Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၁၄) နားထဲမှာ အသံကြားရင် (၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

ယခင်အပတ်က “လှုံ့ဆော်မှုမဲ့ အကြားအာရုံမှား” အကြောင်းပြောပြပြီးတော့ ဆေးကျောင်းသားတွေကို စာရေးသူက တာဝန်ပေးလိုက်ပါတယ်။

“နောက်တစ်ပတ်အတွက် ခင်ဗျားတို့လေ့လာခဲ့ရမယ့်အချက်ကို မှာလိုက်မယ်။ စိတ်ရောဂါကုသဆောင်မှာ တက်ရောက်ကုသနေတဲ့ လူနာတွေထဲက “လှုံ့ဆော်မှုမဲ့အကြားအာရုံမှား” (Auditory Hallucination) လက္ခဏာရှိတဲ့လူနာကို ရွေးချယ်ရမယ်။ ဆေးကျောင်းသားတစ်ဦး လူနာတစ်ယောက်စီ ရွေးချယ်တင်ပြရမယ်”

ဒါကြောင့် ဒီနေ့သင်ခန်းစာစတော့ ဆေးကျောင်းသားတစ်ဦးက လူနာတစ်ယောက်အကြောင်းကို စတင်ပြောကြားပါတယ်။

“ကျွန်တော်စစ်ဆေးခဲ့တဲ့ လူနာက အသက် ၂၀ကျော် အမျိုးသမီးဖြစ်ပါတယ်။ အရင်က စိတ်ရောဂါဖြစ်ပွားဖူးတဲ့ ရာဇဝင်မရှိပါဘူး။ ဒါပေမဲ့ မူးယစ်ဆေးမကြာခဏ သုံးစွဲတဲ့အလေ့အထတော့ရှိတယ်။ ဆေးရုံတက်ရတဲ့နေ့က ပါတီပွဲတစ်ခုမှာ လူနာက မူးယစ်ဆေးမျိုးစုံ သုံးစွဲမိတယ်လို့ ဆိုပါတယ်။ အိမ်ပြန်ရောက်တော့ သူ့နားထဲမှာ စကားပြောသံတွေကြားနေလို့ အော်ကြီးဟစ်ကျယ် တစ်ယောက်တည်း စကားပြောနေတယ်တဲ့။ မိဘနဲ့ အိမ်သားတွေက သူရဲ့အခြေအနေကို စိုးရိမ်လို့ ဆေးရုံကိုခေါ်ဆောင်လာကြတာပါ။ အဲဒီလူနာလှုံ့ဆော်မှုမဲ့ အကြားအာရုံမှား ခံစားရတာက မူးယစ်ဆေးသုံးစွဲလို့ ဖြစ်တာလားဆရာ”

ဆေးကျောင်းသားက မေးခွန်းနဲ့ အဆုံးသတ်လိုက်လို့ စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

“မူးယစ်ဆေးကြောင့် နားထဲမှာ အသံကြားလာတာမျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ မူးယစ်ဆေး အမျိုးအစားပေါ်မှာ မူတည်ပါတယ်။

“ဘယ်မူးယစ်ဆေးမျိုးက လှုံ့ဆော်မှုမဲ့ အကြားအာရုံမှားလက္ခဏာရရှိစေသလဲဆရာ”

“မေးသင့်မေးထိုက်တဲ့ မေးခွန်းပါ”လို့ ပြောပြီး စာရေးသူက ဆက်ပြီးပြောတယ်။

“အကြမ်းအားဖြင့်ပြောရရင် ဦးနှောက်အတွင်း ဒိုပါမင်း (Dopamine) အာရုံကြောဆက်သွယ်မှုကို လှုံ့ဆော်ပေးတဲ့ ဆေးမျိုးတွေက လှုံ့ဆော်မှုမဲ့ အကြားအာရုံမှားကိုဖြစ်ပွားစေပါတယ်။ ဥပမာ-စိတ်ကြွဆေးဖြစ်တဲ့ ကိုကိန်း၊ အမ်ဖီတာမိုင်း (Amphetamine)၊ အိုင်းစ်(ice) ဒါမှမဟုတ် Crystal Methamph­etamine၊ စိတ်ကြွရူးသွပ်ဆေး (Exstasy၊MDMA) ရူးသွပ်ဆေးတစ်မျိုး (LSD) စတာတွေဖြစ်ပါတယ်။ အဲဒီလိုဆေးမျိုးကို သောက်သုံးရင် ဆေးမူးနေတဲ့အချိန်မှာ နားထဲမှာ အသံကြားတာ၊ အရောင်မျိုးစုံ ပုံသဏ္ဍာန်မျိုးစုံ မြင်တွေ့တာ၊ သံသယစိတ်လွန်ကဲလာတာ၊ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်တာ စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ခင်ဗျားတင်ပြတဲ့ အမျိုးသမီးက စိတ်ကြွရူးသွပ်မူးယစ်ဆေးတစ်မျိုးမျိုးကို သုံးစွဲမိလို့ ဖြစ်နိုင်ပါတယ်”

