Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၁၀) မှတ်ဉာဏ်ပျက်ပြားခြင်းအကြောင်း အပိုင်း(၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

ဘေးဒုက္ခတစ်ခုခုနဲ့ ကြုံကြိုက်ရပြီးတဲ့အခါ စိတ်ဖိစီးမှု ခံစားရတဲ့ အဖြစ်အပျက်ကို လူနာက မေ့ထားချင်ပါတယ်။ ဒီအကြောင်းကို မစဉ်းစားချင်ဘူး။ ဒီအဖြစ်အပျက် စိတ်ထဲမှာပေါ်လာရင် ရင်နာလွန်းတယ်။ ဒါကြောင့် လူနာရဲ့’မသိစိတ်’က မျက်လှည့်ပြတယ်။ အဲဒီအတွေးတွေ ‘အသိစိတ်’ထဲ ဝင်ရောက်မလာနိုင်အောင် တားဆီးပေးတယ်။

– ယခင်တစ်ပတ်မှအဆက်

ဒေါက်တာတွမ်က သူရဲ့လူနာပီတာကို စမ်းသပ်စစ်ဆေးပြီးတဲ့အခါ မှတ်ဉာဏ်ပျက်ပြားခြင်း ရောဂါအကြောင်းကို စာရေးသူနဲ့တိုင်ပင်ဆွေးနွေးပါတယ်။

“ပြီးခဲ့တဲ့ အပတ်က ပီတာကို ကျွန်တော် စမ်းသပ်စစ်ဆေးပါတယ်။ နောက်ပြီး “စိတ်ကြောင့် ဖြစ်ပွား မှတ်ဉာဏ်ပျက်ပြားရောဂါအကြောင်းကိုလည်း ဖတ်ရှုလေ့လာကြည့်ပါတယ်။ စိတ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ပျက်ပြားရောဂါနှစ်မျိုးရှိတယ်ဆရာ။ စိတ်ဖိစီးမှုဒဏ်ကို မခံစားနိုင်လို့ ဖြစ်ပွားလာတဲ့ရောဂါကို “ကင်းရှင်းခွဲခြား မှတ်ဉာဏ်ပျက်ပြားရောဂါ” (Dissociative Amnesia)လို့ ခေါ်တယ်။ ဒုတိယအမျိုး အစားကတော့ ရည်ရွယ်ချက်ထားရှိပြီး မှတ်ဉာဏ်ပျက်ပြားတယ်လို့ လိမ်ညာပြောတဲ့ “ဟန်ဆောင်ခြင်း” (Malingering) ဖြစ်ပါတယ်”
စာရေးသူက ကြားဖြတ်မေးတယ်။

“ပီတာရဲ့ ရောဂါက စိတ်ကြောင့် ဖြစ်တဲ့ မှတ်ဉာဏ်ပျက်ပြားရောဂါလို့ တွမ်ယူဆသလား”
ဒေါက်တာတွမ်က အချိန်ယူစဉ်းစားပြီး ကျယ်ကျယ်ပြန့်ပြန့် အဖြေပေးပါတယ်။
“ပီတာ ခံစားနေရတဲ့ ရောဂါက “ကင်းရှင်းခွဲ ခြားမှတ်ဉာဏ်ပျက်ပြားရောဂါ”လို့ ကျွန်တော်မထင်ပါဘူး။ ရှင်းပြပါမယ်။ “ကင်းရှင်းခွဲခြား မှတ်ဉာဏ် ပျက်ပြားရောဂါ”က ရပ်ကွက်လူစုထဲမှာ တစ်နှစ်အတွင်း တစ်ရာမှာ တစ်ယောက်နှုန်း ဖြစ်ပွားတတ်ပါတယ်။ စိတ်ရောဂါ လူနာတွေထဲမှာ ၁၀ ရာခိုင်နှုန်းအ ထိ စိတ်ကြောင့်ဖြစ်ပွား မှတ်Óဏ်ပျက်ပြား လက္ခဏာကိုတွေ့ရှိနိုင်ပါတယ်။ အမျိုးသမီးတွေထဲမှာ အမျိုးသားတွေထက် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုပါတယ်။ ငယ်စဉ်ကကာမဂုဏ်ကျူးလွန်စော်ကားခံရတဲ့ အမျိုးသမီးတွေမှာ ဒီလိုရောဂါ ဖြစ်ပွားနိုင်ခြေများတယ်။ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံလို့ ယုံကြည်လိုက်နာသူ တွေမှာ ပိုမိုတွေ့ရှိရတယ်။ အလွန်အမင်းကြောက်ရွံ့ ထိတ်လန့်စရာ အဖြစ်အပျက် ဒါမှမဟုတ် မခံရပ်နိုင်အောင် စိတ်သောကဝေဒနာဖြစ်ပေါ်စေတဲ့ အဖြစ်အပျက်နဲ့ ကြုံတွေ့ရရင် စတင်ဖြစ်ပွားတတ်ပါတယ် ဆရာ}}
စာရေးသူက မေးခွန်းထုတ်ပါတယ်။

