Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၁၄) နားထဲမှာ အသံကြားရင် (၄)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

လှုံ့ဆော်မှုမဲ့ အကြားအာရုံမှား (နားထဲမှာ အသံကြားခြင်း)အကြောင်းကို ဆေးကျောင်းသားတွေနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။

ဆေးကျောင်းသားတစ်ယောက်က စတင်မေးမြန်းတယ်။

“စိတ်ရောဂါလူနာ နားထဲမှာအသံကြားရင် စိတ္တဇရောဂါကုသဆေး (Antipsychotic Drug)နဲ့ ကုသရတယ် မဟုတ်လား ဆရာ”

စာရေးသူက ပြည့်စုံအောင် ရှင်းပြပါတယ်။

“စိတ္တဇရောဂါကုသဆေးနဲ့ ကုသတာက အဓိက ကုသနည်းဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ကုထုံးကုနည်းကို ပစ်ပယ်ထားလို့ မရပါဘူး။ နားထဲမှာ အသံကြားနေရင် လူနာက သူ့ဝေဒနာကို သူ့နည်းသူ့ဟန်နဲ့ တုန့်ပြန်တတ်ပါတယ်။ အဲဒီအချက်ကို လေ့လာရမယ်”

“ဘယ်လိုတုန့်ပြန်တတ်သလဲ ဆရာ”

နားထဲမှာကြားရတဲ့ စကားပြောသံတွေ အမျိုးမျိုးရှိနိုင်တယ်။ လူနာကို အပြစ်တင်တဲ့ စကားပြောသံက ၇၇ ရာခိုင်နှုန်း၊ လူနာကို ဆဲရေးတိုင်းထွာစော်ကားနေတဲ့ အသံက ၇၀ ရာခိုင်နှုန်း၊ လူနာကို ခြိမ်းခြောက်ပြောဆိုတဲ့ စကားပြောသံက ၆၆ ရာခိုင်နှုန်းနဲ့ လူနာကို ချိုချိုသာသာပြောနေတဲ့ စကားက ၄၈ ရာခိုင်နှုန်းရှိပါတယ်။ အဲဒီလို အသံတွေကြားရင် . . .

“နားထဲမှာကြားရတဲ့ စကားပြောသံတွေ အမျိုးမျိုးရှိနိုင်တယ်။ လူနာကိုအပြစ်တင်တဲ့ စကားပြောသံက ၇၇ ရာခိုင်နှုန်း၊ လူနာကို ဆဲရေးတိုင်းထွာစော်ကားနေတဲ့ အသံက ၇၀ ရာခိုင်နှုန်း၊ လူနာကို ခြိမ်းခြောက်ပြောဆိုတဲ့ စကားပြောသံက ၆၆ ရာခိုင်နှုန်းနဲ့ လူနာကို ချိုချိုသာသာပြောနေတဲ့ စကားက ၄၈ ရာခိုင်နှုန်းရှိပါတယ်။ အဲဒီလိုအသံတွေကြားရင် လူနာက တနည်းနည်းနဲ့ တုန့်ပြန်ပြုမူတတ်တယ်။ ခံတိုက်တဲ့ လူနာရှိတယ်။ ဥပမာ-ပြန်လည်အော်ဟစ်ပြောဆိုတာ၊ မိမိကိုပြောနေတယ်လို့ ထင်တဲ့လူကို အကြမ်းဖက်တာတို့ ဖြစ်ပါတယ်။ တချို့ကတော့ အသံကို ရင်မဆိုင်ချင်လို့ တိမ်းရှောင်ပြေးတဲ့ အပြုအမူ အလေ့အထ ပေါ်ပေါက်လာတယ်။

ဥပမာ-နားထဲမှာ အသံကြားတိုင်း အရက်သောက်တာ၊ မူးယစ်ဆေးသုံးစွဲတာမျိုး ဖြစ်ပါတယ်။ တချို့ကတော့ အသံတွေကို အရှုံးပေးပြီး လှိမ့်ခံတယ်။ ဥပမာ-အခန်းထောင့်မှာ ကုတ်ပြီးထိုင်နေတာ၊ အိပ်ရာထဲမှာ ခွေအိပ်နေတာတို့ဖြစ်တယ်။ တချို့ကတော့ စကားပြောသံတွေကို နာခံပြီး သူတို့ပြောတဲ့အတိုင်း၊ အမိန့်ပေးတဲ့အတိုင်း ပြုလုပ်မိကြပါတယ်။

