Healthy Life Ad
Health Tips

တစ်ယောက်တည်းရှိစဉ် နှလုံးရောဂါ အမောဖောက်ခြင်း ခံစားနေရလျှင်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

နှလုံးရောဂါအမောဖောက်ခြင်း (Heart Attack) ရောဂါလက္ခဏာတွေ စတင်ခံစားနေရပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် အလေးထားပြီး ကြိုတင်ကာကွယ်ရပါမယ်။ တစ်ယောက်တည်းရှိနေချိန်မှာ နှလုံးရောဂါ အမောဖောက်တဲ့ဝေဒနာ လက္ခဏာတွေပေါ်လာရင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဖို့ အရေးကြီးပါတယ်။

နှလုံးရောဂါအမောဖောက်ခြင်း၏ လက္ခဏာများ

နှလုံးရောဂါအမောဖောက်တာရဲ့ သတိပေးလက္ခဏာတွေကို သိဖို့အရေးကြီးပါတယ်။ နှလုံးရောဂါအမောဖောက်တော့မယ်ဆိုရင် ပထမဆုံး နာရီပိုင်းအတွင်း စောစောစီးစီးသိရှိကာ ကုသမှုခံယူလိုက်ရင် နှလုံးထိခိုက်မှုလျော့ကျပြီး အသက်ရှင်နိုင်ပါတယ်။

(၁) အသက်ရှူမဝခြင်း

ရင်ဘတ်အောင့်တာ၊ ရင်ဘတ်နာတာမဖြစ်ခင် အသက်ရှူမဝတဲ့ဝေဒနာ စတင်ဖြစ်တတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းနည်းလုပ်လိုက်တဲ့အခါ ဒါမှမဟုတ် အနားယူတဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်။

(၂) ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်နာခြင်း

နှလုံးရောဂါအမောဖောက်ဝေဒနာအများစုက ရင်ဘတ်အလယ် ဒါမှမဟုတ် ရင်ဘတ်ရဲ့ဘယ်ဘက်ပိုင်းမှာ စတင်ပြီး မသက်မသာဝေဒနာ ဖြစ်တတ်ပါတယ်။ ဒီလိုမသက်မသာဝေဒနာက မိနစ်အနည်းငယ်ထက် ကျော်လွန်ပြီး ခံစားရတတ်ပါတယ်။

(၃) ခန္ဓာကိုယ်အပေါ်ပိုင်း မသက်မသာဝေဒနာဖြစ်ခြင်း

လက်မောင်းတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး၊ ပခုံးတွေ၊ နောက်ကျော၊ မေးရိုး၊ လည်ကုပ်နဲ့ ဝမ်းဗိုက်အပေါ်ပိုင်းတွေမှာ မသက်မသာဝေဒနာ ဒါမှမဟုတ် နာကျင်တဲ့ ဝေဒနာခံစားရတတ်ပါတယ်။

နှလုံးရောဂါ အမောဖောက်သော အခြားလက္ခဏာများ

– အကြောင်းပြချက်မရှိဘဲ မောပန်းနေခြင်း၊ အထူးသဖြင့် သင်က အမျိုးသမီးဖြစ်ရင်၊

– ချွေးစေးပြန်ပြီး အေးနေရင်၊

– အန်ရင်၊ ပျို့ချင်အန်ချင်စိတ်ပေါ်ရင်၊ ဗိုက်မအီမသာဖြစ်ရင်၊

– ရုတ်တရက်မူးဝေရင်၊ ခေါင်းမူးရင်

သင်လုပ်ဆောင်ရမည့် အချက်များ

နှလုံးရောဂါ အမောဖောက်ခြင်းမဖြစ်ခင် သင်လုပ်ဆောင်ရမယ့် အချက်တွေရှိပါတယ်။

(၁) အက်စ်ပရင်ဆေး မှီဝဲပါ

သင့်မှာ အက်စ်ပရင်ဆေးနဲ့ မတည့်တဲ့ ရာဇဝင်မရှိရင် နှလုံးရောဂါအမောဖောက်နေစဉ်အတွင်း အက်စ်ပရင်ဆေး မှီဝဲပါ။ ဒီနည်းက သွေးခဲကိုပျော်စေလို့ ဆေးရုံကို အချိန်မီရောက်နိုင်ပါတယ်။

(၂) လူနာတင်ယာဉ်ခေါ်ပါ

နီးစပ်ရာဆေးရုံကို အမြန်ဆုံးပို့ဆောင်ပေးမယ့် အရေးပေါ် လူနာတင်ယာဉ်ကိုခေါ်ပါ။

(၃) ကိုယ်အပူချိန်ကို အေးမြအောင်လုပ်ပါ

ဖြစ်နိုင်ရင် ချိုင်းနေရာ ဒါမှမဟုတ် လက်ကောက်ဝတ်နေရာမှာ ရေအေးဝတ်တင်ပါ။ ဒီနည်းက သက်သာစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top