Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၁၃) နားထဲမှာ အသံကြားရင် (၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

လှုံ့ဆော်မှုမဲ့အကြားအာရုံမှား (Auditory Hallucination) သင်ခန်းစာကို ဆေးကျောင်းသား တွေနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။

“အခုဆက်လက်ပြီး ဆွေးနွေးရမှာက စိတ္တဇရောဂါကြောင့် နားထဲမှာ အသံကြားနေရတဲ့ လူနာ တွေအကြောင်း ဖြစ်ပါတယ်။ ဘယ်သူတင်ပြမလဲ”
စာရေးသူမေးခွန်းဆုံးတော့ ဆေးကျောင်းသားတစ်ဦးက လက်ထောင်ပြပြီးပြောပါတယ်။

“ကျွန်တော် တင်ပြမှာပါ။ လူနာက စိတ်ကစဉ့် ကလျားရောဂါ (Schizophrenia) ခံစားနေရပါတယ်။ အသက် ၃၀ ခန့်ရှိလူပျိုဖြစ်တယ်။ သူ့မိခင်နဲ့ အတူနေထိုင်ပါတယ်။ အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုမှာ ကူညီလုပ်ကိုင်ပေးပါတယ်။ စိတ်ရောဂါ ပြန်လည်ဆိုးရွားလာလို့ ဆေးရုံမှာ ကုသခံနေတာ ဖြစ်တယ်”
“စိတ်ရောဂါ ဘယ်လိုပြန်လည်ဆိုးရွားလာတာလဲ”
စာရေးသူရဲ့ အမေးကို ဆေးကျောင်းသားက အကျဉ်းချုံးဖြေကြားပါတယ်။

“ဆေးရုံမတက်ခင် တစ်လလောက်ကစပြီး လူနာက ဆေးမှန်မှန်မသောက်ဘူးလို့ သိရတယ်။ အိပ်မပျော်ရာက စပြီး စိတ်ကစဉ့်ကလျားရောဂါလက္ခဏာတွေ တဖြည်းဖြည်းဆိုးရွားလာတာပါ။ အခန်းထဲမှာ တစ်ယောက်တည်း စကားပြောနေတယ်။ လက်ဟန် ခြေဟန်တွေပြပြီး တစ်ဦးဦးနဲ့ စကားပြောနေသလို ပြုမူနေတယ်။ အကြောင်းမဲ့ ရယ်မောနေတာလည်း ရှိတယ်တဲ့။ မိခင်ရဲ့ လုပ်ငန်းမှာ အကူအညီမပေးနိုင်တော့ဘူး။ ဒါကြောင့် သူ့မိခင်က ဆေးရုံကိုခေါ်ဆောင်လာတာလို့ ပြောပါတယ်”
ဆေးကျောင်းသားတစ်ယောက်က ကြားဖြတ် မေးပါတယ်။

“နားထဲမှာ ဘာတွေ ကြားနေလို့လဲ”
လူနာကို လေ့လာထားတဲ့ ဆေးကျောင်းသားက ရှင်းပြပါတယ်။
“လူသုံးလေးယောက် စုပြုံစကားပြောနေတာကို လူနာက ဘေးကထိုင်နေတဲ့ လူတစ်ယောက်လို ကြားနေရတယ်။ အသံတွေက မျက်နှာကျက်ပေါ်က လိုလို၊ အခန်းအပြင်ဘက်ကလိုလို ဝင်လာတာတဲ့။ လူနာရဲ့အကြောင်းကို သူတို့အချင်းချင်း အတင်းပြောသလို ပြောနေကြတယ်။ တစ်ခါတစ်ရံ ဟာသနှောပြီး နောက်ပြောင်ပြောတာလည်းပါတယ်။ ဒါကြောင့် လူနာက အကြောင်းမဲ့ တစ်ယောက်တည်း ရယ်မောမိတာဖြစ်မယ်”
စာရေးသူက ကြားဖြတ်ပြီး ရှင်းပြပါတယ်။

