Healthy Life Ad
Life Style

ငရုပ်သီးစပ်စပ် စားလွန်းခြင်းနှင့် အစာအိမ်အူလမ်းကြောင်းကျန်းမာရေး

ပါမောက္ခဦးအေးမွန် (ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း)

မေး ။ ငရုတ်သီးအစပ်စာတွေ စားလွန်းတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဘယ်လိုဝေဒနာတွေ ဖြစ် ပေါ်တတ်ပါသလဲ ဆရာ။
ဖြေ ။ အပူအစပ်စာတွေကို စားလွန်းတာကြောင့် အဖြစ်များတဲ့အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာ ကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရောင်ရမ်းမှု ဖြစ်တာပါ။ ပိုဆိုးလာရင်တော့ ဝမ်းလျှောဝမ်းပျက်တာ၊ ဗိုက်အောင့်တာ စတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ရောဂါအနေနဲ့ပြောရရင် အစာအိမ် ရောင်ရမ်းတာ (Gastritis) ကို ဖြစ်စေနိုင်ပါတယ်။ အူသိမ်မှာဆိုရင် ဗိုက်ရစ်နာတာနဲ့ လေထိုးလေအောင့်တာစတဲ့ Intestinal Colic ကို ဖြစ်စေနိုင်ပြီး အူမကြီးမှာဆိုရင် အူမကြီးရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ ဝမ်းခဏခဏ သွားတာ၊ သွားတဲ့ ဝမ်းထဲမှာ သွေးနဲ့အချွဲပါတာတွေကို ဖြစ်စေတတ်ပါတယ်။ ဒါက ပိုးဝင်တာကြောင့် ဖြစ်တာပါ။

မေး ။ တချို့သူတွေမှာ ငရုတ်သီးအစပ်ကိုနည်းနည်းစားရုံနဲ့တောင် ဝမ်းလျှောတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒါဘာကြောင့်ပါလဲဆရာ။
ဖြေ ။ တချို့လူတွေမှာ ငရုတ်သီးကို နည်းနည်းပဲစားရင်တောင် ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်အောင့်တာတွေ ဖြစ်တာက ငရုတ်သီးနဲ့ မတည့်လို့ပါ။ အဲဒီအခြေအနေကို Allergic Condition လို့ ခေါ်ပြီး သူတို့က ငရုတ်သီးကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

မေး ။ နေ့စဉ်ဆိုသလို ငရုတ်သီးစားလွန်းတာ များရင်ကော ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါသလား ဆရာ။
ဖြေ ။ နေ့စဉ်ဆိုသလို ငရုတ်သီးစားလွန်းတာ များတဲ့သူတွေကတော့ ဝမ်းမလျှောတော့ဘဲ ဝမ်းချုပ်တာမျိုး ကိုတောင် ဖြစ်စေနိုင်ပါတယ်။ လိပ်ခေါင်းရောဂါရှိတဲ့ သူတွေမှာဆိုရင် ငရုတ်သီးအစားများတာကြောင့် ဝမ်းပိုချုပ်နိုင်ပြီး ရောဂါအခြေအနေ ပိုဆိုးတတ်ပါတယ်။

မေး ။ ငရုတ်သီးမှာ ကောင်းတဲ့ အာနိသင်တွေပါဝင်တယ်လို့ သုတေသနတွေမှာဖော်ပြထားတာကို တွေ့ ရပါတယ် ဆရာ။ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် ငရုတ်သီးက ကောင်းကျိုးပေးတာမျိုးကော ရှိနိုင်ပါ သလားဆရာ။
ဖြေ ။ ငရုတ်သီးစိမ်းမှာ အင်တီအောက်ဆီးဒင့်နဲ့ ကပ်ဆိုက်စင်(Capsaicin)တွေ ပါဝင်တာကြောင့် ကိုယ် အလေးချိန်ကို လျော့ကျစေပါတယ်၊ အစာစားချင် စိတ်ကိုဖြစ်ပေါ်စေပါတယ်၊ နှလုံးကို ကျန်းမာစေတယ်၊ နုပျိုစေတယ်စသဖြင့် သုတေသနတွေက ဖော်ပြထားပေမယ့် ဘယ်လောက်ပမာဏ စားရင် ကောင်းတယ်ဆိုတာကိုတော့ အတိအကျ မသိသေးပါဘူး။