စာရေးသူစကားအဆုံးမှာ ဆေးကျောင်းသားတစ်ဦးက ကြားဖြတ်မေးပါတယ်။

“ဆေးခြောက်သုံးစွဲရင် လှုံ့ဆော်မှုမဲ့အာရုံမှား လက္ခဏာရရှိနိုင်သလား ဆရာ။ ဆေးခြောက်သုံးစွဲတာကြောင့် စိတ္တဇရောဂါ(ရူးသွပ်ခြင်း)လက္ခဏာ မရရှိနိုင်ဘူးလို့ သူငယ်ချင်းတချို့က ပြောတယ်ဆရာ”

စာရေးသူက တိတိကျကျအဖြေပေးပါတယ်။

“ဆေးခြောက်သုံးစွဲဖို့ ခင်ဗျားကို တိုက်တွန်းတာဖြစ်မှာပေါ့။ အဲဒီအယူအဆက “မမှန်ကန်”ပါဘူး။ ဆေးခြောက်ထဲမှာ ဓာတုပစ္စည်းပေါင်း ၄၀ဝ ကျော်ပါရှိတယ်။ အဲဒီအထဲမှာ THC လို့ခေါ်တဲ့ ကာနာဘီနောလ် (Canabiol)ဓာတ်နဲ့ တခြားကာနာ ဘီနောလ်ဓာတ်သုံးမျိုးက အဓိကဖြစ်တယ်။ ကာနာဘီနောလ်ဓာတ်ကြောင့် စိတ္တဇရောဂါလက္ခဏာတွေ ဖြစ်ပွားနိုင်ပါတယ်။

သြစတြေးလျနိုင်ငံမှာ အသက် ၁၄ နှစ်အထက် လူငယ်တွေထဲမှာ ၁၀ ရာခိုင်နှုန်းက ဆေးခြောက်သုံးစွဲဖူးကြောင်း သိရတယ်။ တချို့က တစ်ကြိမ်တစ်ခါသုံးစွဲတယ်၊ တချို့က မကြာခဏသုံးစွဲတယ်၊ တချို့ကတော့ အမြဲလိုလို သုံးစွဲတဲ့အကျင့် ရရှိလာပါတယ်။ ဆေးခြောက်ကြောင့် စိတ္တဇရောဂါလက္ခဏာ ဖြစ်ပွားပုံအမျိုးမျိုး ရှိနိုင်ပါတယ်။ (က) ဆေးခြောက်မူးနေချိန်မှာ လှုံ့ဆော်မှုမဲ့ အကြားအာရုံ၊ အမြင်အာရုံ မှားခံစားရတာ၊ (ခ) ဆေးခြောက်ရေရှည်သုံးစွဲရင် စိတ်ကစဉ့်ကလျား စိတ္တဇရောဂါလို စိတ်ရောဂါခံစားရတာ၊ (ဂ) ရေရှည်ဆေးခြောက်သုံးစွဲသူတွေထဲမှာ စိတ်ကျရောဂါနဲ့ စိတ်ကစဉ့်ကလျားရောဂါဖြစ်ပွားမှုနှုန်း များပြားတာတို့ဖြစ်တယ်”

စာရေးသူ စကားဆုံးတော့ ဆေးကျောင်းသားတစ်ဦးက ကောက်ချက်ချပါတယ်။

“ဒီလိုဆိုရင် ပါတီပွဲတွေမှာ ကျွန်တော် ဆေးခြောက်မသုံးစွဲတော့ဘူး။ ဘီယာပဲသောက်တော့မယ်”