“အမြင့်က မတော်တဆလိမ့်ကျတဲ့ အတွေ့အကြုံကြောင့် ပီတာမှာ “ကင်းရှင်းခွဲခြား မှတ်ဉာဏ်ပျက်ပြားရောဂါ မရရှိနိုင်ဘူးလား”
ဒေါက်တာတွမ်က စာရေးသူရဲ့မေးခွန်းကို သွက်သွက်လက်လက် ဖြေဆိုပါတယ်။

“အဲဒီလို ကျွန်တော်မယူဆဘူး ဆရာ။ ကင်းရှင်းခွဲခြား မှတ်ဉာဏ်ပျက်ပြားရောဂါအမျိုးမျိုး ရှိနိုင်ပါတယ်။ ပထမအမျိုးအစားက ဖိစီးမှုဒဏ်ခံစားရတဲ့ အဖြစ်အပျက်ကို ပြန်လည်မမှတ်မိတာ ဖြစ်ပါတယ်။ ကျွန်တော် တွေ့ဖူးတဲ့ အမျိုးသမီးလူနာတစ်ယောက်ကို နမူနာအဖြစ်ပြောပြပါမယ်။ လူနာအမျိုးသမီး အသက် ၁၀ နှစ်ပတ်ဝန်းကျင်မှာ အိမ်သားတစ်ဦးရဲ့ အဓမ္မကာမဂုဏ်ကျူးလွန်စော်ကားခြင်းကို ခံစားရပါတယ်။ အဲဒီအဖြစ်အပျက်အတွေ့အကြုံကြောင့် ကျွန်တော့် လူနာအမျိုးသမီးဟာ စိတ်ဖိစီးမှုဝေဒနာအမျိုးမျိုး ရရှိခံစားရတယ်။ သူရဲ့ ရောဂါလက္ခဏာတစ်ခုက သူစော်ကားခံရတဲ့ အချိန်ကာလပိုင်းကို မေ့နေတာ ဖြစ်ပါတယ်။ မိမိရဲ့ ဘဝတစ်ကွေ့ကို မသိရှိတော့တဲ့ “ကင်းရှင်းခွဲခြားမှတ် ဉာဏ်ပျက်ပြားရောဂါ” ဖြစ်ပါတယ်”

စာရေးသူက သဘောတူလက်ခံတဲ့ အမူအရာနဲ့ ခေါင်းညိတ်တော့ ဒေါက်တာတွမ်က ဆက်လက်ရှင်းပြပါတယ်။
“ဆေးပညာဂျာနယ်တစ်ခုထဲမှာ ကျွန်တော် ဖတ်လိုက်ရတဲ့ လူနာရဲ့ ကင်းရှင်းခွဲခြားမှတ်ဉာဏ် ပျက်ပြားရောဂါကတော့ ပိုမိုဆိုးရွားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ လူနာက အသက် ၃၀ အရွယ်၊ အိန္ဒိယ နိုင်ငံတောရွာတစ်ခုမှာ နေထိုင်ပါတယ်။ သူနဲ့ လက်ထပ်ဖို့ သဘောတူထားတဲ့အမျိုးသမီးက သူ့ကိုလက်မခံဘဲ တခြားယောကျာ်းတစ်ဦးနဲ့ ထွက်ပြေးသွားတယ်။ လူနာအကြီးအကျယ် အရှက်တကွဲ အကျိုးနည်း ခံစားရတယ်။ ရွာထဲမှာ မျက်နှာမပြဝံ့အောင် ဖြစ်နေတယ်။ နောက်တစ်နေ့မှာ လူနာရွာက ပျောက်သွားတယ်။ တခြားရွာတစ်ရွာမှာ ပြန်တွေ့တော့ လူနာက သူ့ကိုယ်သူ ဘယ်သူမှန်း မသိဘူး။ သူဘယ်မှာ နေထိုင်တယ်ဆိုတာလည်း မပြောနိုင်ဘူး။ သူ့မိ ဘဆွေမျိုးတွေရဲ့ နာမည်ကိုလည်း မမှတ်မိဘူး။ ဒါ ပေမဲ့ လူနာက ကယောင်ကတမ်းဖြစ်နေတာ မဟုတ်ဘူး။ သူ ရောက်ရှိနေတဲ့ရွာမှာ သာမန်လူတစ်ယောက်လို ပြုမူဆက်ဆံနိုင်တယ်။ လတ်တလော အဖြစ်အပျက်တွေကို မှတ်မိတယ်တဲ့”
စာရေးသူက ပြုံးပြပြီး မှတ်ချက်ချပါတယ်။