ငရုတ်သီးကတော့ အစာအိမ်ရဲ့ အချွဲမြှေး (Mucosa)တွေအတွက် ကောင်းကျိုးမပေးနိုင်ပါဘူး။ ရောင်ရမ်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အမြဲတမ်းလိုလို အများကြီးစားရင် အ စာအိမ်နဲ့အူလမ်းကြောင်းရဲ့ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ စားမိတဲ့ငရုတ်သီးက မသန့်ရှင်းရင် ထိခိုက်မှုကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။

မေး ။ ငရုတ်သီးက မသန့်ရှင်းရင် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာကကော မှန်ပါသလား ဆရာ။
ဖြေ ။ ဟုတ်ပါတယ်။ ငရုတ်သီးက မလတ်ဆတ်ရင်၊ သိုလှောင်ပုံ စနစ်မကျရင် Aflatoxin လို့ခေါ်တဲ့ မှို ပါဝင်ပြီး အဲဒီမှိုကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။
မသန့်ရှင်းတဲ့ ငရုတ်သီးကို ဘယ်လောက် များများစားပြီး ဘယ်လောက်ကြာကြာစားရင် ဖြစ်နိုင်သ လဲဆိုတာမသိနိုင်ပေမယ့် အသည်းကင်ဆာဖြစ်စေနိုင်တယ်လို့တော့ အကြမ်းဖျဉ်းသိထားသင့်ပါတယ်။

မေး ။ အစာအိမ်အူလမ်းကြောင်းမှာ ဘယ်လို အခြေခံရောဂါတွေရှိရင် အပူအစပ်စာတွေကို အထူးရှောင်ကြဉ် သင့်ပါသလဲ ဆရာ။
ဖြေ ။ အစာအိမ်အနာ (Peptic ulcer)ရှိရင် ရောဂါကို ပိုဆိုးသွားစေတာကြောင့် အပူအစပ်စာတွေကို မစား သင့်ပါဘူး။ နောက်တစ်ချက်က လိပ်ခေါင်းရှိရင်၊ စအိုကွဲနာရှိရင်၊ စအိုဝမှာ ပြည်တည်နာလို ကူးစက်ပိုး ဝင်နေတာမျိုးတွေရှိရင်လည်း ငရုတ်သီးကို ရှောင်သင့်ပါတယ်။ ငရုတ်သီးစားရင် ဝမ်းချုပ်ပြီး ဝမ်းကို ပိုညှစ်ရတာကြောင့် ရှောင်သင့်တာ ဖြစ်ပါတယ်။

မေး ။ ငရုတ်သီးကဲတဲ့ အပူအစပ်စာတွေ စားတာနဲ့ပတ်သက်ပြီး အများပြည်သူကို ဘယ်လိုပညာပေးလိုပါ သလဲဆရာ။
ဖြေ ။ လူအများစုဟာ ငရုတ်သီးကို ကြိုက်ကြပါတယ်။ ငရုတ်သီးအစိမ်း၊ အမှုန့်တွေကို စားကြတယ်။ အရ သာရှိတာလည်း အမှန်ပါပဲ။

တကယ်လို့ ငရုတ်သီးနည်းနည်းစားလိုက်တာနဲ့ ဝမ်းပျက်တာနဲ့ ဗိုက်အောင့်တာတွေ ဖြစ်ခဲ့ရင် ရှောင်သင့်ပါတယ်။ ငရုတ်သီးစားလို့ ဘာမှမဖြစ်ဘူးဆိုတဲ့ သူတွေကလည်း ကြာရှည်နဲ့များများစားရင် အစာအိမ်နဲ့အူလမ်းကြောင်းအတွက် အန္တရာယ်ရှိပါတယ်။

အထူးသဖြင့် ကိုယ်စားတဲ့ ငရုတ်သီးက မသန့်ရှင်းရင် ကြာလာတဲ့အခါ ကင်ဆာဖြစ်စေနိုင်ပါတယ်။
တကယ်လို့ ငရုတ်သီးအစပ်စားချင်တယ်ဆိုရင်တော့ သန့်သန့်ရှင်းရှင်းနဲ့ လတ်လတ်ဆတ်ဆတ် စား သင့်ပါတယ်။ တစ်ခါတလေ အနည်းငယ်စားတာကတော့ အန္တရာယ်မရှိပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top