အဲဒီလို တုန့်ပြန်နည်းတွေက လူနာအတွက် အကျိုးမရှိပါဘူး။ မလိုလားအပ်တဲ့ တုန့်ပြန်ခြင်းမျိုးဖြစ်ပါတယ်။ ဆေးပညာမှာ အဲဒီလိုတုန့်ပြန်နည်းတွေကို “စိတ်ကျန်းမာရေးနဲ့ “မညီ”တဲ့ စီမံခန့်ခွဲနည်းပရိယာယ် (Unhealthy Coping Mechanism)လို့ခေါ်ပါတယ်။ ဒီတော့ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာရဲ့ အိမ်သူအိမ်သား ဆွေမျိုးမိတ်ဆွေတွေက ဘယ်လိုကူညီနိုင်မလဲ”

“ပြောပြပါ ဆရာ”

“နားထဲမှာ အသံကြားနေတဲ့လူနာကို ကူညီချင်ရင် ခင်ဗျားတို့မှာ မှန်ကန်တဲ့သဘောထားရှိဖို့လိုတယ်။ နားထဲမှာ အသံကြားနေတဲ့လူနာကို ဟာသလုပ်ပြီး ပျက်ချော်ချော် နောက်ပြောင်တာမျိုး မလုပ်သင့်ဘူး။ တချို့ကတော့ လူနာကို ဝေဖန်တာ၊ အပြစ်ပြောတာရှိမယ်။ အဲဒီလို အပြုအမူကိုလည်း ရှောင်ကြဉ်ရမယ်။ လူနာက ကြမ်းလာလို့၊ လူနာကို ကြိမ်းမောင်းတာ၊ ရန်ပြုတာမျိုးနဲ့ ပြန်လှန်တုန့်ပြန်တာ မလုပ်သင့်ဘူး။ တချို့ကတော့ လူနာကို သနားငဲ့ညှာလွန်ပြီး ကလေးတစ်ယောက်လို ပြုစုယုယနေတတ်တယ်။ အဲဒီလို တုန့်ပြန်ပုံကလည်း လူနာအတွက် ရေရှည်မှာအကျိုးမရှိဘူး။ ဒါက လူနာရဲ့ဝေဒနာကို ပိုဆိုးရွားလာစေတဲ့ဘေးက လူတွေရဲ့ အပြုအမူဖြစ်ပါတယ်။ အဲဒီလို အပြုအမူတွေကိုရှောင်ရမယ်။ လူနာကိုကူညီနိုင်တဲ့ ပထမခြေလှမ်းပဲ”

ဆေးကျောင်းသားတစ်ဦးက စာရေးသူရဲ့စကားကို သံယောင်လိုက်ပြီး မေးပါတယ်။

“ကျွန်တော်တို့ “ရှောင်”ရမယ့် ခြေလှမ်းတော့ သိပါပြီ။ “ဆောင်”ရမယ့် နောက်ထပ်ခြေလှမ်းက ဘာလဲဆရာ”

စာရေးသူက ကိုယ်ခန္ဓာရောဂါလက္ခဏာတစ်ခုကို ဥပမာပြုပြီး ရှင်းပြပါတယ်။

“အလွန်အမင်း ဗိုက်နာနေတဲ့လူက ဗိုက်ကိုနှိပ်ပြီး ညည်းတွားနေရင် အိမ်သူအိမ်သားတွေက ဘယ်လိုတုန့်ပြန်မလဲ၊ လူနာ ဗိုက်နာနေတယ်ဆိုတာကို အသိအမှတ်ပြုမယ်မဟုတ်လား၊ ဘယ်နေရာမှာ နာကျင်တာလဲ၊ ဘယ်လိုနာကျင်နေတာလဲ၊ ပျို့အန်လား၊ ဝမ်းပျက်လား စသဖြင့် အလေးထား မေးမြန်းမယ်မဟုတ်လား။ လူနာခံစားနေရတဲ့ ဝေဒနာကို လေးလေးနက်နက် သဘောထားပြီး ဆက်ဆံမယ်မဟုတ်လား။ လူနာက နားထဲမှာ အသံကြားနေတယ်လို့ပြောရင် အဲဒီလိုတုန့်ပြန်သင့်တယ်။ ဘယ်သူပြောတာကို ကြားနေလို့လဲ၊ သူတို့က ဘာတွေပြောနေလို့လဲ၊ အဲဒီစကားပြောသံတွေကြောင့် ခင်ဗျား ဘယ်လိုခံစားရသလဲ စသဖြင့် မေးမြန်းသင့်တယ်။ လူနာရဲ့အတွေ့အကြုံကို စိတ်ဝင်စားမှုရှိကြောင်း ပြသသင့်ပါတယ်။ လူနာကို စကားပြောနေသူ မရှိပေမယ့် လူနာဟာ နားထဲမှာ အသံတွေ အမှန်တကယ် ကြားနေရတာကို အသိအမှတ်ပြုသင့်ပါတယ်”