“ရုပ်ရှင်တွေထဲမှာ ဒီလိုဇာတ်လမ်းမျိုးကိုကြည့် ရှုရဖူးပါတယ်”
ဒေါက်တာတွမ်က ရယ်မောသံနဲ့ ဆက်ပြီး ပြောတယ်။

“ကျွန်တော်လည်း ကြည့်ဖူးပါတယ်။ ဒီလူနာကတော့ အမှန်တကယ် ဖြစ်ဖူးသူပါ။ ကျွန်တော်ရဲ့ လူနာ အမျိုးသမီးက ဘဝတကွေ့ကို မေ့တဲ့ရောဂါ။ ဒီလူနာကတော့ ဘဝတစ်ခုလုံးကို မေ့တဲ့ရောဂါပါ။ ကင်းရှင်းခွဲခြား မှတ်ဉာဏ်ပျက်ပြားရောဂါအတွက် ဥပမာတွေပါ ဆရာ”
စာရေးသူက ဒေါက်တာတွမ်ရဲ့ ဗဟုသုတကို ဆက်လက်စစ်ဆေးပါတယ်။

“စိတ်ဖိစီးမှုဒဏ် ခံရသူမှာ ဘာကြောင့် “ကင်း ရှင်းခွဲခြား မှတ်ဉာဏ်ပျက်ပြားရောဂါ” လက္ခဏာဖြစ် ပေါ်လာသလဲ”
ဒေါက်တာတွမ်က ဖြည်းဖြည်းနဲ့ ခပ်လေးလေး အဖြေပေးတယ်။

“အတိအကျ မသိရှိရပါဘူး ဆရာ။ ကျွန်တော် ဖတ်ရှုဖူးတဲ့ သီအိုရီတစ်ခုတော့ ရှိပါတယ်။ ဘေးဒုက္ခတစ်ခုခုနဲ့ ကြုံကြိုက်ရပြီးတဲ့အခါ စိတ်ဖိစီးမှုခံစားရတဲ့ အဖြစ်အပျက်ကို လူနာက မေ့ထားချင်ပါတယ်။ ဒီအကြောင်းကို မစဉ်းစားချင်ဘူး။ ဒီအဖြစ်အပျက် စိတ်ထဲမှာပေါ်လာရင် ရင်နာလွန်းတယ်။ ဒါကြောင့် လူနာ ရဲ့”မသိစိတ်”က မျက်လှည့်ပြတယ်။ အဲဒီအတွေးတွေ “အသိစိတ်”ထဲ ဝင်ရောက်မလာနိုင်အောင် တားဆီးပေးတယ်။ ရေအိုးထဲမှာ ရေရှိပေမယ့် ရေအပေါ် လျှံတက်မလာအောင် ရေအိုးအဖုံးကို ဖိနှိပ်ပိတ်ဆို့ထားသလိုပေါ့ ဆရာ”
စာရေးသူက ဖြည့်ဆည်းဆွေးနွေးပါတယ်။

“ဒါကြောင့် မှတ်ဉာဏ်မကောင်းဘူးလို့ ” ဟန်ဆောင်ပြောခြင်း” (Malingering)နဲ့ ကွာခြားချက် ရှိပါတယ်။ ဟန်ဆောင်ပြောခြင်းမှာ ကာယကံရှင်က မိမိ မှတ်မိတာကို ‘အသိစိတ်’နဲ့ ချုပ်ထိန်းထားပြီး လိမ်ပြောတာ ဖြစ်တယ်။ ဥပမာ-ရာဇဝတ်မှုကျူးလွန် သူက သူကျူးလွန်တဲ့ အမှုကို မမှတ်မိဘူးလို့ ပြောတာမျိုး၊ လျော်ကြေးတောင်းချင်လို့ မှတ်ဉာဏ်ချို့ ယွင်းမှုမရှိပေမယ့် မှတ်ဉာဏ်ပျက်ပြားရောဂါရှိတယ်လို့ လိမ်ညာပြောတာမျိုး ဖြစ်ပါတယ်။ တွမ်ရဲ့ လူနာပီတာက အာမခံလျော်ကြေးလိုချင်လို့ ဟန်ဆောင် ပြောနေတယ်လို့ ထင်သလား”

