Healthy Life Ad
Life Style

ခင်ပွန်းကို အရွဲ့တိုက်ရင်း အရက်စွဲသွားသူ

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

အသက် ၄၅ နှစ်အရွယ် မဆူဇန်ဟာအစာကို ကောင်းကောင်းမစားနိုင်တာ၊ အန်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ အစရှိတဲ့ ဝေဒနာတွေနဲ့ဆေးရုံကို ရောက်လာခဲ့ပါတယ်။

“အန်တယ်ဆိုတာက ဘာတွေစားလို့လဲ၊ အစာ တစ်ခုခုမှားလို့လား၊ အစာမစားဘဲနေလို့လား”လို့ ဆရာက မဆူဇန်ကို မေးကြည့်ခဲ့တဲ့အခါ-
“အစာမမှားပါဘူးဆရာ၊ အစာကိုတော့ အချိန်မှန်မှန် မစားဖြစ်ပါဘူး”လို့ မဆူဇန်က ဖြေပါတယ်။

“အစာကို အချိန်မှန်မှန် မစားဖြစ်ရင် အစာအိမ်အောင့်တာ၊ အန်တာတွေဖြစ်တတ်တာပေါ့၊ ဒါနဲ့ ခင်ဗျားကို ကြည့်ရတာ လက်တွေ တုန်နေသလိုပဲ၊ မျက်နှာကလည်းရဲပြီး ပွနေသလိုပဲ . . အရက်ကော သောက်တတ်သလား၊ ဆွေမျိုးသားချင်းတွေစုံတဲ့ အခါမျိုးမှာ ဘီယာလေး ဝိုင်လေးများ သောက်တတ် သလားပြောပြပါဦး”လို့ ဆရာက မေးကြည့်လိုက် တဲ့အခါ-
“ဟုတ်ပါတယ်ဆရာ၊ ကျွန်မပြီးခဲ့တဲ့ လတုန်းက အရက်သောက်တာ နည်းနည်းများသွားပါတယ်” လို့ မဆူဇန်က တိုးညှင်းစွာ ဖြေလိုက်ပေမယ့် ဆရာ အံ့အားသင့်သွားပါတယ်။

ကျွန်မ ခင်ပွန်းစားသောက်ဆိုင်သွားတော့ ကျွန်မလိုက်သွားဖြစ်တယ်၊ အဲဒီတုန်းက ကျွန်မခင်ပွန်းက အရက် သောက်ပေမယ့် ကျွန်မက မသောက်ဖြစ်သေးပါဘူး။ အဲဒီနေ့က ကာရာအိုကေဆိုတဲ့ ကောင်မလေးတစ်ယောက်ကို သူက ပန်းကုံးတက်စွပ်ပါလေရော။ ကျွန်မလည်း မကျေနပ်တာနဲ့ သူသောက်နေတဲ့ အရက်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်တယ်။ မူးလာတော့ သူ့ကိုရစ်တာပေါ့ ဆရာ၊ အဲဒီလို ရစ်ရင်းရစ်ရင်းမူးပြီး ရစ်ရတဲ့အရသာကို ကျွန်မ သိပ်ကြိုက်သွားတာ၊ အဲဒါနဲ့ နောက်ရက်တွေလည်း . . .

မဆူဇန်ကိုလိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှု တွေပြုလုပ်ခဲ့တဲ့အခါ အစာအိမ်ရောင်တာ၊ ခေါင်းကိုက်တာ၊ အန်တာ၊ လက်တုန်တာစတာတွေအပြင် အသည်းကိုလည်း ထိခိုက်နေပြီဆိုတာကိုလည်းတွေ့ ရှိရပါတယ်။

“ဆေးစစ်ချက်တွေအရဆိုရင် ဆေးရုံတက်ပြီး နားနေဖို့လိုတယ်၊ ဒီအချိန်က အရက်ဖြတ်ရင် အကောင်းဆုံးပဲ၊ အရက်ဖြတ်ရင်အရက်ပြတ်လို့ ပေါ်လာမယ့်ဝေဒနာတွေကို သက်သာအောင် အကောင်းဆုံး ကုပေးမယ်”လို့ ဆရာက တိုက်တွန်းရင်း ပြောလိုက်တဲ့အခါ မဆူဇန်ဟာ အမျိုးသား အရက်သောက်သူတွေထဲမှာတောင် သုံးပုံတစ်ပုံလောက်ကပဲပြောလေ့ရှိတဲ့စကားတစ်ခွန်းကို ပြောလာခဲ့ပါတယ်။

