Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၁၂) နားထဲမှာ အသံကြားရင်(၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး – အငြိမ်းစား)

သြစတြေးလျနိုင်ငံ၊ ဒါဝင်မြို့ဆေးရုံကြီးမှာ လာရောက်လေ့လာနေကြတဲ့ ဖလင်းဒါးတက္ကသိုလ်မှ ဆေးကျောင်းသားတွေကို စိတ်ကျန်းမာရေးဆေးပညာ သင်တန်းပို့ချစဉ်က ဖြစ်ပါတယ်။ အဲဒီနေ့က “လှုံ့ ဆော်မှုမဲ့ အာရုံမှားလက္ခဏာ (Hallucination)အကြောင်း သင်ကြားဖြစ်ပါတယ်။

“လှုံ့ဆော်မှုမဲ့အာရုံမှားဆိုတာ ဘာလဲ” လို့ ဆေးကျောင်းသားတစ်ဦးက မေးမြန်းပါတယ်။

စာရေးသူက ရှင်းပြဖို့ လိုအပ်လာပါတယ်။

” သာမန်အာရုံခံစားမှုဆိုတာ ခင်ဗျားတို့သိပြီး ဖြစ်ပါလိမ့်မယ်။ ပတ်ဝန်းကျင်နဲ့ထိတွေ့တဲ့အခါ ပတ်ဝန်းကျင်ကို သိရှိဖို့ ခန္ဓာကိုယ်မှာ အာရုံခံစားနိုင်တဲ့ အင်္ဂါစု(Sensory Organs)တွေ ရှိပါတယ်”
ကျောင်းသားတစ်ဦးက လက်ထောင်ပြပြီးလက် ဦးအောင် ဖြေဆိုပါတယ်။

“မျက်စိ၊ နား၊ နှာခေါင်း၊ အရေပြား၊ လျှာ စတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြောတာလား ဆရာ”
“မှန်ပါတယ်။ အာရုံငါးပါးကိုဆိုလိုတာပါ။ မျက်စိထဲကို အလင်းရောင်ခြည်ဝင်လာရင် အမြင်အာရုံ ကိုခံစားရတယ်။ အသံလှိုင်းတွေ နားထဲဝင်လာရင် အသံကြားရတယ်။ အနံအသက်နဲ့ဆိုင်တဲ့ မြူမှုန်တွေ နှာခေါင်းထဲ ရောက်လာရင် အနံ့ခံလို့ရတယ်။ ပစ္စည်း တစ်ခုခုကို အရေပြားကို ထိလာရင် ထိတွေ့မှုအာရုံ ခံစားရတယ်။ အစားအသောက်ထဲမှာပါရှိတဲ့ ဓာတ်ပစ္စည်းတွေက လျှာနဲ့ထိတွေ့တဲ့အခါ အရသာအမျိုး မျိုးခံစားရတယ်။ ဒါက သဘာဝဖြစ်စဉ်တွေပါ။ ဒါပေမဲ့ သဘာဝမကျတဲ့ အာရုံခံစားမှုတွေရှိတယ်ဗျ။ မြင်စရာမရှိဘဲနဲ့ အမြင်အာရုံရနေတာ၊ ကြားစရာအသံ လှိုင်းလှုံ့ဆော်မှုမရှိဘဲနဲ့အသံကြားနေရတာမျိုး ဖြစ်ပါတယ်။

ပြင်ပလှုံ့ဆော်မှုမရှိဘဲနဲ့ အမြင်အာရုံခံစားနေရ ရင် “လှုံ့ဆော်မှုမဲ့အမြင်အာရုံမှား”( Visual Hal­luci­nation)လို့ ခေါ်တယ်။ ဘယ်သူမှမကြားတဲ့ စ ကားပြောသံတွေကို ကြားရတယ်”

“ဆရာ ပြောသလိုဆိုရင် ကျွန်တော်လှုံ့ဆော်မှုမဲ့ အာရုံမှားခံစားရဖူးတယ်ဆရာ”

“ဟုတ်လား”

“ဟုတ်တယ် ဆရာ။ ကျွန်တော်ရဲ့ ငယ်ရည်းစားကို မနေ့ညက စဉ်းစားမိတော့ သူ့ပုံရိပ်ကို ထင် ထင်ရှားရှားမြင်ရပြီး သူပြောခဲ့တာတွေကို နားထဲမှာ ကြားသလိုပဲ ဆရာ”

