Healthy Life Ad
Health Tips

အစာအိမ်အနာကြောင့် ဗိုက်အောင့်နေသလား

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အစာအိမ်ကထွက်ရှိတဲ့ အစာခြေအင်ဇိုင်း(Pepsin)က ပုံမှန်အခြေအနေမှာ မထကြွပေမယ့် အက်စစ်အထွက်များလာတဲ့အခါ အဲဒီအင်ဇိုင်းက ထကြွလာတတ်ပါတယ်။ အဲဒီအက်စစ်များလာရင် အစာအိမ်နဲ့ အူသိမ်နံရံကို စားပစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ခန္ဓာကိုယ်က ကိုယ်ခံအားကောင်းပြီး အနာကျက်အားကောင်းအောင် လုပ်နိုင်ရင်တော့ ဘာမှမဖြစ်ပါဘူး။ အဲဒီလိုမလုပ်နိုင်ရင်တော့ အနာဖြစ်ပြီး ဗိုက်အောင့်၊ ဗိုက်နာဝေဒနာတွေ ခံစားရတတ်ပါတယ်။

အက်စစ်အထွက်များပြီး ဗိုက်နာစေသည့် အခြေအနေများ

• စိတ်ဖိစီးမှုများရင်၊ သောကများရင် အက်စစ်တအားထွက်တတ်ပါတယ်။

• အစားအသောက်မမှန်ရင် အက်စစ်အထွက်များပြီး အစာအိမ်အနာ ဖြစ်စေနိုင်ပါတယ်။ နံနက်မိုးလင်းလို့ အက်စစ်အထွက်များနေချိန်မှာ အစာစားပြီး ပြန်ချေဖျက်ရပါတယ်။ အဲဒီလိုပဲ နေ့လယ်နဲ့ညတွေမှာလည်း အက်စစ်အထွက်များတဲ့ အချိန်တွေမှာ နေ့လယ်စာ၊ ညစာ ပုံမှန်စားပေးရပါမယ်။ ညအိပ်တဲ့အချိန်မှာတော့ အက်စစ်အထွက်နည်းသွားပါတယ်။

အစာအိမ်အနာဖြစ်ပြီး ဗိုက်အောင့်စေသည့် အခြေအနေများ

• အစားအသောက်တွေကို အပူအစပ်စာ၊ အစာကြမ်းကြမ်းမာမာ စတာတွေစားရင် အစာအိမ်နံရံကို ထိခိုက်စေပြီး ရောင်ရမ်းစေပါတယ်။

• အစာစားချိန် မှန်တာကြောင့် အစာအိမ်နံရံရဲ ့ ကိုယ်ခံအားစနစ်ကောင်းရင် အနာကျက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့သူ၊ ကင်ဆာဆေးမှီဝဲတဲ့သူတွေမှာ ကိုယ်ခံအားစနစ်က မကောင်းပါဘူး။ အဲဒီအချိန်မှာ အစာအိမ်အနာ ဖြစ်တတ်ပါတယ်။ မီးလောင်ထားတဲ့သူတွေမှာ ရေဓာတ်ခမ်းခြောက်မှုဖြစ်ပြီး သွေးပေါင်ကျကာ သွေးဝင်မှုနည်းပြီး အစာအိမ်အနာ ဖြစ်တတ်ပါတယ်။

အစာအိမ်ဝေဒနာ မဖြစ်စေရန် ကာကွယ်ရမည့်နည်းများ

ဗိုက်အောင့်၊ ဗိုက်နာ မဖြစ်စေဖို့ အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်ပြီး ကာကွယ်ရပါတယ်။

• နံနက်စာ၊ နေ့လယ်စာနဲ့ ညစာတို့ကို အချိန်မှန်မှန်စားပြီး အိပ်ရာဝင်တဲ့အခါ နွားနို့နဲ့ ဘီစကွတ်မုန့်ကို စားတာမျိုး လုပ်သင့်ပါတယ်။ အစာကြမ်း၊ အစာမာနဲ့ အပူအစပ်စာတို့ကို မစားသင့်ပါဘူး။

• နောက်တစ်ချက်က အစာစားတဲ့အခါ ဗိုက်တင်းနေအောင် မစားသင့်ပါ။ အကောင်းဆုံးကတော့ အစာကို နည်းနည်းနဲ့ မကြာခဏ စားပေးသင့်ပါတယ်။

• သန့်ရှင်းလတ်ဆတ်ပြီး အိမ်မှာချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို စားပေးဖို့ လိုပါတယ်။

• အလုပ်ကြိုးစားတဲ့သူတွေအနေနဲ့ အစာမစားဘဲ အလုပ်မလုပ်သင့်ပါဘူး။

• ဆေးလိပ်နဲ့ အရက်ကိုလည်း ရှောင်ရပါမယ်။ အကိုက်အခဲပျောက်ဆေးတွေကို မိမိသဘောနဲ့ မိမိ မသောက်သင့်ပါဘူး။ အစာစားပြီးမှ သောက်သင့်သလို လိုအပ်ရင် အစာအိမ်ဆေးနဲ့ တွဲသောက်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top