Healthy Life Ad
Q & A

၀ိတ်ချရင်း တုန်တုန်ယင်ယင်ဖြစ်နေတယ် . . .

မေး. ကျွန်တော်ငယ်ငယ်က အငန်များများစားပါတယ်။ စဖြစ်တာတော့ ခေါင်းမူး၊ ခေါင်းနောက်လာတယ်။ သွားပြကြည့်တော့ သွေးနည်းနည်းတိုးနေတယ်လို့ ပြောတယ်။ နောက်ပိုင်း အစားမရှောင်တော့ သွေးတိုးတာပိုဆိုးလာပါတယ်။ ကိုယ်အလေးချိန်က ပေါင်ချိန် ၁၆၀ကျော်လို့ဆိုပြီး ဝိတ်ချပါတယ်။ ၃ လပေါ့။ မနက်ပိုင်း ကြက်ဥပြုတ်တစ်လုံးစား၊ နေ့လယ်ပိုင်း ဘီစကစ်နည်းနည်းစား၊ ညနေ ၂ နာရီခွဲ ထမင်းနည်းနည်းစားပြီး လေ့ကျင့်ခန်းလုပ်ပါတယ်။ အဲဒီအချိန်မှာ ဝိတ်တော့ကျလာတယ်။ အငန်တွေတော့စားမိပြီး သွေးပြန်တက်တယ်။ ဝမ်းကလည်း အမြဲချုပ်တယ်၊ ဆေးရုံတက်လိုက်ရတယ်။ ဆေးရုံရောက်တော့ နှလုံးတွေ၊ ကျောက်ကပ်တွေ ဓာတ်မှန်တွေစစ်တယ်။ ကောင်းတယ်ပြောတယ်။ အခုကျွန်တော်ဖြစ်နေတာက တစ်ခါတစ်ခါသွေးအားနည်းသလို ရိပ်ခနဲရိပ်ခနဲဖြစ်နေပါတယ်။ အာရုံကြာကြာ စိုက်မရပါ။ ရိပ်ခနဲ ရိပ်ခနဲ မကြာခဏဖြစ်ပါတယ်။ ဝမ်းကလည်း ဝမ်းနုတ်ဆေးစားမှ သွားပါတယ်။ ဘာဖြစ်မှန်းမသိလို့ ဖြေကြားပေးစေလိုပါတယ်။ ဇက်ကြောကလည်း ဝမ်းမသွားတဲ့နေ့ဆို အမြဲတက်နေပါတယ်။ တစ်ခါတလေ လက်တွေတုန်တုန်ယင်ယင် ဖြစ်ပါတယ်။
Thant Shin (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အငန်ကလည်း စွဲစေတဲ့ ဓာတ်ပါတယ်။ လူတွေရဲ့ လျှာအနောက်မှာ Taste Bud လေးတွေရှိတယ်။ အဲဒီ Taste Bud တွေက အငန်စားရင် ကြိုက်သွားတတ်တဲ့ သဘောရှိတယ်။ အဲဒီကနေ ဦးနှောက်ထဲကို အချက်ပြသင်္ကေတ (Signal) ပို့လိုက်တယ်။ ဦးနှောက်ကနေ အငန်စားတာကို ကြိုက်ကြောင်းပြပြီး နောက်နေ့ကျတော့လည်း အငန်စားချင်စိတ် ဖြစ်ပေါ်တယ်။ ဒီလိုနည်းနဲ့ လူတွေက အငန်စားရတာကို စွဲလမ်းလာတယ်။ ဥပမာ ငပိကြော်စားရင် ပထမတစ်ပတ်မှာ တစ်ဇွန်းပဲ စားတယ်ဆိုပါစို့။ နောက်တစ်ပတ်လောက်နေတော့ နှစ်ဇွန်းစားရမှ ကျေနပ်တယ်။