ဒေါက်တာတွမ်က အလျင်အမြန်ဖြေဆိုပါတယ်။

“အဲဒီလို မယူဆပါဘူး ဆရာ။ လိမ်ညာပြောတဲ့ ဟန်ဆောင်မှတ်ဉာဏ်ပျက်ပြားခြင်းကို အရင်ဆေး ပညာစာအုပ်တွေထဲမှာ “ဂင်ဆာစ်လက္ခဏာစု” (Ganser’s Syndrome) လို့ ခေါ်ပါတယ်။ လူနာက မေးခွန်းရဲ့အဖြေကို သိရှိတယ်ဆိုတာ ထင်ရှားနေပေမယ့် မှားအောင်လွှဲပြီး ဖြေဆိုပါတယ်။ ဥပမာ-နွား တစ်ကောင်မှာ ခြေထောက်ပေါင်း ဘယ်လောက်ရှိသလဲလို့မေးရင် “သုံးချောင်း”ရှိတယ်လို့ ဖြေမယ်။ မိုးကောင်းကင်က ဘာအရောင်လဲလို့မေးရင် “အစိမ်းရောင်”လို့ ဖြေကြားတာမျိုး ဖြစ်ပါတယ်။ ပီတာမှာ ဟန်ဆောင်မှတ်ဉာဏ်ပျက်ပြားလက္ခဏာ မရှိပါဘူး။ ဒီလိုဆိုရင် အမြင့်က လိမ့်ကျတဲ့အချိန်ကာလမှာ ခံစားရတဲ့ ကြောက်ရွံ့ထိတ်လန့်စိတ်ကြောင့် “ကင်းရှင်းခွဲခြားမှတ်ဉာဏ်ပျက်ပြားရောဂါ”ရရှိတာလား. . အဲဒီလိုလည်း ကျွန်တော် မယူဆပါဘူး ဆရာ”

“ဘာကြောင့်လဲ”လို့ စာရေးသူက ကြားဖြတ်မေးပါတယ်။

ဒေါက်တာတွမ်က အဓိက အချက်ကို ပြောပြပါတယ်။ “စိတ်ကြောင့် ဖြစ်ပွားတဲ့ ‘ကင်းရှင်း ခွဲခြား မှတ်ဉာဏ်ပျက်ပြားရောဂါ’မှာ အတိတ်ကို မေ့နေတဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်း”ရှိပါတယ်။ ပီတာ ခံစားနေရတဲ့ မှတ်ဉာဏ်ပျက်ပြားရောဂါမှာတော့ လတ်တလော အဖြစ်အပျက်တွေကို မေ့တတ်တဲ့ “ရှေ့ဖြစ်မှတ် ဉာဏ်ပျက်ပြားခြင်း’လက္ခဏာရှိပါတယ်။ အဲဒီလို ကွဲပြားပါတယ် ဆရာ။ “မှတ်ဉာဏ်စစ်ဆေးလွှာ”(Memory Scale)ကို အသုံးပြုပြီး ပီတာကို ကျွန်တော် စစ်ဆေးပါတယ်။ မှတ်ဉာဏ်အသစ်ကို မှတ်မိဖို့ အခက်အခဲရှိတာကို တွေ့ရှိရတယ်။ ဒါကြောင့် သူ့လုပ်ငန်းခွင်မှာ အရင်ကလို မလုပ်ကိုင်နိုင်တော့ဘဲ စွမ်း ရည်ကျဆင်းလာတာဖြစ်ပါတယ်။ ဒါကြောင့် ပီတာရဲ့ ရောဂါဟာ “ရုပ်ကြောင့်ဖြစ်ပွား မှတ်ဉာဏ်ပျက်ပြား ရောဂါ”(Organic Amnesia)လို့ ကျွန်တော် ယူဆပါတယ်”

စာရေးသူက ဒေါက်တာတွမ်ကို အားပေးစကားပြောပြီး ဆက်လက်ညွှန်ကြားပေးပါတယ်။

“အခုအထိ တွမ်ဆွေးနွေးခဲ့တာတွေက ပြည့်စုံပါတယ်။ ပီတာရဲ့ ရောဂါအကြောင်း စာတမ်းရေးတဲ့အခါ ရုပ်ကြောင့်ဖြစ်ပွား မှတ်ဉာဏ်ပျက်ပြားရောဂါကို ဖြစ်စေနိုင်တဲ့ အချက်အလက်တွေကို ထည့်သွင်းရေး သားဖို့တော့ လိုလိမ့်မယ်”

“ဟုတ်ကဲ့ပါ ဆရာ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top