ဆေးကျောင်းသူတစ်ဦးက ဆင်ခြေတက်ပါတယ်။

“ဆရာ ပြောသလိုဆိုရင် လူနာကို စကားပြောနေတဲ့သူ အမှန်တကယ်ရှိတယ်လို့ သဘောတူထောက်ခံရာ မရောက်ဘူးလား ဆရာ”

“ခြားနားချက်ရှိပါတယ်”လို့ စာရေးသူက အစချီပြီး ဆက်လက်ရှင်းပြပါတယ်။

“လူနာ ခံစားနေရတဲ့ ဝေဒနာကို အသိအမှတ်ပြုတာက လူနာရဲ့ယုံကြည်ချက်ကို သဘောတူတာ မဟုတ်ပါဘူး။ လူနာရဲ့အတွေ့အကြုံကို လက်ခံပေမယ့် အဲဒီအတွေ့အကြုံဟာ ပြင်ပလောကမှာ အမှန်တကယ် မရှိနိုင်ဘူးဆိုတာကို ဖျောင်းဖျဆွေးနွေးနိုင်ပါတယ်။ ဥပမာ-အိမ်မှာ အတူနေထိုင်တဲ့ အမေနဲ့ သားဆိုပါတော့။ သားက “အမေရေ . . ကျွန်တော့် နားထဲမှာ အသံတွေကြားနေတယ်”လို့ ပြောရင် အမေက “သားရယ် . . အမေတော့ ဘာစကားပြောသံမှ မကြားမိဘူး”လို့ ထောက်ပြနိုင်တယ်။ သားက “သူတို့ ကျွန်တော် တစ်ယောက်တည်းကို ဦးတည်ပြောနေတာ”လို့ ဆင်ခြေတက်ရင် အမေက “သူတို့က ဘာကြောင့် ငါ့သားကိုပဲ သီးသန့်ပြောနိုင်သလဲ” လို့ ပြန်လည်မေးမြန်းနိုင်ပါတယ်။

လူနာရဲ့ အတွေ့အကြုံကို အသိအမှတ်ပြုပေမယ့် လူနာရဲ့ ယုံကြည်ချက်ကို ဆန်းစစ်ဝေဖန်ခိုင်းတာ ဖြစ်ပါတယ်။ အဲဒီလို အေးအေးဆေးဆေး ညင်ညင်သာသာ ဆွေးနွေးရင် လူနာရဲ့ဝေဒနာကို သက်သာစေနိုင်ပါတယ်။ အမှန်တကယ် အဖြစ်အပျက်နဲ့ စိတ်ရောဂါကြောင့် ခံစားရတဲ့ အတွေ့အကြုံကို ခွဲခြားနားလည်စေနိုင်ပါတယ်။ အဲဒါ ကျန်းမာရေးဝန်ထမ်းနဲ့ အိမ်သူအိမ်သားတွေ ကူညီနိုင်တဲ့ ဒုတိယခြေလှမ်းပဲ”

ဆေးကျောင်းသားတစ်ဦးက ပြုံးစိစိမျက်နှာထားနဲ့ ကြားဖြတ်မေးပါတယ်။

“တတိယခြေလှမ်းက ဘာလဲဆရာ”