ကျောင်းသားအားလုံးရဲ့ ရယ်မောသံ ရပ်သွားတော့ စာရေးသူက ရှင်းပြပါတယ်။

“အဲဒါက စိတ်ကူးဉာဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ အာရုံခံစားရမှုဖြစ်ပါတယ်။ ခင်ဗျားရဲ့ အသိစိတ်က လိုလိုချင်ချင်စဉ်းစားကြည့်လို့ အတိတ်က မှတ်Óဏ် ဟောင်းတွေ စိတ်ထဲမှာ ပြန်လည်ပေါ်ပေါက်လာတာပါ။ ဒါကြောင့် လှုံ့ဆော်မှုမဲ့ အာရုံမှားလို့ မခေါ်ဆို နိုင်ပါဘူး။ ထင်ရှားပြတ်သားတဲ့ စိတ်ကူးဉာဏ် (Vi­vid Imagination)သာ ဖြစ်ပါတယ်။

တခြားဆေးကျောင်းသူတစ်ဦးက ပါဝင်ဆွေးနွေးပါတယ်။

“စဉ်းစားတာ မဟုတ်ဘဲနဲ့ ကျွန်မနားထဲမှာ အသံကြားသလို တစ်ယောက်ယောက်ကို မြင်လိုက်ရသ လိုခံစားရတဲ့ အတွေ့အကြုံရှိတယ်ဆရာ။ အဲဒါ ဘာဖြစ်တာလဲ”

အကျဉ်းသားတွေ ထောင်ထဲမှာ တိုက်ပိတ်တာ ခံရရင် စိတ်ဖောက်လာတတ်တယ်လို့ ကျွန်တော်ကြားဖူးပါ တယ်။ တစ်ယောက်တည်း ထိုင်နေရင်း နားထဲမှာ အသံတွေကြားလာတာ၊ အခန်းထဲမှာ လူရိပ်လိုလို၊ မကောင်း ဆိုးရွားလိုလို မြင်လာတာမျိုးကိုပြောတာပါ။

စာရေးသူက သေချာအောင် ပြန်လည်မေးမြန်းပါတယ်။

“ဘယ်လိုအချိန်အခါ၊ ဘယ်လိုအခြေအနေမျိုးမှာ အဲဒီလိုခံစားရတာလဲ”
“ကျွန်မ အိပ်ရာဝင်စ၊ အိပ်မပျော်မီ အချိန်မှာပါ။ ကျွန်မနာမည်ကို တစ်ယောက်ယောက်က လှမ်းခေါ်လိုက်တဲ့အသံကြားရတယ်။ တစ်ခါတစ်ရံ ကျွန်မ ရှေ့မှာ လူတစ်ယောက် ဖြတ်လျှောက်သွားသလို မြင် လိုက်ရတယ်ဆရာ”
စိုးရိမ်စိတ်နဲ့ မေးမြန်းလာတဲ့ ဆေးကျောင်းသူကို စာရေးသူက ဖျောင်းဖျပြီး ရှင်းပြပါတယ်။

“ခင်ဗျားပြောတဲ့အတွေ့အကြုံမျိုးကို လှုံ့ဆော် မှုမဲ့အာရုံမှားခြင်းလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ စိတ် ရောဂါလက္ခဏာတစ်ခုတော့မဟုတ်ပါဘူး။ အိပ်ပျော်စ အိပ်မပျော်တပျော်အချိန်မှာ ဖြစ်တတ်တဲ့ လှုံ့ဆော် မှုမဲ့အာရုံမှားဖြစ်ပါတယ်။ ဆေးပညာမှာ “အိပ်ပျော်စ လှုံ့ဆော်မှုမဲ့အာရုံမှား” (Hypnogogic Hallucination)လို့ ခေါ်ပါတယ်။ တချို့ကတော့ အိပ်ရာနိုးစအချိန်မှာ တွေ့ကြုံခံစားရတယ်။ အိပ်မောကျနေရာက နိုးစပြုလာတဲ့ အချိန်ပိုင်းလေးအတွင်းမှာ ဖြစ်ပွားတာပါ။ ဆေးပညာမှာ “အိပ်ရာနိုးစလှုံ့ဆော်မှုမဲ့ အာရုံမှား” (Hypnogogic Hallucination)လို့ ခေါ်ပါတယ်။ လူထုထဲမှာ ၃၀ ရာခိုင်နှုန်းခန့် အိပ်ပျော်စ လှုံ့ဆော်မှုမဲ့အာရုံမှားအတွေ့အကြုံကို ခံစားရတယ်။ ၁၀ ရာခိုင်နှုန်းလောက်မှာ အိပ်ရာနိုးစလှုံ့ဆော်မှုမဲ့ အာရုံမှားအတွေ့အကြုံရှိပါတယ်။

