Healthy Life Ad
Health Tips

ဆောင်းတွင်းတွင် အသားအရေ ပိုမိုခြောက်သွေ့စေသည့် အချက်များ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

အသားအရေ ခြောက်သွေ့ယားယံရတဲ့ ယေဘုယျအကြောင်းရင်းက အစိုဓာတ် မရှိလို့ ဖြစ်ပါတယ်။ အသားအရေမှာ အစိုဓာတ်လျော့ပါးစေပြီး ခြောက်သွေ့မှုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို အအေးပိုတဲ့ ဆောင်းကာလမှာ ရှောင်ရှားနိုင်ဖို့ရာအတွက် အကြံပြုဝေမျှလိုက်ရပါတယ်။

အမွှေးရနံ့
အမွှေးရနံ့ဟာ ခြောက်သွေ့တဲ့ အသားအရေကိုယားယံစေသလို ပိုလည်းဆိုးစေပါတယ်။ ဒါကြောင့် အမွှေးရနံ့ ပြင်းလွန်းတဲ့ ချိုင်းချွေးနံ့ပျောက်ဆေး၊ အသားအရေထိန်းပစ္စည်းတွေကို ရှောင်သင့်ပါတယ်။ ဆောင်းရာသီမှာ သုံးမယ့် ဘော်ဒီလိုးရှင်းနဲ့ ခရင်မ်တွေဟာ ပျားရည်၊ ဗနီလာ၊ Cocoa Butter ၊ Shea Butter စတာတွေ ပါဝင်မှုရှိဖို့ လိုအပ်ပြီး အမွှေးရနံ့နည်းသင့်ပါတယ်။

ဆပ်ပြာ
ဘယ်အရာမှမျက်နှာသစ်ဆေးလောက် မျက်နှာ အသားအရေ အစိုဓာတ်ကို မလျော့ပါးစေနိုင်ပါဘူး။ ဒါကြောင့် မျက်နှာသစ်ဆေး၊ ကိုယ်တိုက်ဆပ်ပြာနဲ့ လက်ဆေးဆပ်ပြာတွေကို သေချာစနစ်တကျ ရွေးချယ်သင့်ပါတယ်။ အထူးသဖြင့် ကြမ်းတမ်းတဲ့ ကြေးချွတ်ပစ္စည်းတွေကို ရှောင်ပါ။ ဆောင်းတွင်းမှာ အပျော့စားဆပ်ပြာ (Mild Soap)ကို သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။

မျိုးဗီဇ
ခြောက်သွေ့တဲ့ အသားအရေက မျိုးရိုးလိုက်တတ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒီအချက်ကိုတော့ သင်ရှောင်လွှဲလို့ မရပါဘူး။ မျိုးဗီဇပြောင်းလဲသူတွေက အသားအရေခြောက်သွေ့ပြီး နှင်းခူဖြစ်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် အသားအရေ ခြောက်သွေ့နေရင် ဒါမှမဟုတ် အသားအရေ ခြောက်သွေ့တဲ့ မျိုးရိုးရှိရင် နေ့စဉ်နေ့တိုင်းအစိုဓာတ်ထိန်းဖို့လိုအပ်ပါတယ်။ Ceramides နဲ့ Lipids ပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ရွေးချယ်သုံးစွဲသင့်ပါတယ်။

ဝက်ခြံကုသဆေးများနှင့် ရက်တီနော
ဝက်ခြံကုသရာမှာ ပါဝင်တဲ့ ကြေးချွတ်ဆေးတွေဖြစ်တဲ့ ရက်တီနော၊ ဂလိုင်ကိုးလစ်အက်စစ်၊ ဆလီးဆလစ်အက်စစ်နဲ့ ဘန်ဇွိုင်းပါအောက်ဆိုက် တွေက အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံကုသဆေးတွေ သုံးနေတယ်ဆိုရင် မကြာခဏ သုံးတာကို လျှော့ချပါ၊ နူးညံ့တဲ့ မျက်နှာသစ်ဆေးကို သုံးပါ။

ခြောက်သွေ့သော လေထု
ဆောင်းတွင်းမှာတိုက်ခတ်တဲ့ အေးမြခြောက်သွေ့တဲ့ လေထုကြောင့် အသားအရေနဲ့ နှုတ်ခမ်းသားမှာ အစိုဓာတ်ခမ်းခြောက်ရတတ်ပါတယ်။ ဒီလက္ခဏာတွေ လျော့ပါးစေဖို့ ဟိုက်ဒရိုကော်တီစုန်း ခရင်မ် ၁ ရာခိုင်နှုန်းကို ရွေးချယ်ပါ။ ဒါက ရောင်ရမ်းမှုကိုပါ သက်သာစေတဲ့အတွက် အသားပပ်တာနဲ့ နှုတ်ခမ်းကွဲတာတို့ကို လျော့ပါးစေပါတယ်။

လက်ဆေးလွန်းခြင်း
ခြောက်သွေ့တဲ့ အသားအရေရှိသူတချို့က လက်ကို မကြာခဏ ဆေးကြောနေလေ့ရှိပါတယ်။ လက်ဆေးလွန်းတာကြောင့် အရေပြားခြောက်သွေ့ရတဲ့ဖြစ်စဉ်ကို လျှော့ချနိုင်ဖို့ လက်ဆေးပြီးပြီးချင်း လက်လိမ်းခရင်မ်ကိုလိမ်းပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top