စာရေးသူက ဆေးကျောင်းသားကို ပြန်လည်ပြုံးပြပြီး ဆက်လက်ရှင်းပြပါတယ်။

“နားထဲမှာ ကြားနေတဲ့အသံတွေကို လူနာကိုယ်တိုင် ထိန်းချုပ်နိုင်အောင် သင်ကြားပေးတာဖြစ်တယ်။ “စိတ်ကျန်းမာရေး”နဲ့ “ကိုက်ညီ”တဲ့ စီမံခန့်ခွဲနည်းပရိယာယ်” (Healthy Coping Technique)တွေလို့ ခေါ်ပါတယ်။

နံပါတ် (၁)က ‘အာရုံစူးစိုက်စေခြင်း’ (Focusing) ဖြစ်တယ်။ စကားပြောသံတွေကို အသိစိတ်နဲ့ အာရုံပြုခိုင်းတာ ဖြစ်ပါတယ်။ ဒီအသံတွေ ဘယ်ကလာတာလဲ၊ ငါ့ဦးခေါင်းထဲကလား၊ အပြင်ဘက်ကလား စသဖြင့် ဆန်းစစ်ဝေဖန်ခိုင်းရမယ်။ သူတို့ပြောတဲ့ အကြောင်းအရာတွေကို ဟုတ်မဟုတ်၊ မှန်မမှန် ဆင်ခြင်စဉ်းစားဖို့ လေ့ကျင့်ပေးရမယ်။ အသံတွေနဲ့ပတ်သက်ပြီး နေ့စဉ် မှတ်တမ်းရေးနိုင်ရင် အကျိုးရှိပါတယ်။ အဲဒီလို အသိစိတ်နဲ့ တမင်သက်သက်လေ့ကျင့်ရင် နားထဲမှာကြားနေတဲ့ အသံတွေအပေါ်မှာ လူနာက လွှမ်းမိုးအနိုင်ယူနိုင်လာလိမ့်မယ်။

ဒုတိယနည်းပရိယာယ်ကတော့ “အာရုံပြောင်းပေးခြင်း” (Distraction) ဖြစ်တယ်။ နားထဲမှာ အသံတွေကြားလာရင် တစ်ခုခုကို ပြောင်းလဲလုပ်လိုက်ရတယ်။ ဥပမာ- တီဗီ၊ ဗီဒီယိုကြည့်တာ၊ သီချင်းနားထောင်တာ၊ မိမိနှစ်သက်တဲ့ ဝါသနာတစ်ခုခုကို လုပ်ကိုင်တာ(ပန်းချီဆွဲတာ၊ ပန်းခြံစိုက်တာ)တို့ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုရှိတယ်။ နားကျပ် (Earphone)ကို အသုံးပြုပြီး သီချင်းနားထောင်ရင် နားထဲမှာ ကြားနေတဲ့အသံတွေ လျော့နည်းသွားနိုင်ပါတယ်။

တတိယနည်းကတော့ “စကားသံကို အသုံးပြုခြင်း” (Vocalisation) ဖြစ်ပါတယ်။ ဥပမာ-တစ်ယောက်ယောက်နဲ့ စကားပြောတာ၊ သီချင်းဆိုတာ၊ ညည်းချင်းဆိုတာတို့ ဖြစ်ပါတယ်။ တစ်ယောက်တည်းမနေဘဲ လူတွေနဲ့ ဆက်ဆံပြီး စကားပြောဖို့ အားပေးရမယ်။

နောက်ဆုံးနည်းပရိယာယ်ကတော့ စိတ်တင်းကျပ်မှုကို ဖြေလျှော့ခြင်းဖြစ်တယ်။ ဥပမာ-ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်တာ၊ ကြွက်သားဖြေလျှော့ လေ့ကျင့်ခန်းပြုလုပ်တာ၊ ယောဂလေ့ကျင့်ခန်းလုပ်တာ၊ ကမ္မဌာန်းတရားထိုင်တာ စတာတွေဖြစ်ပါတယ်။ စိတ္တဇရောဂါကုသဆေးကို မှန်မှန်သောက်ဖို့ သတိပေးရမယ်။ အခုပြောခဲ့တဲ့ Coping Technique တွေကို လေ့ကျင့်ဖို့အားပေးရမယ်။ အဲဒါ နားထဲမှာ အသံကြားနေတဲ့ လူနာကို ကူညီနိုင်တဲ့ နည်းတွေပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top