ဒီလိုနည်းနဲ့ မြန်မာလူမျိုးအတော်များများက အငန်စွဲသွားပါတယ်။ ဒါကြောင့် သွေးတိုးပါတယ်။ အစားအသောက်ကို ရှောင်တဲ့အခါမှာလည်း ၇ ရက်နဲ့ ၁၀ ရက်ကြားလောက် စောင့်ရမယ်။ အစာရှောင်ရင်း ၇ရက်နဲ့ ၁၀ ရက်လောက် ကြာလာတဲ့အခါ Taste Bud လေးတွေ အသစ်ဖြစ်လာပြီး အရသာအသစ်ကို ၇ ရက်လောက် စားပြီးတာနဲ့ ဦးနှောက်က မှတ်ထားလိုက်တယ်။ အငန်မပါတဲ့အစာကို စားတတ်သွားပြီ။ ဒါကြောင့် ကြိုးစားပြီး အငန်မပါတဲ့ အစားအသောက်ကို စားမယ်ဆိုရင် တစ်ပတ်နဲ့ ၁၀ ရက်ပဲ စောင့်စရာလိုပါတယ်။ ဒီလိုနည်းနဲ့ အငန်ကို ဖျောက်ဖျက်ပါ။

ကိုယ်အလေးချိန် ချတဲ့နေရာမှာ မနက်ကြက်ဥပြုတ်တစ်လုံးစားတယ်၊ နေ့လယ် ဘီစကစ်မုန့်စားတယ်၊ ညနေထမင်းစားတယ်၊ လေ့ကျင့်ခန်းလုပ်တယ် . . ဝိတ်တော့ကျလာတယ်၊ ဒါပေမဲ့ အစာကို အလွန်အမင်း ဖြတ်လိုက်တဲ့အတွက် နည်းစနစ်တကျမမှန်ကန်ပါဘူး။ တကယ်တမ်း စနစ်တကျနဲ့ ဝိတ်ချမယ်ဆိုရင် အသီးအရွက်နဲ့ အသားကိုစားပြီး ဝိတ်ချရပါမယ်။ အခုစားတာက နေ့လယ်မှာ ဘီစကစ်မုန့်ပဲဆိုတော့ ရေဓာတ်လည်း သိပ်ကျသွားတယ်။ အသီးအရွက်နဲ့ သစ်သီးမစားတဲ့အတွက် ဝမ်းချုပ်ပါတယ်။ ဝိတ်ချတဲ့သူတွေမှာ များသောအားဖြင့် အစားအသောက်ကို လျှော့လိုက်တယ်။ အစားလျှော့တာနဲ့အမျှ ရေဓာတ်ကလည်း လျော့သွားတယ်။ အဲဒီအတွက် ဝမ်းချုပ်တယ်။

ဖြစ်နိုင်မယ်ဆိုရင် ရေကို တစ်နေ့နှစ်လီတာအပြည့် သောက်ရပါမယ်။ ပြီးရင် အသီးအရွက်နဲ့ သစ်သီးကိုစားရပါမယ်။ ဝိတ်ချတာက ဘီစကစ်မုန့်နဲ့ ချမယ့်အစား အရွက်သုပ်တစ်ပွဲ ဒါမှမဟုတ် အရွက်ကြော်ဆီနည်းနည်းနဲ့ တစ်ပွဲစားပြီး ဝိတ်ချတာက ပိုသင့်တော်ပါတယ်။ ကိုယ်အလေးချိန်ကို စနစ်တကျ ချချင်ရင် ကစီဓာတ်၊ အသားဓာတ် လျှော့ချရပါမယ်၊ ပြီးတော့ စနစ်တကျ စားသောက်ပြီး ဝိတ်ချမှသာ မူးတာ၊ ဝမ်းချုပ်တာ၊ တုန်တုန်ယင်ယင်ဖြစ်တာတွေ ကင်းဝေးမှာပါ။ တကယ်လို့ ဝိတ်ချချင်တယ်ဆိုရင် အာဟာရဆိုင်ရာ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး စနစ်တကျ ကိုယ်အလေးချိန်ချဖို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top