စာရေးသူက ပြုံးပြီးရှင်းပြပါတယ်။

“အရက်ကြောင့်လည်း စိတ္တဇရောဂါရရှိနိုင်တယ်နော်”

“ဟုတ်လား ဆရာ”

“တစ်ခါတရံ အရက်မူးတာကြောင့်တော့ လှုံ့ဆော်မှုမဲ့အာရုံမှားကို မခံစားရပါဘူး။ ဒါပေမဲ့ အရက်စွဲရောဂါကြောင့် ထပ်ဆင့်စိတ္တဇရောဂါတစ်မျိုး ရရှိနိုင်ပါတယ်။ “အရက်စွဲလှုံ့ဆော်မှုမဲ့အာရုံမှားရောဂါ” (Alcoholic Hallucinosis)လို့ ခေါ်ပါတယ်။ အရက်အလွန်အမင်းသောက်တတ်ရင် ၁၀နှစ်မှ နှစ် ၂၀အတွင်း ဒီရောဂါဖြစ်ပွားလာတတ်ပါတယ်။ အရက်စွဲရောဂါရှိသူတစ်ထောင်မှာ ၇ ယောက်နှုန်း ဖြစ်ပွားတာတွေ့ရှိရတယ်။ အရက်မူးနေချိန် ဒါမှမဟုတ် အရက်ပြတ်နေချိန်မှာ ဗြုန်းကနဲ နားထဲမှာ စကားပြောသံတွေကို လူနာကြားလာရတယ်။ သံသယစိတ်လွန်ကဲပြီး အလွန်မင်း ထိတ်လန့်ကြောက်ရွံ့နေတတ်တယ်”

ဆေးကျောင်းသားတစ်ယောက်က လက်ထောင်ပြပြီး မေးမြန်းပါတယ်။ “ကျွန်တော် နားမရှင်းဘူး ဆရာ။ ဒီရောဂါက အရက်ဖြတ်လက္ခဏာ (Alcohol withdrawal Symptom) လား”

စာရေးသူက ဆေးကျောင်းသားရဲ့မေးခွန်းကိုအ သိအမှတ်ပြုပြီး ဖြေကြားပေးတယ်။

“အရက်ဖြတ်လို့ဖြစ်ပေါ်တတ်တဲ့ ‘အရက်ဖြတ် ကယောင်ကတမ်းရောဂါ’ (Delirum Tremens)နဲ့ မတူပါဘူး။ အရက်ဖြတ်ကယောင်ကတမ်းရောဂါ (ဒီတီ)က အရက်ဖြတ်ပြီး တစ်ရက်နှစ်ရက်အတွင်း ဖြစ်ပေါ်လာတယ်။ လူနာက အချိန်၊ နေရာနဲ့ ပတ်ဝန်းကျင်ကို အမှန်အတိုင်း မသိရှိနိုင်ဖြစ်နေတယ်။ နားထဲမှာ အသံကြားတာအပြင် မျက်စိရှေ့မှာ မြင်ကွင်းအမျိုးမျိုးကိုမြင်ယောင်နေတယ်။ ခြေလက်ပေါ်မှာ ပိုးကောင်တွေ တွားသွားနေသလို ခံစားရတယ်၊ မြင်နေတယ်၊ ခြေလက်တုန်တုန်ယင်ယင်ဖြစ်ပြီး ချွေးထွက်များ ချွေးပြန်နေတယ်။ သွေးတိုးအတက်အကျ လျင်မြန်တတ်တယ်။ အခြေအနေဆိုးရင် တက်တာရှိတယ်။

ဒီတီရောဂါဟာ အရေးပေါ်ကုသရမယ့် ရောဂါဖြစ်တယ်။ အရက်ကြောင့်ဖြစ်ပွားတဲ့ စိတ္တဇရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ “အရက်စွဲ လှုံ့ဆော်မှုမဲ့ အာရုံမှားရောဂါ” မဟုတ်ပါဘူး။ အရက်စွဲလှုံ့ဆော်မှုမဲ့ အာရုံမှားရောဂါက အရက်စွဲသူတစ်ထောင်မှာ ၇ယောက်နှုန်းသာ ဖြစ်ပွားတတ်တော့ အခုအချိန်မှာ စိတ်ရောဂါကုသဆောင်ထဲမှာ ရှိမယ်မထင်ဘူး”

