်
ဆောင်းရာသီမှာ နှစ်ရက်-သုံးရက် တစ်ကြိမ် ခေါင်းလျှော်ပါ။ နေ့တိုင်း ခေါင်းလျှော်တာကြောင့် ဆံပင်သားရှိ သဘာဝ အဆီဓာတ်တွေကို လျော့ပါးကုန်ခမ်းသွားစေပါတယ်။ ဒါက ဆံပင်ဖြောင့်တာ၊ အခြောက်ခံတာနဲ့ တူညီတဲ့ ဆံပင်သား နွမ်းနယ်ခြောက်သွေ့မှုကို ဖြစ်ပေါ်စေပါတယ်။

ခေါင်းမလျှော်မီ ဆံပင်လိမ်းဆီ လိမ်းပါ
ခြောက်သွေ့နေတဲ့ ဆံပင်သားကို ခေါင်းမလျှော်ခင် ဂျိုဂျိုဘားအလှဆီ၊ လာဗန်ဒါဆီ၊ Shea Butter တို့ကို လိမ်းပေးပါ။ ခေါင်းမလျှော်ခင် တစ်နာရီအလိုမှာ ဆံပင်လိမ်းဆီ လိမ်းပေးရင် ဆံပင်သားကို စိုပြည် ကျန်းမာစေပါတယ်။ ဆံပင်လိမ်းဆီလိမ်းပြီး ခေါင်းစွပ် (Shower cap) စွပ်ထားတာ၊ နွေးထွေးစိုစွတ်တဲ့ တဘတ်အုပ်ပေးတာတို့ကို လုပ်ဆောင်တာကြောင့် ဆံပင်သားထဲအဆီစိမ့်ဝင်ရောက်ရှိမှုများ စေပါတယ်။ သင့်ဆံပင်က နူးညံ့ပျော့ပျောင်းနေရင် ဒီနည်းလမ်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါ။ သင့်ဆံပင်က ကြမ်းတမ်းနေရင် တစ်ပတ်နှစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ ပြီးရင် အစိုဓာတ်ထိန်းနိုင်တဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။ နောက် ဆုံးမှာ Ceramide ပါတဲ့ ကွန်ဒီရှင်နာကို သုံးပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင် ဆံပင်သားပျော့ပျောင်း တောက်ပြောင်စေပါတယ်။

မှန်ကန်သော ခေါင်းဘီး အသုံးပြုပါ
ဆံပင် ပုံဖော်ချင်ရင် ဝါးဘီးနဲ့ ဖြီးပါ။ သတ္တု၊ ပလတ်စတစ်၊ နိုင်လွန်နဲ့ လုပ်ထားတဲ့ ဘီးတွေထက် အဆီဓာတ်ကို ပိုမိုကပ်ငြိစေပြီး ဆံပင်သားကို ထိခိုက်မှုအနည်းဆုံးဖြစ်စေပါတယ်။

(Ref;Prevention)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top