“အဲဒီလိုလှုံ့ဆော်မှုမဲ့ အကြားအာရုံမှားလက္ခဏာကို “တတိယလူအနေနဲ့ အသံကြားနေရခြင်း” (Hearing As Third Person)လို့ ခေါ်တယ်။ စိတ်ကစဉ့်ကလျားရောဂါရဲ့ ရောဂါလက္ခဏာတစ်ခုပဲ အသံတွေက လူနာကို တိုက်ရိုက်ဦးတည်ပြောတာ လည်း ရှိသေးတယ်”
ဒီတော့ ဆေးကျောင်းသားတစ်ဦးက သူကြည့်ရှုထားတဲ့ လူနာအကြောင်း ပြောပြတယ်။

‘ငါက လူကောင်းမဟုတ်ဘူး၊ အပြစ်မကင်းသူဖြစ်တယ်။ ငါလုပ်မိတဲ့ အမှားတွေအတွက် အပြစ်ဒဏ်ခံသင့် တယ်။ ငါက ဘာမှ အသုံးကျသူ မဟုတ်ဘူး။ ငါမရှိရင် သူတို့အားလုံးအတွက်ကောင်းမယ်’စတဲ့ မှားယွင်းတဲ့ ယုံကြည်မှုတွေကို လက်ခံလာတတ်တယ်။ အဲဒီလို မှားယွင်းတဲ့ ယုံကြည်ချက်ကို ထောက်ခံတဲ့ စကား ပြောသံတွေလည်း နားထဲမှာ ကြားလာပါတယ် . . .

“ကျွန်တော့်လူနာကတော့ သူ့ကို တိုက်ရိုက် ဝေဖန်ပြောကြားတဲ့ အသံတွေကိုကြားရတယ် ဆရာ။ သူတစ်ခုခု လုပ်ရင် သူလုပ်သမျှတွေကို ဝေဖန်ပြောနေသံကြားရတယ်။ သူရေသောက်ဖို့ ပြင်လိုက်ရင် အသံက ပြောတယ် . .”ဟေ့လူ ရေမသောက်နဲ့ဦး၊ ရေက ပူသေးတယ်၊ မင်းရေငတ်နေလို့လား”စတဲ့ ဝေဖန်သံမျိုးဖြစ်ပါတယ်”
စာရေးသူက ဖြည့်စွက်ပြောပြတယ်။

“အဲဒီလို လှုံ့ဆော်မှုမဲ့ အကြားအာရုံမှားကို “နောက်ကလိုက်ပြောဝေဖန်သံ”( Running Commentary)လို့ ခေါ်တယ်။ အဲဒါလည်း စိတ်ကစဉ့်ကလျားရောဂါမှာ တွေ့ရှိရတဲ့ လက္ခဏာတစ်ခုပဲ”
စာရေးသူ စကားဆုံးတော့ တခြားဆေးကျောင်း သားတစ်ဦးက သူလေ့လာထားတဲ့ လူနာအကြောင်းကို တင်ပြပါတယ်။

“ကျွန်တော် ကြည့်ရှုစစ်ဆေးခဲ့တဲ့ လူနာကတော့ သူ့နားထဲမှာ သူ့ကို လှုံ့ဆော်တိုက်တွန်းပေးတဲ့ စကားသံတွေကို ကြားနေတယ် ဆရာ။ “မင်းကို အိမ်နီးနားချင်းက ဒုက္ခပေးလိမ့်မယ်။ လက်ဦးအောင် လုပ်လိုက်”လို့ မကောင်းဆိုးရွားတစ်ဦးက ပြောနေသလို ကြားရတယ်။ ဒါကြောင့် လူနာက အိမ်နီးနားချင်းအိမ်ဘက်ကို အုတ်ခဲနဲ့ လှမ်းပေါက်တယ်တဲ့။ ဒီလိုနဲ့ အဲဒီလူနာ ဆေးရုံရောက်လာတာပါ”
“အဲဒီလို လှုံ့ဆော်မှုမဲ့အကြားအာရုံမှားလက္ခဏာကို အမိန့်ပေး လှုံ့ဆော်မှုမဲ့အကြားအာရုံမှား (Commanding Voices) လို့ ခေါ်ပါတယ်။ စိတ်ကစဉ့်ကလျားရောဂါမှာ တွေ့ရှိရတဲ့ တခြားလက္ခဏာတစ်ခုကတော့ မိမိအတွေးကို စကားပြောသံအဖြစ် ပြန်လည်ကြားနေတာ ဖြစ်ပါတယ်”
စာရေးသူ ပြောတဲ့ နောက်ဆုံးစကားကို နားမလည်သလို အမူအရာနဲ့ ဆေးကျောင်းသားတစ်ဦးက မေးမြန်းတယ်။
“ကိုယ့်အတွေးကို ကိုယ်ပြန်ကြားသလို ခံစားရတာက ဆရာ ပြောဖူးတဲ့ “ထင်ရှားပြတ်သားတဲ့ စိတ်ကူးဉာဏ်”ကြောင့်ဖြစ်တာ မဟုတ်ဘူးလား ဆရာ”
ဆေးကျောင်းသားရဲ့ မေးခွန်းကို ရှင်းပြဖို့ လိုပါတယ်။

“မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ခြားနားချက်တော့ ရှိတယ်။ စိတ်ကူးဉာဏ်ကြောင့် အသံကြားသလိုဖြစ်တာက ကိုယ့်ဦးခေါင်းထဲမှာသာ ခံစားရတဲ့ အတွေ့အကြုံပါ။ မိမိအတွေးကို ပြန်လည် ကြားရတဲ့ လက္ခဏာမှာတော့ အသံတွေက အပြင် ဘက်ကနေပြီး ဝင်ရောက်လာသလို ခံစားရပါတယ်။ ဥပမာ-လူနာက “ငါ ထမင်းစားချင်တယ်”လို့ စဉ်း စားလိုက်ရင် ပတ်ဝန်းကျင်တစ်နေရာက “ငါ ထမင်း စားချင်တယ်”လို့ ပြောနေတဲ့ အသံကို ကြားလာရတာမျိုး ဖြစ်တယ်။ ဆေးပညာမှာ အဲဒီလက္ခဏာကို “အတွေးပဲ့တင်သံလို ကြားရတာ”( Thought Echo) လို့ ခေါ်ပါတယ်။ အခုအထိ ဆရာတို့ ပြောခဲ့တာကတော့ စိတ်ကစဉ့်ကလျားရောဂါမှာ တွေ့ရှိရတဲ့ လှုံ့ဆော်မှုမဲ့ အကြားအာရုံမှားလက္ခဏာတွေ ဖြစ်ပါတယ်။ စိတ်ကစဉ့်ကလျားရောဂါရှင် ၇၀ ရာခိုင်နှုန်းမှာ အဲဒီလိုလက္ခဏာတွေကို တွေ့ရှိရမယ်”
စာရေးသူစကားဆုံးတော့ ဆေးကျောင်းသူတစ်ယောက်က မေးခွန်းထုတ်ပါတယ်။

“စိတ်ကျရောဂါမှာနားထဲ အသံကြားရတဲ့ လက္ခဏာရှိသလား ဆရာ”
“ပြင်းထန်တဲ့ စိတ်ကျရောဂါတစ်မျိုးဖြစ်တဲ့ ‘စိတ္တဇစိတ်ကျရောဂါ’(Psychotic Depression) ခံစားရရင် နားထဲမှာ အသံကြားတတ်ပါတယ်။ ဘာကြောင့် ဒီမေးခွန်းကို မေးတာလဲ”
ဆေးကျောင်းသူက ပြန်လည်အဖြေပေးပါတယ်။

“ကျွန်မတင်ပြမယ့် လူနာတစ်ဦးက စိတ်ကျရောဂါ ခံစားနေရသူ ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင် လူနာကို စမ်းသပ်ကြည့်တော့ သူ့နားထဲ အသံတွေ ကြားနေတယ်လို့ ပြောတယ် ဆရာ”
စာရေးသူက ထပ်ဆင့် မေးမြန်းတယ်။

“လူနာက ဘယ်လိုစကားပြောသံတွေကို ကြားနေရလဲ”
ဆေးကျောင်းသူက သူတွေ့ရှိထားတာကို ပြောပြပါတယ်။