ဒါပေမဲ့ အိပ်ပျော်စနဲ့ အိပ်ရာနိုးစလှုံ့ဆော်မှုမဲ့ အာရုံမှားကို အမြဲလိုလို ခံစားနေရရင် ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်တယ်။ ဥပမာ စိတ်ဖိစီးမှုများနေရင် ဖြစ်တတ်ပါတယ်။ နေ့လယ်နေ့ခင်းအချိန်မှာ ထိန်းမရအောင် မကြာခဏ အိပ်ပျော်သွားတတ်တဲ့ရောဂါဆိုတာရှိတယ်။ အအိပ်တက်ရောဂါ (Narcolepsy)လို့ ခေါ်ပါတယ်။ အဲဒီရောဂါရှိသူတွေမှာ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ လှုံ့ဆော်မှုမဲ့ အာရုံမှားလက္ခဏာကို ပိုမိုတွေ့ ရှိရတယ်။

စာရေးသူစကားဆုံးတော့ ဆေးကျောင်းသား တစ်ဦးက သူရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
“ကျွန်တော့်အဒေါ်ရဲ့ ခင်ပွန်းဟာ မတော်တဆ ကားတိုက်တာကြောင့် ဗြုန်းကနဲ သေဆုံးခဲ့ပါတယ်။ ကျွန်တော့်အဒေါ်က အလွန်အမင်းစိတ်ထိခိုက်ပြီး ယူကျုံးမရခံစားခဲ့ရတယ်။ မအိပ်နိုင်၊ မစားနိုင်ဖြစ်လာတယ်။ သူ့ခင်ပွန်းအိမ်ထဲမှာ ထိုင်နေတာ မြင်တယ်၊ သူ့ခင်ပွန်းက သူ့အနားကို လာပြီး စကားပြောနေတာ ကြားရတယ်လို့လည်း ပြောဆိုနေပါတယ်။ အဲဒါစိတ်ကူးဉာဏ်ကြောင့်လား၊ လှုံ့ဆော်မှုမဲ့ အာရုံမှားလား ဆရာ”

တခြားကျောင်းသားတစ်ယောက်က ဝင်ပြီး “နှောက်” ပါတယ်။

“တစ္ဆေခြောက်တာ ဖြစ်မှာပေါ့”
စာရေးသူက ဆေးပညာအမြင်ကို ရှင်းပြပါတယ်။
“သေဆုံးသူကို တမ်းတသတိရတဲ့ စိတ် လွန်ကဲနေရင် ဖြစ်တတ်ပါတယ်။ “ပူဆွေးသောက ဖြစ်ပွားခြင်း” (Grief Reaction)ရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ပူဆွေးသောကဝေဒနာမှာ စိတ်ညစ်ညူးခြင်း၊ သေဆုံးသူအကြောင်းကို အစဉ်အမြဲ စဉ်းစားတွေးတောနေခြင်း၊ စိတ်တိုလွယ်ခြင်း၊ အအိပ်ပျက် အစားပျက်ဖြစ်ခြင်း၊ အာရုံစူးစိုက်နိုင်မှု ချို့ယွင်းခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရှိရမယ်။ အာရုံခံစားမှု ချို့ယွင်းခြင်းနဲ့ပတ်သက်ပြီး နှစ်မျိုးတွေ့ရှိရတယ်။

ပထမအမျိုးအစားကို “အာရုံလွဲမှားခြင်း”၊ “ထင်ယောင်ထင်မှားဖြစ်ခြင်း” (Illusion)လို့ ခေါ်ပါတယ်။ ရေငတ်နေတဲ့ ရွှေသမင်က တံလှပ်ကို ရေထင်သလိုပေါ့။ ခင်ဗျားရဲ့ အဒေါ်က သူ့ခင်ပွန်းကို လွမ်းဆွတ် တမ်းတတဲ့စိတ်များနေတော့ ရေဒီယိုတီဗီထဲက စကားပြောသံကိုကြားရရင် သူ့ခင်ပွန်းရဲ့ စကားသံလို့ ထင် မြင်ယူဆနိုင်တာဖြစ်မယ်။ ကုလားထိုင်ပေါ်မှာ အရိပ် တစ်ခုခုကျတာ မြင်ရရင် သူ့ခင်ပွန်းထိုင်နေသလို ထင်ယောင်ထင်မှားဖြစ်နိုင်ပါတယ်။