“အခုလောလောဆယ်တော့ ကျွန်မကို ခေါင်းကိုက်တာ သက်သာအောင်၊ အစာအိမ်အောင့်တာ မဖြစ်အောင်၊ မအန်အောင်နဲ့ အားပြန်ရှိလာအောင်ပဲ လုပ်ပေးပါဆရာ . . အရက်လုံးဝသောက်လို့ မရမယ့်ဆေးတော့မပေးပါနဲ့ဆရာ” လို့ သူကဆိုပါတယ်။

“အခုခံစားနေရတဲ့ ကျန်းမာရေးဝေဒနာတွေ သက်သာအောင်လည်း လုပ်ပေးပါမယ်၊ ပြီးတော့ အ ရက်ဖြတ်နိုင်အောင်လည်း ကူညီပံ့ပိုးပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအခြေအနေက အရက်ဖြတ်ရင် အကောင်းဆုံးအခြေအနေဖြစ်မယ်ထင်လို့ ဆရာ့ အနေနဲ့အကြံပေးတာပါ” လို့ဆရာကပြောလိုက်တော့…

“ဒီလိုဆိုရင် ဆရာရယ် . . ကျွန်မ ဒေါင်ဒေါင်မြည် နေကောင်းသွားရင် အရက်နည်းနည်းလောက် သောက်ချင်စိတ်ပေါ်လာတဲ့အခါ သောက်လို့မရဘူးလား၊ အခုလောလောဆယ်မှာတော့ အသည်းကိုတော် တော်လေးပြန်ကောင်းတဲ့အထိ ကုပေးပါဆရာ၊ အ က် လုံးဝသောက်လို့မရတဲ့ ဆေးတော့ မပေးပါနဲ့ နော်၊ ကျွန်မမနေနိုင်လို့ အရက်ပြန်သောက်မိရင် ဒုက္ခရောက်မှာစိုးလို့ပါ” လို့ မဆူဇန်က ပြောပါတယ်။
ဒါနဲ့ လောလောဆယ် ဝေဒနာတွေသက်သာစေဖို့နဲ့ အရက်ပြတ်လို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဝေဒနာတွေသက်သာစေဖို့ ဆေးရုံတင်ပြီး လိုအပ်တဲ့ ကုသမှုတွေ ပေးရပါတယ်။ အဲဒီလို ကုသမှုပေးရင်း မဆူဇန်ကို “ပြီးခဲ့တဲ့လမှာ အရက်ဘယ်လောက်အထိသောက်ခဲ့သလဲ”လို့ မေးကြည့်လိုက်တော့-

“မနက်ကနေညမိုးချုပ်အထိ အရက်နှစ်ပုလင်းခွဲ-သုံးပုလင်းလောက်တော့ အသာလေးကုန်တယ် ဆရာ၊ တစ်ပုလင်းဆိုတာ ပုလင်းအသေးမဟုတ်ဘူးနော် ဆရာ၊ တစ်လီတာဝင် ဝီစကီတစ်ပုလင်းကိုပြောတာပါ၊ ဒါပေမဲ့ ကျွန်မတစ်ယောက်တည်းသောက်တာတော့ မဟုတ်ပါဘူး။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူစုပြီးသောက်ကြတာပါ”လို့ ဆိုပါတယ်။