“နင့်မှာ အပြစ်ရှိတယ်။ နင်က ကောင်းတဲ့လူ မဟုတ်ဘူး။ နင့်ကြောင့် အိမ်သားတွေ ဒုက္ခရောက်တော့မယ်။ နင်မနေသင့်တော့ဘူး” စတဲ့ စကားပြော သံတွေကို ကြားရတယ်တဲ့။ သူ စဉ်းစားလို့ ဦးခေါင်းထဲမှာ အသံကြားသလို မဟုတ်ဘူး။ အိမ်ထောင့် တစ်နေရာက လူတစ်ယောက် စကားပြောနေသလို ကြားရတာတဲ့”
ဆေးကျောင်းသားတွေ နားလည်သဘောပေါက်အောင် ရှင်းပြဖို့ လိုအပ်ပါတယ်။

“စိတ်ခံစားမှုနဲ့ လိုက်ဖက်တဲ့ လှုံ့ဆော်မှုမဲ့ အကြားအာရုံမှားဆိုတာ ရှိပါတယ်။ စိတ်ကျရောဂါရှင်ဟာ မိမိကိုယ်ကိုယ် အပြစ်မြင်နေတတ်တယ်။ “ငါက လူကောင်းမဟုတ်ဘူး၊ အပြစ်မကင်းသူဖြစ်တယ်။ ငါလုပ်မိတဲ့ အမှားတွေအတွက် အပြစ်ဒဏ်ခံသင့် တယ်။ ငါက ဘာမှ အသုံးကျသူ မဟုတ်ဘူး။ ငါမရှိ ရင် သူတို့အားလုံးအတွက် ကောင်းမယ်”စတဲ့ မှားယွင်းတဲ့ ယုံကြည်မှုတွေကို လက်ခံလာတတ်တယ်။ အဲဒီလိုမှားယွင်းတဲ့ ယုံကြည်ချက်ကို ထောက်ခံတဲ့ စကားပြောသံတွေလည်း နားထဲမှာ ကြားလာပါတယ်။ အဲဒီလို လက္ခဏာတွေကို တွေ့ရှိရင် အထူးဂရုစိုက် ကြည့်ရှုဖို့ လိုအပ်တယ်။ မိမိကိုယ်ကိုယ် အန္တရာယ်ပြုဖို့ အလားအလာများပါတယ်”
စာရေးသူရဲ့နောက်ဆုံးစကားကို အကျကောက်ပြီး ဆေးကျောင်းသားတစ်ဦးက မေးခွန်းထုတ်ပါတယ်။

“နားထဲမှာ အသံကြားတဲ့လက္ခဏာကြောင့် ဘယ်လိုအန္တရာယ်ဖြစ်ပွားနိုင်ပါသလဲ ဆရာ”
‘မေးသင့်မေးထိုက်တဲ့မေးခွန်းပါ’လို့ အစချီပြီး စာရေးသူက ဆက်လက်ဖြေကြားတယ်။

“နားထဲမှာ ကြားနေတဲ့ အသံတွေကို လူနာက ဘယ်လိုတုန့်ပြန်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တချို့လူနာက နားထဲမှာ ကြားနေတဲ့ အသံတွေကို မိတ်ဆွေသူငယ်ချင်းဟောင်းလို သဘောထားလာ တတ်တယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်လာပါတယ်။ တချို့ကတော့ နားထဲမှာ ဆူညံနေတဲ့ အသံတွေရဲ့ ဒဏ်ကို မခံနိုင်ဘူး။

စိတ်ထဲမှာ ရှုပ်ထွေးတင်းကြပ်လာပြီး တစ်စုံတစ်ခုကို လက်လွတ်စပယ် ပြုမူတတ်ကြတယ်။ တချို့ကတော့ စကားသံတွေက လှုံ့ဆော်တိုက်တွန်းအမိန့်ပေးတာကို မတွန်းလှန်နိုင်ဘဲ မိမိကိုယ်ကိုယ် အန္တရာယ်ပြုတာ၊ တခြားသူအပေါ် အကြမ်းဖက်တာတို့ပြုမူလာတတ်ပါတယ်။ ဒါကြောင့် အိမ်သားတစ်ဦးဦးက နားထဲမှာ အသံကြားနေတယ်လို့ ပြောလာရင် အချိန်မီကုသပေးသင့်တယ်”
“စိတ္တဇရောဂါကုသဆေးသောက်ဖို့တိုက်တွန်းရမှာလား ဆရာ”
“ဒါ့ထက်ပိုပြီး ကူညီပံ့ပိုးပေးနိုင်ပါတယ်”
_ _ _

– ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top