ဆေးကျောင်းသားတစ်ဦးက ကြားဖြတ်မေးပါတယ်။

“ဆရာ ဒီလိုလူနာမျိုးကို ကုသခဲ့ဖူးသလား”

နောက်ကြောင်းဘဝကို ပြန်လည်စဉ်းစားပြီး စာရေးသူက ခပ်လေးလေး အဖြေပေးပါတယ်။

“မြန်မာနိုင်ငံမှာ နေထိုင်ခဲ့စဉ်က ဆရာတွေ့ကြုံဖူးတဲ့ လူနာတစ်ယောက်ရှိပါတယ်။ လူနာက အသက် ၄၀ ကျော် အိမ်ထောင်ရှင်တစ်ယောက်ပါ။ သူအရက်အလွန်အကျွံသောက်တဲ့ အကျင့်ရှိနေတာ ၁၅နှစ်လောက်ရှိပြီ။ ဆေးရုံ မရောက်ခင် ၃-၄ ရက်လောက်က သူ့နားထဲမှာ ထူးဆန်းတဲ့အသံတွေ ကြားလာရတယ်။ ဒါပေမဲ့ အရက်ကို ဆက်လက်သောက်နေပါတယ်။ သူကြားနေတဲ့ စကားပြောသံတွေက- “ခင်ဗျား ထမင်းပန်းကန်ပြားထဲမှာ အဆိပ်ခတ်ထားတယ်။ ခင်ဗျားကို ရန်မူချင်တဲ့ လူတွေအိမ်ထဲမှာရှိနေတယ်”စတာတွေ ဖြစ်တယ်။ အဲဒီလို အသံတွေကြားနေရတာကို လူနာက ဘယ်သူ့ကိုမှ မပြောဘူး။

တစ်နေ့မှာ သူ့ဇနီးက ထမင်းပွဲပြင်ပြီးပြီလို့ ထမင်းစားဖို့ ခေါ်ပြောပေမယ့် လူနာက ထိုင်ရာကထမလာဘူး။ မှုန်ကုပ်ကုပ်လုပ်နေတယ်။ သူ့ဇနီးက နောက်တစ်ကြိမ်ထပ်ခေါ်တော့ လူနာက ‘နင်ငါ့ကိုသတ်ချင်လို့လား’လို့ မေးတယ်။ နောက်ပြီး ထမင်းပန်းကန်ပြားကို ရိုက်ခွဲပစ်လိုက်တယ်။ ဒီလိုနဲ့ ဆေးရုံရောက်လာတယ်ဆိုပါတော့။ ဆေးရုံက ဆင်းတော့ . . .

ဆေးရုံရောက်လာတဲ့တစ်နေ့မှာ သူ့ဇနီးက ထမင်းပွဲပြင်ပြီးပြီလို့ ထမင်းစားဖို့ ခေါ်ပြောပေမယ့် လူနာက ထိုင်ရာက ထမလာဘူး။ မှုန်ကုပ်ကုပ်လုပ်နေတယ်။ သူ့ဇနီးက နောက်တစ်ကြိမ် ထပ်ခေါ်တော့ လူနာက “နင် ငါ့ကိုသတ်ချင်လို့လား”လို့ မေးတယ်။ နောက်ပြီး ထမင်းပန်းကန်ပြားကို ရိုက်ခွဲပစ်လိုက်တယ်။ ဒီလိုနဲ့ ဆေးရုံရောက်လာတယ်ဆိုပါတော့။ ဆေးရုံကဆင်းတော့ လူနာက အရက်ပြန်မသောက်တော့ဘူး။ စိတ္တဇရောဂါကုသဆေးတစ်မျိုးကို သုံးလလောက်ကြာအောင် မှီဝဲရပါတယ်။ ရောဂါလုံးဝပျောက်ကင်းသွားတယ် ဆိုပါတော့”

စာရေးသူ စကားဆုံးတော့ ဆေးကျောင်းသားတစ်ဦးနဲ့ ဆေးကျောင်းသူတစ်ဦးက ပြိုင်တူလက်ထောင်ပြပြီး ပြောပါတယ်။

“ကျွန်တော်/ကျွန်မ လေ့လာထားတဲ့ လူနာကျန်သေးတယ်ဆရာ”

“ကောင်းပါတယ်။ ခဏအနားယူပြီး ဆက်လက်ဆွေးနွေးကြတာပေါ့”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top