“သူငယ်ချင်းတွေက ယောကျာ်းလေးတွေလား”လို့ ဆရာက မေးကြည့်လိုက်တော့-

“မဟုတ်ဘူးဆရာ၊ ကျွန်မလိုပဲအမျိုးသမီးတွေပါပဲ၊ သူတို့နဲ့က မိတ်ဆွေရင်းချာတွေဆိုပေမယ့် တစ်နယ်စီဝေးနေတာကြာပြီ။ အခုမှပြန်ဆုံလို့ ကျွန်မတို့တွေ စုပြီးလည်ပတ်ရင်း လမ်းဘေးဆိုင်တွေမှာ ပေါပေါသီသီရောင်းနေတဲ့ အရက်တွေကို ဝယ်သောက်ဖြစ်ကြတာပါ၊ အရက်ကလည်း ဝယ်ရလွယ်တော့ ကုန်သွားတိုင်းကြုံရင်ကြုံသလို ဝယ်သောက်ဖြစ်နေတာပေါ့ဆရာ၊ လည်လိုက်၊ အရက်သောက်လိုက်ဆိုတော့ အမြည်းတောင်ကောင်းကောင်း မစားဖြစ်ပါဘူး။ သူတို့လည်း ပြန်တော့ ကျွန်မနေထိုင်မကောင်းဖြစ်ပြီး ပျို့အန်တာ၊ လက်တုန်တာ၊ စိတ်ဂနာ မငြိမ်ဖြစ်တာတွေဖြစ်လာတော့တာပါပဲ၊ ဒါကြောင့် ကျွန်မလာပြဖြစ်သွားတာပါဆရာ”လို့ မဆူဇန်က ပြောပါတယ်။ ဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်မိခင်ဖြစ်တဲ့ မဆူဇန်က သူအရက်စသောက်ဖြစ်ပုံကို အခုလိုပြောပြပါတယ်။

“ကျွန်မ ခင်ပွန်း စားသောက်ဆိုင်သွားတော့ ကျွန်မလိုက်သွားဖြစ်တယ်၊ အဲဒီတုန်းက ကျွန်မခင်ပွန်းက အရက်သောက်ပေမယ့် ကျွန်မက မသောက်ဖြစ်သေးပါဘူး။ အဲဒီနေ့က ကာရာအိုကေဆိုတဲ့ ကောင်မလေးတစ်ယောက်ကို သူက ပန်းကုံးတက်စွပ်ပါလေရော။ ကျွန်မလည်း မကျေနပ်တာနဲ့ သူ သောက်နေတဲ့အရက်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်တယ်။ မူးလာတော့ သူ့ကိုရစ်တာပေါ့ ဆရာ၊ အဲဒီလိုရစ်ရင်းရစ်ရင်းမူးပြီး ရစ်ရတဲ့အရသာကို ကျွန်မသိပ်ကြိုက်သွားတာ၊ အဲဒါနဲ့ နောက်ရက်တွေလည်း သူနဲ့ စားသောက်ဆိုင်လိုက်သွားပြီး ဘီယာတစ်ခွက်သောက်လိုက်၊ နှစ်ခွက်သောက်လိုက်နဲ့ နောက်ပိုင်း ဘီယာသုံးခွက်လောက်သောက်လိုက်ရမှကို နေသာထိုင်သာရှိသွားတော့တယ်။ အဲဒီလို ညနေတိုင်း သောက်ရင်းသောက်ရင်းနဲ့ မသောက်ရမနေနိုင်ဖြစ်လာတယ်။ နောက်ပိုင်းဘီယာတင်မကဘဲ အရက်မျိုးစုံပါ သောက်ဖြစ်လာတယ်။ အဲဒီလိုသောက်ဖြစ်တာ အခုဆို ၁၀ နှစ်လောက်ရှိခဲ့ပြီပေါ့ဆရာ၊ ပြီးခဲ့တဲ့လမှာတော့ အလွန်အကျွံသောက်မိရာက အခုလိုနေထိုင်မကောင်းဖြစ်ရတာပါပဲ”လို့ မဆူဇန်က ဖြစ် ကြောင်းကုန်စင် ရှင်းပြခဲ့ပါတယ်။

“အရက်ကို ဖြတ်နိုင်အောင် ကြိုးစားပါ၊ ဆယ် ကျော်သက်အရွယ် သမီးလေးမျက်နှာကို ထောက်ပြီး သမီးအတွက် စံပြအမျိုးသမီးတစ်ယောက်ဖြစ်အောင် ကြိုးစားသင့်ပါတယ်”လို့ ဆရာက အားပေးစကား ပြောရင်း မဆူဇန်ကို ဆေးရုံတင်ကာ လိုအပ်တဲ့ကုသ မှုတွေပေးနေပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ . . .

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top