ဒုတိယအမျိုးအစားကတော့ အမှန်တကယ်လှုံ့ ဆော်မှုမဲ့အာရုံမှားကို မြင်တာ၊ ကြားတာ ဖြစ်ပါတယ်။ ပူဆွေးသောကဝေဒနာ ခံစားရသူတွေထဲမှာ ၈၀ ရာခိုင်နှုန်းခန့် အဲဒီလို အတွေ့အကြုံမျိုးကို တွေ့ရှိရတယ်။ ရိုးရာယဉ်ကျေးမှုအစဉ်အလာ ကြီးမားသူတွေ မှာပိုမိုတွေ့ရှိရတယ်။ ဥပမာ သြစတြေးလျနိုင်ငံ ဌာ နေတိုင်းရင်းသားအဘိုရင်းဂျီးလူမျိုးတွေမှာ ဖြစ်တယ်။ သူတို့ထဲမှာ ဆွေမျိုးသားချင်းတစ်ဦးဦး သေဆုံးသွားလို့ လပေါင်းအတော်ကြာအောင် နားထဲမှာ စကားပြောသံကြားနေရသူအများအပြား တွေ့ရှိနိုင်ပါတယ်။ အဲဒီလက္ခဏာကို စိတ္တဇရောဂါ (Psychosis)လို့ မှားယွင်းပြီး ရောဂါသတ်မှတ်မိကြပါတယ်။ ဒါကြောင့် ခင်ဗျားရဲ့ အဒေါ်ဟာ တစ္ဆေခြောက်ခံရ တယ်လို့တော့ ဆရာမထင်ဘူး။ ပူဆွေးသောက ဝေဒနာပြင်းထန်နေချိန်မှာ လှုံ့ဆော်မှုမဲ့ အာရုံမှား လက္ခဏာခံစားရတာ ဖြစ်ပါလိမ့်မယ်”
စကားစပြတ်သွားတော့ ဆေးကျောင်းသားတစ် ဦးက သူ ကြားဖူးတဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြတယ်။

“အကျဉ်းသားတွေ ထောင်ထဲမှာ တိုက်ပိတ်တာခံရရင် စိတ်ဖောက်လာတတ်တယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ တစ်ယောက်တည်း ထိုင်နေရင်း နားထဲမှာ အသံတွေ ကြားလာတာ၊ အခန်းထဲမှာ လူ ရိပ်လိုလို၊ မကောင်းဆိုးရွားလိုလို မြင်လာတာမျိုးကို ပြောတာပါ။ အဲဒါ စိတ်ဖိစီးမှုကြောင့် ဖြစ်တာလား ဆရာ”
ရှင်းပြဖို့အချက်တစ်ခု ပေါ်ပေါက်လာပြန်ပါတယ်။

“အကျဉ်းထောင်ထဲမှာ ညှင်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ နောက်တစ် ချက်ရှိသေးတယ်။ ‘အာရုံခံစားမှုကင်းမဲ့ အခြေအနေ’ (Sensory Deprivation)ကြောင့်လည်း ဖြစ်နိုင်တယ်။ သုတေသနတစ်ခု ရှိပါတယ်။ စမ်းသပ်ခံရ သူကို ပတ်ဝန်းကျင်လှုံ့ဆော်မှုနည်းနိုင်သမျှ နည်းပါး တဲ့ အခန်းထဲမှာ နေစေပါတယ်။ အခန်းက မှောင်နေ တယ်။ အခန်းထဲမှာ ဘာသံမှ မကြားရဘူး။ အပူအ အေးမျှတတယ်။ အနံ့အသက် မရှိဘူး။ အဲဒီလို အ ခြေအနေကို အာရုံခံစားမှုကင်းမဲ့တဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ အခန်းထဲမှာ ၂၄ နာရီကျော် နေထိုင် ပြီးတဲ့အခါ စမ်းသပ်ခံသူရဲ့ စိတ်အခြေအနေပြောင်း လဲလာတာ တွေ့ရတယ်။ လှုံ့ဆော်မှုမဲ့ အာရုံတွေ ခံ စားလာရတာလည်း တွေ့ရှိရပါတယ်။ တိုက်ပိတ်ခံရတဲ့ အကျဉ်းသားဟာ အာရုံခံစားမှုကင်းမဲ့တဲ့ အခြေ အနေမှာနေရသလိုရှိပါတယ်။ ဒါကြောင့် စိတ်ဖောက် ပြန်လာနိုင်ပါတယ်”

“အခုအထိဆွေးနွေးခဲ့တာကတော့ စိတ္တဇရောဂါမရှိပေမယ့် နားထဲမှာ အသံကြားလာနိုင်တဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။ စိတ္တဇရောဂါမှာတွေ့ ရှိရတဲ့ နားထဲမှာအသံကြားတာက ပိုပြီး စိတ်ဝင်စား စရာကောင်းပါတယ်”

– ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top